May Honey Logo May Honey
Previous Next

၃၀၅။ ဘယ်လိုလူမျိုး

ဖန်လုံအိမ်၏ အပြင်ဘက်တွင် လူများအနားယူရန် အမိုးဖြင့်လုပ်ထားသည့် တဲတစ်ခုရှိသည်။ အခုအချိန်တွင် ဝူချန်းယွဲ့တို့သည် အမိုးအကာအောက်တွင် ရပ်နေကာ ပတ်ဝန်းကျင်ကို ကြည့်နေသည်။

လုထန်ရိနှင့် ကောင်းချင်းမင်တို့သည် ဖန်လုံအိမ်ထဲမှ ထွက်လာကာ သူတို့ဆီသို့ လျှောက်လာသည်။ လုထန်ရိက   “ခေါင်းဆောင်ဝူ ကျွန်တော့်ကိုလာရှာတာ အရေးပေါ်ကိစ္စကြီး တစ်ခုခုရှိလို့လား?”

လုထန်ရိတို့နေရာနှင့် ဒီနေရာသည် အတော်ဝေးသည်။ ခြေကျင်လာလျှင် တစ်နာရီလောက်ကြာသည်ဖြစ်ကာ အခုလို သတ္တဝါတိုင်းကို လောင်မြိုက်မတက် ဖြစ်စေသည့် နေလည်ချိန်မျိုးကြီးလို လာတာဖြစ်သောကြောင့် ဒီလိုနှုတ်ဆက်ရင်း မေးလိုက်တာ ဖြစ်သည်။

ဝူချန်းယွဲ့သည် သူ့ကိုကြည့်ကာ ဘေးကိုတစ်ချက်ကြည့်သည်။ အနားတွင် ဘယ်သူမှ မရှိမှ သူမေးသည်။   “ဟန်ကျိုးမှာ ငါတို့တွေ့ခဲ့တဲ့ လင်းဆိုတဲ့ မိန်းမအကြောင်းကို မင်းတို့သိသလောက် ပြောပြစမ်းပါ!”

လုထန်ရိသည် သူ့ကိုအံ့သြစွာကြည့်ကာ မေးသည်။   “ဟင်? သူ့အကြောင်းကို ဘာဖြစ်လို့ ရုတ်တရပ်ကြီး မေးတာလဲ?”   ဒီလိုပြောရင်းဖြင့် ခေါင်းဆောင်ဝူသည် ဒီမိန်းမက တခြားသူမဟုတ်ဘဲ လုထန်ယုဖြစ်ကြောင်းကို သိသွား၍ သတင်းလာစုသလားဟု တွေးမိသွားသည်။ ဒီအတွေးဖြင့် သူ့ရင်လေးလံသွားသော်လည်း မျက်နှာကတော့ တစ်ချက်လေးမှ ပျက်မသွားပေ။

ထိုအချိန်တွင် ဝူချန်းယွဲ့သည် စာရွက်ပိုင်းကို ထုတ်ပြကာ မေးသည်။   “ဒါသူ့လက်ရေးဟုတ်လား သေချာအောင် မေးတာ”

လုထန်ရိသည် စာကိုယူကာ ဖတ်လိုက်ပြီးတော့ လက်ရေးသည် သူ့အတွက်စိမ်းနေကြောင်း သိလိုက်ရသည်။ လုထန်ရိ လက်ရေးဆိုလျှင် သူကြိမ်းသေပေါက် မှတ်မိမှာ ဖြစ်သလို ဒီလက်ရေးပိုင်ရှင်၏ စာများသည် ပြတ်သားနေရာ သူမသိသည့်သူ ဖြစ်နိုင်သည်။

“ဘယ်သူရေးတာလဲ?”   လုထန်ရိက နားမလည်စွာဖြင့် မေးသည်။   “ပြီးတော့ ဘာသဘောလဲ? လျန်လျန်ကို ထပ်ခေါ်သွားတာက?”

ဘယ်သူကမှ ထပ်ခေါ်သွားသည်ဆိုသည့် စကားကို အပြစ်မတင်ပေ။ စခန်းတစ်ခုလုံးမှာ လျန်လျန်သည် လူဆိုးများထံမှ ခနခနအဖမ်းခံရတက်ကြောင်းကို သိကြသည်။ သို့သော်လည်း သူမသည် အံ့ဖွယ်ဖြင့် အမြဲတမ်း ဘာထိခိုက်မှုမှမရှိဘဲ ပြန်လာတက်သည်။

ဝူချန်းယွဲ့၏ မျက်နှာသည် အနည်းငယ်မည်းသွားကာ   “ဒီစာကို သူချန်ခဲ့တာ။ မင်းနဲ့သူနဲ့ကြားက ဆက်ဆံရေးကို သိချင်တယ်။ သူ့အကြောင်း မင်းဘယ်လောက်သိလဲ. . .ပြီးတော့ သူကဘယ်လိုလူမျိုးလဲ?”

‘လူကိုမဟုတ်တာ!!!’   လုထန်ရိသည် ဒါကိုစိတ်ထဲကသာ ပြောလိုက်၍ ဝူချန်းယွဲ့အား ပြုံးပြကာ   “သူ့ဆီကဆိုတာ သေချာလို့လား? ပြီးတော့ လျန်လျန်ကို ဘယ်လိုခေါ်သွားလဲဆိုတာ ပြောပြပါလား?”

ဝူချန်းယွဲ့က   “သူ့မှာ နယ်မြေရှိပြီးတော့ ခြေချာဖျောက်နိုင်တယ်။ အရင်တစ်​ခေါက်က ငါတွေ့ခဲ့တဲ့ မိန်းမကလွဲရင် ဘယ်သူကမှ လျန်လျန်ကို ငါ့မျက်စိအောက်ကနေ ခိုးမသွားနိုင်ဘူး!”

ဒီမိန်းမသည် သူ့ဇွန်ဘီအမြူတေကို ခိုးသွားနိုင်သဖြင့် လျန်လျန်ကိုလည်း ဒီလိုခိုးနိုင်မည်ဖြစ်ကြောင်း သူပြောနိုင်သည်။ လမ်းတစ်လျှောက်လုံးတွင် ဝူချန်းယွဲ့သည် သေချာတွေးလာခဲ့သည်။ ပိုတွေးလေလေ ဟန်ကျိုးတွင် တွေ့ခဲ့သည့် နေရာလွတ်စွမ်းအားရှင်က သူ့သမီးကို ခေါ်သွားတာ ဖြစ်ကြောင်း ပိုသေချာလေလေ ဖြစ်သည်။

သူတွေးတာမှန်လျှင် သူမက ကယ်ပေးဖူးသဖြင့် ဒီတစ်ခေါက်လည်း လျန်လျန်ကို ထိခိုက်အောင်လုပ်ဖို့ ခေါ်သွားတာ မဟုတ်လောက်ပေ။ သို့သော်လည်း သူ့အိမ်ပေါ်သို့တက်ကာ သူ့သမီးလေးကို ဘာဖြစ်လို့ ဒီလိုခိုးသွားရသနည်း?   ‘အတော်ထူးဆန်းတဲ့မိန်းမပဲ!’

‘တောက်! ငါ့သမီးကို ကယ်ပေးချင်ရင်လည်း ငါ့ကိုဒဲ့လာပြောလို့ မရဘူးလား? ဘာဖြစ်လို့ ခိုးသွားတာလဲ? ငါ့ကိုသေအောင် လာခြောက်နေတာလား?’   သူတွေးမိသည်။

ဒီလိုတွေးပြီးနောက် ဝူချန်းယွဲ့သည် သိပ်စိတ်မပူတော့ပေ။ သူမသာ ယန်ချောင်းနှင့် အတူတွဲအလုပ်မလုပ်သ၍ လျန်လျန်သည် လုံခြုံမှာပင်။ ထို့ကြောင့် ဒါကိုရှင်းအောင် လုပ်ချင်တာ ဖြစ်သည်။

လုထန်ရိသည် ခနတွေးပြီးနောက် ဝူချန်းယွဲ့ပြောသည်က အဓိပ္ပါယ်ရှိကြောင်း တွေးမိသည်။ သူ့ဟာသူ ရေရွတ်မိသည်မှာ   “ဒါဆိုရင်. . .စခန်းကို ပြန်လာတာလား?”

ဝူချန်းယွဲ့တို့သည် သူ့ကိုကြည့်ကာ သူဘာပြောသလဲကို နားမလည်ပေ။

“သူ့အစွမ်းကို သိရင် လျန်လျန်ကို ဘာဖြစ်လို့ ခေါ်သွားသလဲ မင်းသိမှာပဲ။ ငါပြောချင်တာက ဘယ်ဆရာဝန်နဲ့ ဘယ်ကုသနိုင်စွမ်းရှိတဲ့သူကမှ လျန်လျန်အခြေအနေကို မကူညီနိုင်ဘူး။ လင်းဆိုတဲ့မိန်းမက ဘယ်လိုကူရမလဲ သိလို့လား?”   ဝူချန်းယွဲ့က မေးသည်။

လုထန်ရိသည် ခေါင်းမော့ကြည့်ကာ လင်းချင်း၏ နယ်မြေထဲက ရေကန်ကို သတိရသွားသည်။   “သူ့မှာ. . .မှော်ရေကန် ရှိတယ်။ တကယ်တော့ လျန်လျန်ကို ဘယ်လိုကူညီမလဲ မပြောတက်ဘူး။ လျန်လျန်အခြေအနေကိုလည်း သေချာမှမသိတာ။ အဲ့ဒါကြောင့် မပြောတက်ဘူး”   လုထန်ရိသည်  စာကိုထိုးပြကာ ဆက်ပြောသည်။   “သူကတော့ လျန်လျန်ဘာဖြစ်နေသလဲကို သေချာသိပုံရတယ်။ ခေါင်းဆောင်က သေချာမသိတာကိုတောင်မှ!”

ဝူချန်းယွဲ့သည် ဘေးကိုကြည့်ကာ သံသယရှိသူမရှိမှ ပြောသည်။   “ငါတို့စခန်းကို ပြန်လာတည်းက လျန်လျန်ရဲ့အစွမ်းက စနိုးလာတယ်။ လူတစ်ယောက်ဆီက ဒါကိုထိန်းနိုင်တဲ့ရေတစ်မျိုး ငါတို့ရခဲ့တယ်။ ဒါပင်မယ့်လည်း ရက်နည်းနည်းကြာတော့ အခြေအနေက ဘာမှကောင်းမလာတော့ဘူး။ မဆိုးသေးတာပဲ ကျေးဇူးတင်နေရတယ်!”

သူ့စကားကြားသည့်အခါ လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် မျက်လုံးပြူးမတက် လန့်သွားကာ   “ဘာ? အစွမ်းနိုးလာတယ်!!!”   သူတို့သည် မယုံနိုင်စွာ ပြောသည်။ နားကြားမှားသလားဟုတောင် တွေးနေမိကာ အချင်းချင်းကြည့်ကြသည်။ ထို့နောက် လုထန်ရိက မေးသည်။   “ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ငယ်သေးတယ်။ ဘာဖြစ်လို့ အစွမ်းနိုးလာတာလဲ?”

ဝူချန်းယွဲ့သည် သက်ပြင်းချကာ ပြောသည်။   “ငါလည်းသိချင်တယ်။ ဒါပင်မယ့် လင်းဆိုတဲ့မိန်းမက ဘာဖြစ်လို့ လျန်လျန်ကို ခေါ်သွားတာလဲ? ဘယ်မှာ ငါတို့အခုသွားရှာရမလဲ?”

လုထန်ရိသည် သူ့ကိုကြည့်ကာ   “အာ! ခေါင်းဆောင်. . .အမှန်တိုင်းပြောရရင် ကျွန်တော်တို့လည်း မသိဘူးဗျ။ အစက ဒီစခန်ကို ပြန်မလာဘူးလို့ ပြောသွားပြီးတော့ ဘာဖြစ်လို့ ရောက်လာလဲတောင် ကျွန်တော်မသိတာ။ ကြည့်ရတာ သူလူလုံးထွက်ပြမှပဲ သိရတော့မယ့်ပုံ!”   ဒီလိုပြောရင်းဖြင့် ဝူချန်းယွဲ့သည် ဒီမိန်းမ၏ သရုပ်မှန်ကို မသိသေးတာ သိသွားသဖြင့် သက်ပြင်းခိုးချလိုက်သည်။

လုထန်ရိ၏စကားကြောင့် ဝူချန်းယွဲ့သည် ရင်လေးသွားသည်။ သို့သော်လည်း သူ့၏ချောမောသည့် မျက်နှာတွင် ဘာအမှုအယာမှ မရှိပေ။

ထိုအချိန်တွင် ရှောင်လီချန်းသည် ပြေးလာသည်။   “ခေါင်းဆောင် သတင်းတစ်ခုရခဲ့တယ်!”

တခြားသူများသည် သူ့ကိုလှည့်ကြည့်ကြသည်။ သူသည် လုထန်ရိနှင့် ကောင်းချင်းမင်းကိုကြည့်က တုန့်ဆိုင်းနေသည်။

“ရတယ်။ ငါ့ကိုပြော!”   ဝူချန်းယွဲ့က ပြောသည်။

ထိုအခါ ရှောင်လီချန်းသည် လူစာရင်းစာရွက်ထုတ်ပြကာ ပြောသည်။   “မနက်က လူတစ်စုပြန်လာတယ်။ ဖန်တင်းအမဲလိုက်အဖွဲ့က ချန်ယုတင်းတို့ပဲ။ ဒါပင်မယ့် တခြားခေါင်းဆောင် လုချန်းဖန်နဲ့ သူ့ညီမ လုတင်းရယ် တခြားနှစ်ယောက်ရယ် ပျောက်နေတယ်။ နောက်တစ်ဖွဲ့က သူတို့နဲ့အတူပါလာတာ။ ခေါင်းဆောင်နာမည်က လင်းဖန်တဲ့။ သူတို့က ဒုခေါင်းဆောင်ယွမ်ကို လာရှာကြတာ”

ဝူချန်းယွဲ့နှင့် မုန့်ယွဲ့တို့သည် သူ့ကိုအံ့သြစွာကြည့်သည်။   “ဘာပြောတာ? လင်းဖန်? ဟေးဒီးစခန်းကပဲလား?”

လုထန်ရိသည် ယွမ်ထန်ရှင်းကိုရော လင်းဖန်ကိုရော မသိသဖြင့် ကောင်းချင်းမင်းကို တစ်ချက်ကြည့်သည်။ ကောင်းချင်းမင်းကတော့ ဒီအကြောင်းကို နည်းနည်းပါးပါးသိထားသည်။

“ဟင်?”   သူကပြောသည်။   “ဟန်ကျိုးမြို့လည်မှာ စခန်းသစ်ဆောက်ဖို့ လူလာခေါ်တဲ့ ယွမ်ထန်ရှင်းကို ပြောနေတာလား?  ငါကြားတာတော့ သူတို့က အကမ်းလှမ်းကောင်းတယ်ဆိုပဲ။ ဒါပင်မယ့် ဇွန်ဘီမြို့လည်မှာ အလုပ်လုပ်ဖို့ လူလိုတာဆိုတော့ အများစုက ဒီအလုပ်အကြောင်းမေးပြီး ပြန်လာကြတာ”

ကောင်းချင်းမင်း၏စကားအရ လုထန်ရိသည် ယွမ်ထန်ရှင်းက ဒီကိုဘာလာလုပ်သလဲ သိသွားသည်။ သို့သော်လည်း ဟေးဒီစခန်းကလူများနှင့် သူ့အမဖြစ်သူသည် ဘာလုပ်နေသလဲကို သူနားမလည်နိုင်တော့ပေ။  
Previous Chapter 305 of 410 Next