လျန်တရှုသည် ရေခွက်ကိုစိုက်ကြည့်ပြီးနောက် အနံ့ခံကာ သောက်ကြည့်သည်။ ထို့နောက် ယွမ်ထန်ရှင်းကို လှည့်ပြောသည်။ “ရေထဲမှာ ထူးခြားတဲ့အစွမ်းတစ်ခုပါတယ်။ ငါ့အစွမ်းနဲ့တူတာမျိုးလို့ ငါခံစားမိတော့ ဒါကကုသရေးအစွမ်း ဖြစ်လိမ့်မယ်။ ဒါပင်မယ့် ဒီရေကစွမ်းအားက ငါ့အစွမ်းနဲ့ လုံးဝကြီးတော့ မတူဘူး။ ငါ့ထပ်ပိုတာတွေများတယ်။ ယွမ်လူကြီးမင်းပြောတာ အမှန်ပဲ။ ဒီရေက ကန့်သတ်ချက်ရှိတယ်” သက်ပြင်းချကာ ခွက်ကိုပြန်ချလိုက်သည်။
“ဒါကသောက်တဲ့သူက စွမ်းအားကို ဘယ်လောက်စုပ်ယူထားနိုင်သလဲ ဆိုတာပေါ်မှာပဲ မူတည်တယ်။ သတ်မှတ်ချက်ကိုရောက်သွားရင် လူ့ကိုယ်ကထပ်ပြီးတော့ ဒီရေထဲကအစွမ်းကို မစုပ်ယူနိုင်တော့ဘူး။ ပြီးတော့လည်း ပိုသွားတဲ့အစွမ်းတွေက လျှံထွက်ပြီး ပျောက်ကုန်မှာ” သူက ဆက်ပြောပြသည်။
ရှောင်ယွင့်လုံသည် သူ့ကိုကြည့်ကာ စိတ်ညစ်သွားပုံပေါ်သည်။
ယွမ်ထန်ရှင်းသည် ခေါင်းငြိမ့်ကာ “ဒါအမှန်ပဲ။ ဒါပင်မယ့် ရေရဲ့အစွမ်းက အခုမှစပြနေရုံထင်တယ်။ ငါတို့စောင့်ကြည့်ရမှာပဲ။ ငါတို့ခေါင်းဆောင်ဝူဆီကို လာကြည့်လို့ရမလား?”
“ရတာပေါ့!” ရှောင်ယွင့်လုံသည် ချက်ချင်းခေါင်းငြိမ့်သည်။
ဝူချန်းယွဲ့သည် ကုတင်ဘေးတွင်ထိုင်ကာ လျန်လျန်ကို ကြည့်နေသည်။ မိုလီက သာမိုမီတာမှ နံပတ်များကိုကြည့်ကာ ပြောသည်။ “အပူချိန် ထပ်ကျသွားပြန်ပြီ ၅၇.၁ဖြစ်သွားပြီ”
ဝူချန်းယွဲ့သည် လျန်လျန်နဖူးကိုထိသည့်အခါ ပူနေဆဲဖြစ်၍ ပြောသည်။ “ဒါပင်မယ့် စိတ်က သိပ်မရှင်းသေးဘူး!”
မိုလီသည် ရုပ်သေကြီးဖြင့် ရှင်းပြသည်။ “ခေါင်းဆောင် အပူချိန် နည်းနည်းကျသွားတယ်။ အပူချိန်က တိုးမလာသ၍ လျန်လျန်ရဲ့ အခြေအနေက ကောင်းလာတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ အစွမ်းနိုးဖို့ဖြစ်နေတာထက် ဒီလိုကိုမာမဝင်သေးတဲ့ အခြေအနေက ပိုကောင်းတာပေါ့။ အကောင်းမြင်စမ်းပါ။ လျန်လျန်အတွက် နည်းတစ်ခုခုတွေ့မှာပါ”
ဝူချန်းယွဲ့သည် သူမက သူ့ကိုစိတ်သက်သာအောင် ပြောပေးနေကာ လျန်လျန်၏ အခုခြေအနေသည် မဆိုးတော့တာကို သိသည်။ သူမ၏အစွမ်းများ စနိုးလာသည်က ကြာပြီဖြစ်သော်လည်း ဒီမှော်ဆန်သည့်တားခြင်းသာ မဖြစ်နေပါက ကိုမာဖြစ်သွားမှာ ဖြစ်ပြီး ဘယ်အချိန်မှ နိုးလာမလဲ ဆိုသည်ကို ဘယ်သူကမှ သိမှာမဟုတ်ပေ။
အခုတော့ ဝူချန်းယွဲ့သည် အရမ်းကြောက်နေသည်။ လျန်လျန်၏ အခြေအနေသည် ထပ်ပြောင်းသွားမှာကို သူစိုးရိမ်နေတာ ဖြစ်သည်။ အထဲကစွမ်းအားများကသာ သူမ၏အစွမ်းကို နှိုးဆပေးနေပါက သူမတွင် ရှင်သန်ဖို့ အခွင့်အရေးမရှိနိုင်ပေ။
ဝူချန်းယွဲ့သည် ကုတင်ဘေးကခုံတွင်ထိုင်ရင်း လျန်လျန်၏လက်ကိုကိုင်ကာ နောက်တစ်ဖက်က သူမ၏ဆံမြိတ်လေးကို သပ်ပေးနေသည်။ “လျန်လျန် ဖေဖေ့ကိုကြည့်။ ဗိုက်ဆာနေပြီလား? ဘာစားချင်လဲ?” လျန်လျန်ကို နိုးကြားနေစေရန် စကားပြောသည်။
ကလေးမလေးသည် သူ့ကိုတစ်ချက်ကြည့်သော်လည်း ခေါင်းငြိမ့် ခေါင်းခါလုပ်မပြဘဲ နားမလည်သို ဖြစ်နေသည်။ ထို့နောက် မျက်နှာကျက်ကို အကြည့်များရောက်သွားကာ မျက်လုံးများက တည်ငြိမ်စွာ ကြည့်နေခြင်း မရှိတော့ပေ။
ဝူချန်းယွဲ့သည် စားပွဲပေါ်တွင် ဝူယွဲ့လင်းတင်ထားသည့် မြက်ပုစဉ်းကို သတိရသွား၍ သွားယူလာသည်။ “လျန်လျန် ဒီကိုကြည့် သမီးကြိုက်တဲ့ ပုစဉ်းလေး။ သမီးမယူ၇င် ဖေဖေက ဖွက်ထားတော့မှာ” မြက်ပုစဉ်းရုပ်ကို သူမ၏မျက်လုံးရှေ့တွင်ထားကာ စနောက်သည့်အသံဖြင့် ပြောသည်။
လျန်လျန်က မတုံ့ပြန်ဘူးဟု သူထင်သော်လည်း အံ့သြစရာဖြစ်သွားသည်။ ကလေးမလေးသည် မျက်နှာကျက်ကို မကြည့်တော့ဘဲ အရုပ်ကိုကြည့်လာသည်။ ထိုအခါ ဝူချန်းယွဲ့သည် သူမကိုအံ့သြစွာကြည့်ကာ ပြောသည်။ “လျန်လျန် ဒါကိုမှတ်မိလား?”
လျန်လျန်သည် မြက်ပုစဉ်းကိုကြည့်နေကာ ဘာမှမဖြေပေ။ ဝူချန်းယွဲ့သည် မြက်ပုစဉ်းကို ရွေ့လိုက်သည့်အခါ လျန်လျန်၏ မျက်လုံးများက အရုပ်ကိုလိုက်ကြည့်သည်။
“လျန်လျန် ဒါကိုလိုချင်လား?” သူမေးသည်။ “လိုချင်ရင် ခေါင်းငြိမ့်။ ဒါဆိုရင် ဖေဖေက ပေးမယ် ဟုတ်ပြီလား?”
ဝူချန်းယွဲ့သည် သူ့သမီး၏ဦးနှောက်က သူ့စကားများကို လက်ခံကြားနိုင်သေးသလား သိချင်သည်။
လျန်လျန်သည် သူဖြစ်ချင်သလို ခေါင်းမငြိမ့်ပြပေ။ သို့သော်လည်း မြက်ပုစဉ်းရုပ်ကို လိုက်ကြည့်နေဆဲပင်။
ဘေးကမိုလီသည် အံ့သြသွားကာ ထရပ်သည်။ သို့သော်လည်း မျက်နှာသည် အံ့သြနေပုံမရှိပေ။ “ဒါမြက်ပုစဉ်းက လျန်လျန်အတွက် အရမ်းအရေးကြီးတာ ဖြစ်မယ်။ မဟုတ်ရင် ဒါကိုမှတ်မိမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ သူ့စိတ်က ရှင်းနေတာ မဟုတ်သေးဘူး”
ဝူချန်းယွဲ့သည် မြက်ပုစဉ်းအား လျန်လျန်လက်ပေါ်ထားပေးကာ “ဒါကိုသူတကယ်ချစ်တာ။ တစ်ချိန်လုံး ရတနာလေးလိုမျိုး မြင်နေတာ”
မကြာခင်တွင် ရှောင်ယွင့်လုံသည် လျန်တရှုနှင့် ယွမ်ထန်ရှင်းတို့နှင့်အတူ ပြန်လာသည်။ “လျန်လျန် ဘယ်လိုလဲ? သက်သာလား?” ဝင်ဝင်ခြင်း အခြေအနေကို တန်းမေးသည်။
“တွေ့ရတာ ဝမ်းသာပါတယ် ခေါင်းဆောင်ဝူ။ မဖိတ်ဘဲ လာမိတာ အားနာပါတယ်။ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်” ယွမ်ထန်ရှင်းက ဝူချန်းယွဲ့ကို နှုတ်ဆက်သည်။ ယဉ်ကျေးမှုထား၍ ယွမ်ထန်ရှင်းသည် တူယွမ်ရှင်းကို အခန်းထဲသို့ ခေါ်မလာကာ အပြင်တွင် တခြားသူများဖြင့် ထားခဲ့သည်။
သူ့ကိုမြင်သည့်အခါ ဝူချန်းယွဲ့သည် ချက်ချင်းထကာ “ရပါတယ် ကျေးဇူးမတင်ရသေးဘူး။ မင်းရဲ့ရေက လျန်လျန်အတွက် အကျိုးရှိပုံပဲ။ အကူအညီထပ်တောင်းလို့ ရသေးမလား”
“လျန်လျန်ကို ကြည့်လို့ရမလား? အမှန်တိုင်းပြောရရင် ရေရဲ့အာနိသင်ကို ကျွန်တော်လည်း သေချာမသိဘူး။ ကူညီနိုင်တယ်ဆိုရင်ပဲ တကယ်အံ့သြစရာပါပဲ” ယွမ်ထန်ရှင်းက ပြောသည်။
“အင်း!” ဝူချန်းယွဲ့က ပြောသည်။ “ဒါပင်မယ့် လျန်လျန်ရဲ့ အခြေအနေက မပြောတက်သေးဘူး”
“အင်းပေါ့!” ယွမ်ထန်ရှင်းသည် ခေါင်းငြိမ့်ကာ ကုတင်ဘေးသို့လာ၍ ဆရာဝန်လျန်က လျန်လျန်အား စစ်ဆေးနေသည်ကို ကြည့်သည်။
“ဘယ်လိုနေလဲ?” သူမေးသည်။
ဆရာဝန်လျန်သည် လျန်လျန်၏ လက်ထဲတွင် ဆုပ်ကိုင်ထားသည့် မြက်ပုစဉ်းကို ကြည့်သည်။ မြက်ပုစဉ်းကို ထိဖို့လုပ်သည့်အခါ လျန်လျန်၏ မျက်လုံးများက အနည်းငယ်ပြောင်းသွားသည်ကို သူမြင်လိုက်ရသည်။
နောက်သို့ဆုတ်ကာ ပြောသည်။ “ငါတို့ထွက်လာတည်းက အပူချိန်က ကျနေတာပဲ။ ကိုမာဖြစ်လုနီးပါး ဖြစ်နေတုန်းပဲဆိုပင်မယ့် လက်ထဲကဟာကို အရမ်းဂရုစိုက်နေသလိုပဲ။ ဘယ်ကရတာများလဲ?”
“ဒါက အင်း. . .သူ့ကိုပေးထားတဲ့သူရှိလို့ပါ” ရှောင်ယွင့်လုံက ပြောသည်။ “လျန်လျန်က ဒါကိုတကယ်ချစ်တာ။ ပုံမှန်ဆိုရင် ဒါကိုလက်ထဲကနေကို လွှတ်မပေးတာ”
ဆရာဝန်သည် ခနတွေးပြီးနောက် ဆက်ပြောသည်။ “သိသာတဲ့ပြောင်းလဲမှုမျိုးတော့ မတွေ့ရသေးဘူး။ အပူချိန်က ဖြည်းဖြည်းချင်းကျနေတာမလို့ သူကပိုကောင်းလာတော့မှာပါ။ ပြဿနာက လုံးဝနိုးမလာနိုင်သေးတာပဲ။ ခုနက အရုပ်အပေါ်က တုံ့ပြန်မှုအရဆိုရင် ဒါကိုတကယ်ဂရုစိုက်ပုံပဲ။ ဒါပင်မယ့်လည်း ဒါကအံ့သြစရာ အကောင်းဆုံး တုံ့ပြန်မှုပဲ”
ဆရာဝန်၏စကားများသည် ဝူချန်းယွဲ့၏ မျက်နှာထားတင်းနေခြင်းကို ပျော့မသွားစေသော်လည်း အရင်ကလောက် စိတ်မကောင်းမဖြစ်တော့ပေ။ ရှောင်ယွင့်လုံသည် ဆရာဝန်အား မေးသည်။ “ဒါဘာသဘောလဲ? ငါတို့သူ့ကို ဆက်စောင့်ကြည့်နေသင့်သေးလား?”
ဆရာဝန်က ခေါင်းငြိမ့်ပြသည်။
လင်းချင်း၏ နယ်မြေထဲတွင်တော့ လင်းချင်းမရှိပေ။ ခုံတစ်ချို့ပေါ်တွင် ထိုင်နေသည့်သူ အချို့ရှိသော်လည်း သွက်လက်သူအချို့မှာ ကြာကြာထိုင်မနေနိုင်ပေ။
လင်းဝမ်ဝမ်သည် ခူးလာသည့်စတော်ဘယ်ရီသီးများကို ကန်ဘေးက ရေပုံးကြီးနားတွင် ဆေးနေသည်။ သူမသည် တစ်ဖက်တွင် ရေပုံးနောက်ထပ်နှစ်ခုတွေ့သော်လည်း အနားတော့မသွားရဲပေ။ အဘယ်ကြောင့်ဆိုသော် ဇွန်ဘီနှစ်ကောင်ကို ထိုနှစ်ပုံးထဲတွင် ရေစိမ်ထားသည်ကို သူမမြင်သောကြောင့်ဖြစ်သည်။
ဆေးပြီးသည့်နောက် ဆိုဖာနားသို့ ပြန်လာသည်။ စားပွဲပေါ်တွင်ချပေးကာ “ဒါက လုမိန်းကလေးနယ်မြေကဟာတွေ။ စားလို့ရတာမလို့ စားကြပါ”
ဒီလိုပြောပြီးနောက် သူမသည် တစ်လုံးယူစားသည်။ သူမတို့သည် အရင်က ဒီစတော်ဘယ်ရီသီးများကို စားဖူးကြသဖြင့် ဇွန်ဘီအဖြစ်ပြောင်းမည်ကို မကြောက်ကြတော့ပေ။