လင်းချင်းသည် တခြားသူများကို ကြည့်ကာ “ဟုတ်ပြီ! ငါအခု နင်တို့လုပ်ငန်းကို တစ်ချက်ကြည့်လို့ရမလား?”
လင်းဖန်က စားပွဲပေါ်တွင် မြေပုံဖြန့်လိုက်သည်။ ဒီနေရာ၏ မြေပုံဖြစ်ကာ အမှတ်အသားအချို့ဖြင့် မှတ်သားထားသည်။ လင်းချင်း၊ တူယွမ်ရှင်း၊ ချန်ယုတင်းနှင့် တခြားသူများသည် စားပွဲနားတွင် ဝိုင်းလာကြသည်။
လင်းဖန်က တြိဂံပုံအမှတ်အသားကို ညွှန်ပြကာ “ဒါက ငါတို့ဟိုတယ်။ ပြီးတော့ ဒီနေရာက ဆောက်လုပ်ရေးခွင်။ အဆောက်အဦးတချို့ကို ဖြိုချပစ်ရမယ်။ ဒီအဆောက်အဦးတွေကရတဲ့ အုတ်တွေကို နံရံဆောက်နဲ့နေရာမှာ ပြန်သုံးလို့ရတယ်။ ဒီအဆောက်အဦးတွေထဲက အသုံးဝင်သမျှဟာတွေကို ဒီကိုရွေ့လိုက်ပြီးတော့ အသုံးမဝင်တာတွေကို ဖြဲပစ်တာ ဒါမှမဟုတ် မီးရှို့ပစ်တာမျိုး လုပ်မယ်”
လင်းချင်းသည် မြေပုံကိုကြည့်လိုက်သည်။ ဒီနေရာတွင် မြစ်ရှိသဖြင့် အရင်က ရေဆိုးပိုက်စနစ်နှင့် ဆက်စပ်နေလောက်သည်။ အကယ်၍ မြစ်တစ်လျှောက်သာ စခန်းသစ်ကို ဆောက်ခဲ့လျှင် မြစ်သည် စခန်းသစ်ကို ဝိုင်းထားသလို ဖြစ်နေသဖြင့် ကာကွယ်မှုတစ်မျိုး ဖြစ်နေလိမ့်မည်။
သူမက မေးသည်။ “နံရံက မြစ်နောက်မှာလား?”
ယွမ်ထန်ရှင်းသည် ခေါင်းငြိမ့်ကာ ပြောသည်။ “ဟုတ်တယ်။ မြစ်အနက်ကို ငါတိုင်းကြည့်ပြီးပြီ။ ရေလည်အနက်ဆုံးနေရာက ၄မီတာလောက်ရှိတယ်။ မြစ်အောက်ခြေမှာ အမှိုက်တွေစုပုံနေတာမလို့ ရွံ့ထုကြီးက အတော်ထူတယ်။ မြစ်ထဲကို ဆင်းချင်တယ်ဆိုရင် ရေစွမ်းအားရှိမှပဲ။ မဟုတ်ရင် အန္တရာယ်များတယ်”
လင်းချင်းက ခေါင်းငြိမ့်ကာ မြေပုံကအမှတ်များကို သေချာကြည့်လိုက်သည်။ စခန်းသစ်၏အလည်ကို ယွမ်ထန်ရှင်းသည် မှင်နီဖြင့်ဝိုင်းထားကာ ငါးဧက ခြောက်ဧကလောက်တော့ ရှိမည်။
ရုတ်တရပ် လင်းဖန်က တစ်ခုကို တွေးမိကာ “ငါတို့ အရင်ကရခဲ့တဲ့ ဆိုလာစနစ်ကို ဒီဟိုတဘ်မှာ တပ်သင့်တယ်။ ဘယ်လိုထင်လဲ?”
လင်းချင်းက ခေါင်းငြိမ့်ကာ “ငါကရပါတယ်။ ဘယ်လိုတပ်ရမလဲ သိတဲ့သူ တစ်ယောက်ယောက်ကိုရော ရှာပြီးပြီလား?”
ယွမ်ထန်ရှင်းက ပြောသည်။ “ဟုတ်တယ်။ ငါတို့ တပ်ဖို့စောင့်နေတာ”
“ဟုတ်ပါပြီ။ ငါတို့အမိုးပေါ်တပ်ပြီးရင် ငါ့နယ်မြေထဲက ဆိုလာကို ထုတ်ပေးမယ်။ နင်တို့လူတွေကို အဲ့အပေါ်ကို ခေါ်ခဲ့” လင်းချင်းက ပြောသည်။
လင်းဖန်က ခေါင်းငြိမ့်သည်။
ယွမ်ထန်ရှင်းနှင့် တခြားသူများသည် နံရံဆောက်မည့် မြေပုံကို ကြည့်ကာ စကားပြောနေကြသည်။ လင်းဝမ်ဝမ်နှင့် တခြားသူများသည် ဆောက်လုပ်ရေးတွင် မပါသောကြောင့် သူတို့ဘာပြောနေသလဲကို အသေအချာနားမလည်ကြပေ။
ထိုအချိန်တွင် လင်းအမျိုးသမီးသည် လင်းဝမ်ဝမ်၏ အနားသို့လာ၍ တံတောင်ဖြင့်တွတ်လိုက်သည်။ သူမက လှည့်ကြည့်သည့်အခါ အမေဖြစ်သည်သည် လှေကားပေါ်သို့ လျှောက်သွားပြီးနောက် သူမကို လက်ယက်ကာ ခေါ်နေသည်ကို မြင်လိုက်ရသည်။
ချူးလီလီနှင့် လျူကျွင်းတို့သည် ဒီဆောက်လုပ်ရေးအကြောင်းများကို မကြားချင်ကြပေ။ လင်းချင်း၏အနားတွင် ခနနေပြီးနောက် သူတို့က ပျင်းလာသဖြင့် ခိုးထွက်သွားကြသည်။ ထို့အတူ ကလေးရှိသည့် ချန်ဝမ်ရှုသည်လည်း သူ့သမီးက လင်းဖန်တို့ကို ရှုပ်နေမိမှာ စိုးရိမ်သဖြင့် ကလေးကိုခေါ်ကာ စောစောထွက်သွားပေးသည်။
လင်းဝမ်ဝမ်သည် လုံချင်းယင်ကို တစ်ချက်ကြည့်လိုက်သည်။ အမေက သူမအား တစ်ခုခုပြောဖို့ လုပ်နေပုံရသဖြင့် လိုက်သွားသည်။
“ဘာဖြစ်လို့လဲ?” လှေကားထောင့်သို့ ရောက်သည့်အခါ လင်းဝမ်ဝမ်က မေးသည်။ အမေဖြစ်သည့်သူသည် လင်းချင်းတို့အား တစ်ချက်ကြည့်ကာ လင်းဝမ်ဝမ်၏ လက်ကိုဆွဲ၍ ပိုဝေးသည့်နေရာသို့ ဆွဲခေါ်သွားသည်။
ထို့နောက် လင်းဝမ်ဝမ်ကို ကြည့်ကာ မေးသည်။ “ခုနက ပြောတာက ဘာစကားလဲ? ဘာကိုပြောချင်တာလဲ?”
လင်းဝမ်ဝမ်သည် ချက်ချင်းနားမလည်လိုက်ပေ။ “စကား? ဘာစကားလဲ?” သူမက ပြန်မေးသည်။
လင်းအမျိုးသမီးသည် သူမအား တည်ငြိမ်စွာကြည့်ကာ ပြောသည်။ “နင်နဲ့ လုမိန်းကလေးကြားက ထူးဆန်းတဲ့ စကားတွေကို ပြောတာ။ နင်ဘာတွေးနေလဲကို သူသိတယ်ပြောတယ်။ ပြီးတော့ မတော်တဆဖြစ်တဲ့ တစ်ယောက်လိုမျိုး သူ့ကိုမြင်နေတယ်ဆို။ ပြီးတော့လည်း သူက ဝန်ခံလိုက်ပြီးဆိုတော့. . .သူ့ သရုပ်မှန်ကို နင်သိပြီလား?”
လင်းဝမ်ဝမ်က သူမ၏အမေကို ကြည့်ကာ “အမေ. . .မဟုတ်မှ. . .သမီးလိုပဲ တွေးနေတာမလား?”
အမျိုးသမီးလင်းက “နင်လည်းခန့်မှန်းမိမယ် ထင်တယ်”
လင်းဝမ်ဝမ်က လင်းအမျိုးသမီး၏ မျက်နှာကို အံ့သြစွာကြည့်ကာ မေးသည်။ “အမေ သိနေတာ ကြာပြီလား? ဘယ်လောက်ကြာပြီလဲ?”
လင်းအမျိုးသမီးက သူမအား တစ်ချက်ကြည့်ကာ “ငါက ညည်းတို့အမေပါအေ! ငါ့ကို ကလေးထင်နေလား? နင်တောင်မှ သူ့ကို သံသယဝင်သေးတာ။ ဘာဖြစ်လို့ ငါက သူနဲ့ပတ်သက်ပြီး ထူးဆန်းတာတွေကို မတွေ့ဘဲနေမလား?”
လင်းချင်းကို လှမ်းကြည့်ကာ ပြောသည်။ “စပေါ်လာတည်းက လက်ရေးကို မှတ်မိတယ်။ နင်လည်း သတိထားမိတယ်မလား? ငါကခန့်မှန်းမိရုံတင်။ သိပ်တော့ ဘယ်သေချာမလဲ။ ဒါမျိုးကြီးက. . .မယုံနိုင်စရာကို!”
လင်းဝမ်ဝမ်သည် လင်းအမျိုးသမီးအား ပျော်ရွှင်စွာ ကြည့်ကာ “အမေလည်း မှတ်မိတယ်လို့ ပြောနေတာမလား? ကမ္ဘာပျက်ပြီး ဇွန်ဘီတွေက စကားပြောနိုင်တောင်မှတော့ မဖြစ်နိုင်တာ ဘာရှိသေးလို့လဲ? မကြီးက ဒီလောက် အစွမ်းကြီးတာ။ ဒီလူတွေဆီမှ အသတ်ခံရတာ မဖြစ်နိုင်ပါဘူး”
လင်းအမျိုးသမီးလည်း သက်ပြင်းချကာ “အင်း။ ငါလည်း ဒီလိုတွေးမိတယ်။ ဒါပင်မယ့် ငါကအသက်ကြီးနေပြီဆိုတော့ လက်တွေ့ကိုပဲ ယုံတော့တယ်။ ကိုယ့်မျက်လုံးနဲ့ မတွေ့ရမချင်း ဘယ်လိုလုပ် ယုံနိုင်မှာလဲ? ဘယ်လိုလုပ် သိတာလဲ? သူက နင့်ရဲ့. . .” လင်းအမျိုးသမီးသည် စကားကိုဆုံးအောင် မပြောဘဲ လင်းချင်းကို တစ်ချက်ထပ်ကြည့်လိုက်သည်။
လင်းဝမ်ဝမ်က အသံတိုးတိုးဖြင့် “သမီးလည်း အစတည်းက သံသယဝင်နေမိတာ။ ဘယ်သူစိမ်းကမှ သူ့အတွက် ဘာမှမလုပ်ဘဲ သမီးတို့ကို လာကူညီပေးမှာလဲ? အထင်မှန်အောင် သူ့လက်ရှိ သရုပ်ကို တူးကြည့်တယ်။ ရလဒ်က လုထန်ယုဆိုတာ မကောင်းတာတွေပဲ လုပ်ရတဲ့ကြိုက်တဲ့ ယုတ်မာတဲ့မိန်းမ။ သူသေတာ မကြာသေးပင်မယ့် အခုဇွန်ဘီဖြစ်လာတယ်”
“ယုတ်မာတယ်? မကောင်းတာ လုပ်ရတာ ကြိုက်တယ်? ဘယ်လိုလုပ် သေတာတုန်း?” လင်းအမျိုးသမီးက အံ့သြစွာဖြင့် မေးသည်။
“ကြားတာတော့ မသေခင် တစ်ခုခုကို လုပ်ပြီးတော့. . .လူတစ်ယောက်ကို အာခံခဲ့တယ်။ အဲ့ဒါကြောင့် ဇွန်ဘီအုပ်ထဲကို ပစ်ချခံလိုက်ရတာ။ အလောင်းကိုတော့ ပြန်မတွေ့ဘူး” လင်းဝမ်ဝမ်က ပြောသည်။
လုထန်ယုက မသေခင်တုန်းက ဝူချန်းယွဲ့ကို မုဒိန်းကျင့်ခဲ့သည်ဟု တူယွမ်ရှင်းက ပြောသည်။ လင်းဝမ်ဝမ်က ဒါကို သူမ၏ အမေကို ပြောမပြဖို့ ဆုံးဖြတ်လိုက်သည်။ သူမ၏ အမေကလည်း ဒါကိုသိချင်မှာ မဟုတ်ပေ။
လင်းအမျိုးသမီးက သူမအား စိတ်တက်ကြွစွာဖြင့် ကြည့်ကာ “သူက ဘာတွေးနေတာလဲလို့ မေးတုန်းက နင်ဒါကိုတွေးနေတာလား? သူဝန်ခံလား?”
လင်းဝမ်ဝမ်က ခေါင်းငြိမ့်ကာ သူမ၏ မျက်နှာလှလှလေးတွင် စိတ်လှုပ်ရှားခြင်းတို့ ပြည့်နေသည်။ “ဟုတ်တယ်! သမီးဒါကို တွေးနေတာ။ ဘယ်လိုသိသွားလည်းတော့ မသိဘူး။ ပြီးတော့လည်း လူတွေအများကြီးရှေ့မှာ ဝန်ခံခဲ့သားပဲ!”
လင်းအမျိုးသမီးသည် ခနကြောင်အသွားကာ သူမဟာသူမ ရေရွတ်သည်။ “သူဝန်ခံတယ်. . . ဒါဆိုရင် သူက တကယ်ပဲ. . .”
လင်းအမျိုးသမီးနှင့် လင်းဝမ်ဝမ်တို့က လင်းချင်းက တကယ့်ကို လင်းချင်းဖြစ်ကြောင်း သေချာအောင် ပြောနေကြချိန်တွင် လင်းဖန်တို့နှင့် ဆွေးနွေးနေသည့် လင်းချင်းက သူတို့ပြောနေသည်များကို ကြားနေခဲ့သည်။ သေချာရှင်းရှင်းလင်းလင်းတော့ ကြားရတာ မဟုတ်ပေ။
သူမသည် ဘာအမှုအယာမှ မပြဖို့ ကြိုးစားထိန်းနေသော်လည်း မျက်လုံးများက မှိန်နေပြီ။
“နေ့လည်ဖြစ်နေပြီ။ တစ်နာရီလောက်တော့ အလုပ်လုပ်နေရာက နားသင့်နေပြီ။ ငါဆောက်လုပ်ရေးခွင်ကို တစ်ချက်သွားကြည့်လိုက်ဦးမယ်။ နင်တို့လုပ်စရာရှိတာလုပ်. . .ငါ့ကိုမပူနဲ့” လင်းချင်းက ပြောသည်။
“ဒါဆိုရင် ငါလိုက်ခဲ့ပေးမယ်” ယွမ်ထန်ရှင်းက ပြောသည်။ “ဒီနေ့ ငါလည်း မရောက်သေးဘူး။ သွားနေရင်း လမ်းမှာ နင့်အတွက် အိမ်တစ်လုံးလောက် ရအောင်လုပ်ပေးမယ်”
“ဟုတ်ပြီ” လင်းချင်းက ခေါင်းငြိမ့်ကာ ပြောသည်။ သူမက ပြောရင်းထလိုက်ကာ တခြားသူများကလည်း သူတို့ပစ္စည်းများ သိမ်း၍ ထွက်ကုန်ကြသဖြင့် အစည်းအဝေးပြီးသွားသည်။
လင်းချင်းနှင့် ယွမ်ထန်ရှင်းတို့သ်ည မြစ်ဘက်သို့ လျှောက်လာခဲ့သည်။ မြစ်က တစ်မိုင်လောက်ကွာသည့် အနားတွင်ရှိသဖြင့် လင်းချင်းက ကားမောင်းဖို့ မလုပ်တော့ပေ။ လမ်းလျှောက်နေရင်းဖြင့် ပတ်ဝန်းကျင်ကို သေချာလေ့လာဖို့ အခွင့်ရေးကောင်းလည်း ရနိုင်တာကြောင့် ဖြစ်သည်။