May Honey Logo May Honey
Previous Next

၂၇၀။ ချူးလီလီပြန်လာပြီ

လင်းချင်းသည် သူမကိုတစ်ချက်ကြည့်ကာ ဘာမှမပြောတော့ဘဲ နယ်မြေထဲက ထွက်လာသည်။ ထို့နောက် အမိုးပေါ်မှ ခုန်ချလိုက်သည်။ 

လှောင်ချိုင့်ကြီးနှင့် အထဲကလိပ်ကြီးများသည်လည်း အခုဆိုရင် ရေခဲရုပ်များ ဖြစ်ကုန်သည်။ ဟိုတယ်အဆောက်အဦးကြီးသည် မြေကြီးပေါ်တွင်ချထားသည့် ရေခဲတုံးကြီးဖြင့်ပဲ တူနေတော့သည်။ ရွေးချယ်စရာမရှိတော့သဖြင့် လင်းချင်းသည် သူမ၏နယ်မြေထဲမှာသာ သူတို့ကို ခနတဖြုတ်နေခိုင်းရတော့မည်။ ယန်ကျင်းဟွာက ပြန်လာမည် မလာမည်က မသေချာသောကြောင့် သတိထားရတာက မမှားပေ။

သူမသည် နောက်ဟိုတယ်တစ်လုံးကို ထပ်ရှာလိုက်သည်။ အရင်ဟာလောက်တော့ မခမ်းနားဘဲ ခြောက်လွှာပဲရှိကာ အခန်းတွေက သိပ်မများပေ။ လင်းချင်းသည် နယ်မြေထဲသို့ဝင်ကာ လူစုဆီသို့ လျှောက်သွားသည်။

သူမကိုမြင်သည့်အခါ စကားပြောနေခြင်းကိုရပ်လိုက်ကာ သူမကို ကြည့်မေးသည်။   “ဘာဖြစ်လို့လဲ? ခုနက အပြင်ထွက်သွားတာ ငါတို့မြင်တယ်။ အပြင်မှာ အခြေအနေဘယ်လိုရှိလဲ?”

“ယန်ကျင်းဟွာက ထွက်သွားပြီ”   လင်းချင်းက ပြောသည်။   “ငါတို့နေတဲ့ အဆောက်အဦးကတော့ လုံးဝကို ခဲသွားပြီ။ အဲ့ဒါကြောင့် ငါနောက်နေရာတစ်ခု ရှာထားပေးတယ်”

“ငါတို့အခုထွက်ရပြီလား? ယန်ကျင်းဟွာက သွားပြီလား?”   လင်းဖန်က သူမကိုကြည့်ကာ မေးသည်။

“သူသွားပြီ”   လင်းချင်းက ဖြေသည်။

လင်းဖန်က ခေါင်းငြိမ့်ကာ   “ဒါဆိုရင် ငါတို့အခုထွက်လို့ရပါပြီ။ နင့်နယ်မြေကို ဝင်နေရမိတာ တကယ့်ကို အားနာပါတယ်”

“အချင်းချင်းကိုင်ထားကြ။ တစ်ခါတည်းနဲ့ အကုန်လုံးကို အပြင်ထုတ်ပေးမလို့”   လင်းချင်းက ပြောသည်။

လင်းဖန်တို့သည် အံ့သြသွားသည်။ သူတို့သည် နှစ်စုခွဲကာ အချင်းချင်းလက်ကိုင်ထားကြသည်။ ပထမတစ်စုသည် လင်းမိသားစုဖြစ်ပြီး နောက်တစ်စုသည် လုံချင်းယင်တို့နှင့် လီကျန်းတို့ဖြစ်သည်။

လင်းချင်းသည် လုံချင်းယင်၏ပုခုံးကို လက်တစ်ဖက်ဖြင့်ထိကာ ‘ထွက်’ဟု စိတ်ထဲက ပြောလိုကသည်။ ထို့နောက် သူမသည် လင်းဖန်တို့ရှေ့တွင် ပျောက်သွားကာ ဟိုတယ်အသစ်၏ ဧည့်ကြိုခန်းတွင် အကုန်လုံးနှင့်ပေါ်လာသည်။

“တခြားသူတွေကို သွားခေါ်လိုက်ဦးမယ်”   လင်းချင်းသည် လုံချင်းယင်၏ ပုခုံးပေါ်မှ လက်ကိုဖယ်ကာ ပြောသည်။ ထို့နောက် နယ်မြေထဲသို့ဝင်ကာ တခြားသူများကို ခေါ်လာသည်။

“လူနှစ်ယောက်ထပ်ပိုပြီးတော့ ခေါ်နိုင်နေပြီလား?”   လင်းဖန်က မေးသည်။

လင်းချင်းသည် ခေါင်းငြိမ့်ကာ လီကျန်းတို့ကို ညွှန်ပြရင်း   “သူတို့ကျေးဇူးနဲ့။ သူတို့ကြောင့် လူတွေကို ဒီလိုခေါ်လိုက်ထုတ်လိုက် လုပ်ရမှန်းသိတာ။ အစက ဒါမျိုးကို မတွေးခဲ့မိဘူး”

လီကျန်းသည် လင်းချင်းကို ကြည့်ကာ   “ငါတို့ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဇွန်ဘီတစ်ကောင်ဆီက အကယ်ခံရလိမ့်မယ်လို့ ငါတို့တစ်ခါမှတောင် ယောင်လို့မတွေးမိဘူး”

လင်းချင်းသည် ခေါင်းငြိမ့်ပြသည်။

“ဒီနေရာက ဘယ်မှာလဲ?”   လင်းဟောင်သည် ပတ်ဝန်းကျင်ကို ကြည့်ကာ မေးသည်။

“ဒါကငါတို့အရင်နေတဲ့ ဟိုတယ်နားက ဟိုတယ်လေးတစ်ခုပဲ”   လင်းချင်းက ပြောသည်။

လင်းဟောင်သည် ခေါင်းငြိမ့်ကာ လင်းဖန်အား   “အပေါ်ထပ်တက်ပြီး အခန်းတွေကို ကြည့်ကြမလား?”

လင်းဖန်သည် ခေါင်းငြိမ့်ကာ   “အင်း။ အမေ့အတွက် သန့်တဲ့အခန်း အရင်ရှာပေးရအောင်”

ထို့နောက် သူတို့သည် အပေါ်ထပ်များသို့ တက်သွားကာ အခန်းရှာကြသည်။

ဟိုတယ်လေးသည် မီတာနှစ်ရာလောက်ပဲ အရင်ကဟာနှင့် ဝေးသည်။ ဒီနေရာက ဇွန်ဘီများကို အရင်ထဲက ချူးလီလီသည် မောင်းထုတ်ပေးထားသည်ဖြစ်ရာ အခုတော့ ဒီအဆောက်အဦးသည် လုံးဝကို ရှင်းလင်းနေသည်။ ထို့ကြောင့် သူတို့သည် အဆောက်အဦး၏ ဘယ်နေရာကိုမဆို စိတ်မပူဘဲ သွားနိုင်နေတာဖြစ်သည်။

နောက်ဆုံးတော့ လင်းဖန်နှင့် သူ့မိသားစုသည် သုံးလွှာတွင်နေသည်။ လီကျန်းတို့က ငါးလွှာသို့ တက်သွားသည်။ လင်းချင်းသည် ခြောက်လွှာက အခန်းတိုင်းကို စစ်ကြည့်ပြီးနောက် နှစ်ခန်းရွေးလိုက်သည်။ လျူကျွင်းနှင့် ရှဲ့တုန်းတို့ကို နယ်မြေထဲက ထုတ်ပေးကာ သူတို့အခန်းများကို သူတို့သန့်ရှင်းရေး လုပ်စေသည်။ တကယ်တော့ လျူကျွင်းနှင့် ရှဲ့တုန်းတို့သည် အိပ်ဖို့မလိုလေရာ အခန်းမရှိလည်း အဆင်ပြေပါသည်။

ထို့နောက် သူမသည် အမိုးပေါ်သို့ တက်သွားသည်။ လင်းချင်းသည် မိုးလင်းသည့်အထိ အမိုးစွန်တွင် ထိုင်နေခဲ့သည်။ နောက်တစ်နေ့ မိုးလင်းသည့်အချိန်တွင် လင်းချင်းသည် ခပ်လှမ်းလှမ်းနေရာမှ ချူးလီလီ၏ အရှိန်အဝါကို ခံစားမိသည်။ သိပ်မကြာခင်တွင်ပဲ သူမသည် ချူးလီလီနားမှ ဇွန်ဘီအနံ့အချို့ပါ ရလိုက်သည်။

လင်းချင်းသည် စိတ်ရှုပ်သွားသည်။   ‘ဘာဖြစ်တာလဲ? ငါသူ့ကို ဇွန်ဘီသတ်ပြီး ဇွန်ဘီအမြူတေ စုဖို့ပဲ မှာလိုက်တာပါ။ ဘာဖြစ်လို့ ဇွန်ဘီအုပ်ကြီးနဲ့ ပြန်လာတာလဲ?’

လင်းချင်းသည် ထိုဇွန်ဘီအနံ့များကို ရလေလေ ပိုသန်မာလေလေဖြစ်ကြောင်း သိလိုက်သည်။ သူမသည် ထရပ်ကာ ချူးလီလီရှိရာဘက်ကို မျက်မှောင်ကျုံ့ကြည့်လိုက်သည်။ ချူးလီလီကလွဲ၍ သူမသည် မတူသည့်နောက်အနံ့တစ်ခုကို ရလိုက်သည်။ သိပ်မကြာခင်တွင် ချူးလီလီသည် ခဲနေသည့် ဟိုတယ်မှ သူမရှိရာသို့ ရောက်ချလာသည်။

“အာ ယာ ယေး အား”   ‘ဘာဖြစ်တာလဲ? ဟိုတယ်က ဘာဖြစ်လို့ ခဲနေတာလဲ?’   ချူးလီလီသည် အဖြူဂါဝန်သန့်သန့်လေးကို ဝတ်ထားဆဲဖြစ်ပင်မယ့် သူမ၏ မျက်နှာသည် ထိတ်လန့်ကာ ဒေါသထွက်နေသည်။

လင်းချင်းသည် သူမ၏မေးခွန်းကို မဖြေဘဲ သူမ၏နောက်ကနေ အမိုးပေါ်သို့ တက်လာသည့် ဇွန်ဘီနှစ်ကောင်ကို ကြည့်ကာ   “နောက်ရှင်းပြပါ့မယ်။ ဒါတွေကို ဘာတွေလဲဆိုတာကို အရင်ပြောပြဦး”

ထိုအချိန်တွင် တစ်ယောက်သည် ရုတ်တရပ် လင်းချင်းကို ဒေါသတကြီးဖြင့် လက်ညိုးငေါက်ငေါက်ထိုးကာ   “ဂါး! ဂါး!”   ‘နင်! မကောင်းတဲ့မိန်းမ!’

လင်းချင်းသည် သူမအား ရုတ်တရပ် တိုက်လာသည့် ဇွန်ဘီမငယ်ကို ကြည့်ကာ တည်ငြိမ်စွာဖြင့် ကိုယ်ကိုယိမ်းရင်း သူမ၏ဇွန်ဘီလက်သည်းများကို ရှောင်လိုက်သည်။

“ဘာဖြစ်လို့ နင်ကဒီကိုရောက်နေတာလဲ?”   သူမမေးသည်။

“ဂါး! ဂါး!”   ‘ငါ့ညီမလေးကို ပြန်ပေး!’   ဇွန်ဘီမငယ်သည် ဒေါသတကြီးဖြစ်စွာဖြင့် လင်းချင်းအား ကြောက်ဖို့ကောင်းအောင် အော်သည်။ ထို့နောက် လင်းချင်းကို တိုက်ဖို့ ထပ်လာပြန်သည်။

ထိုအခါ ချူးလီလီသည် ရုတ်တရပ် သူမကို အော်သည်။   “အား!”   ‘သွား!’

ဇွန်ဘီမငယ်သည် စတိုက်ဖို့လုပ်သော်လည်း ရပ်သွားကာ ချူးလီလီကို ကြည့်ရင်း   “ဂါး? ဂါး?”   ‘နင်က သူနဲ့ အတူတူပဲလား?’

ချူးလီလီသည် စိတ်မကြည်စွာဖြင့် ဇွန်ဘီမငယ်ကို အော်ကာ   “အားယ အား ယား ယား ယား ယား အာ ယေး အား”   ‘ဟုတ်တယ်! ပြီးတော့ ဒါက နင့်ကိစ္စလည်း မဟုတ်ဘူး! နင်မကြီးကို ထပ်တိုက်လို့ကတော့ ငါနင့်ကို ချမှာ!’

ဇွန်ဘီမငယ်သည် မျက်နှာမဲ့သွားကာ လင်းချင်းကို ရန်လိုစွာ ကြည့်သည်။ ထို့နောက် လှေကားရှိရာနားသို့ လှည့်သွားကာ ထိုဘေးက အမိုးပေါ်တွင် ခြေထောက်ကို တွဲလောင်းချကာ လှုပ်ထိုင်နေရင်း လင်းချင်းကို စိုက်ကြည့်နေသည်။

လင်းချင်းသည် နဖူးကို လက်ဖြင့်မကာမိဘဲ မနေနိုင်ပေ။   “ဘာဖြစ်လို့ သူ့ကိုခေါ်လာတာလဲ?”   သူမဆက်မေးသည်။   “ဘယ်လိုလုပ် တွေ့လာတာလဲ?”

“အာ အာ”   ချူးလီလီက ပြောသည်။   “ညီမလေးက သူ့ကိုမရှာပါဘူး။ ရုတ်တရပ်ကြီး သူကပေါ်လာပြီး စိန်ခေါ်တာ”

“သူ့ကိုသိလား?”   လင်းချင်းက ပြောသည်။   “ကလေးခိုးတယ်လို့ ပြောဖူးတဲ့ ဇွန်ဘီမက သူလေ။ အရင်က နင့်ကိုပြောပြဖူးတယ်။ သူ့အကြောင်း အခုနည်းနည်းသိပြီမလား?”

“အာ ယေး!”   ချူးလီလီက နှုတ်ခမ်းဆူကာ ပြောသည်။   ‘အရမ်းအာရုံနောက်ဖို့ ကောင်းတာပဲ!’

“နင့်နောက်ကို လိုက်လာတာလား?”   လင်းချင်းက ဇွန်ဘီမငယ်ကိုကြည့်ကာ မေးသည်။

ချူးလီလီက ခေါင်းငြိမ့်ကာ   “ယား အား အာယာ”   ‘ဟုတ်တယ်။ ညီမလေးကို သူမနိုင်ဘူးလေ။ ပြီးတော့လည်း ညီမလေးနဲ့ တိုက်ရတာကို သူကတကယ်သဘောကျနေတာ။ ညီမလေးကဖြင့် သူနဲ့မတိုက်ချင်ပါဘူး’

လင်းချင်းသည် ချူးလီလီ၏ အနောက်က တခြားဇွန်ဘီများကို ကြည့်လိုက်သည်။ အဆင့်ငါးဇွန်ဘီခေါင်းဆောင်များဖြစ်၍ တစ်ကောင်ဆိုလျှင် လင်းချင်း၏ အသိဟောင်းကြီးပင်။ ရှဲ့တုန်းနှင့် သူမကို အလျှော့မပေးဘဲ နောက်ကနေ လိုက်ဖမ်းနေခဲ့သည့် ရေခဲအစွမ်းဖြင့် ဇွန်ဘီခေါင်းဆောင် ပါလာသည်။

လင်းချင်းသည် ရေခဲဇွန်ဘီခေါင်းဆောင်ကို ကြည့်နေစဉ်တွင် သူကလည်း သူမကို စိုက်ကြည့်နေသည်။ သူမကို လာစိုက်ကြည့်နေသဖြင့် လင်းချင်းသည် မအော်ဘဲ မနေနိုင်တော့ပေ။   “ဘာကြည့်တာလဲ? ငါနင့်ကို နည်းနည်းလေးတောင် မကြောက်တော့ဘူး! ရဲရင်လာလေ! ငါနင့်ကို နာအောင်လုပ်ပေးမယ်”

“ဂါး!”   ဇွန်ဘီခေါင်းဆောင်သည် လင်းချင်းကို ချက်ချင်းပြန်အော်ကာ တိုက်ခိုက်ဖို့အတွက် ခြိမ်းခြောက်သည်။ လင်းချင်းကို တိုက်ချင်သော်လည်း ချူးလီလီကို တစ်ချက်ကြည့်ကာ မလှုပ်ရဲပေ။ ထို့နောက် ဘာမှမလုပ်ရဲဘဲ လင်းချင်းကိုသာ ဆက်၍စိုက်ကြည့်နေသည်။  
Previous Chapter 270 of 410 Next