May Honey Logo May Honey
Previous Next

၂၅၆။ ငါရှုံးသွားတယ်

လင်းချင်းသည် ယန်ကျင်းဟွာ၏ မျက်နှာအမှုအယာမှ အတွေးများကို ခန့်မှန်းနိုင်သည်။ ထို့အပြင် အခုအချိန်တွင် သူတို့ကအတော်နီးကပ်နေသဖြင့် သူ့စိတ်ပိုင်းဆိုင်ရာအချို့ကို သူမခန့်မှန်းနိုင်သည်။ ထို့ကြောင့် သူမ၏စကားများကို လုံးဝယုံသွားပြီ ဖြစ်ကြောင်းကို သိလိုက်သည်။

“နှစ်ရက်က မကြာဘူးမလား? ဒါဆိုရင် ‘ကြာတယ်’ဆိုတာက နင့်အတွက် ဘယ်လိုတိုင်းလဲ? နင့်ကြည့်ရတာ လူကောင်းနဲ့ကို မတူဘူး။ ငါ့သားကောင်တွေက နင့်ရန်သူတွေလား?”   သူမပြောသည်။ သူမသည် စကားပြောရင်း သူတို့လူစုနားသို့ လျှောက်သွားကာ ခေါင်းကိုမော့၍ စားချင်နေသလိုမျိုး အနံ့ခံကြည့်လိုက်သည်။ ရှင်နေသည့်လူသားအနံ့က သူမအတွက် တကယ်ကောင်းတာလည်း ဖြစ်ပါသည်။

လင်းချင်း၏ မျက်နှာထက်က အမှုအယာကြောင့် ယန်ကျင်းဟွာတို့သည် ဘာအဓိပ္ပါယ်လဲ ဆိုသည်ကို နားလည်သွားသည်။ သူတို့ကို အစာလို မြင်နေတာ ဖြစ်သည်။ သို့သော်လည်း ဘယ်သူကမှ လင်းချင်းထုတ်လိုက်သည့် မြူခိုးနက်ငွေ့များသည် သူမအား ခုနက သေနတ်ဖြင့် ပစ်လိုက်သည့် စစ်သားရဲ့ နားထဲသို့ ရောက်သွားသည်ကို မမြင်လိုက်ကြပေ။ ထိုစစ်သားသည် တောင့်ခဲသွားပြီးနောက် သူငယ်အိမ်က ကျယ်လာကာ မျက်လုံးများ မှိန်ကျသွားသည်။

ဒုန်း!   လူတို့သည် အသံကြား၍ လှည့်ကြည့်သည့်အခါ ကြမ်းပြင်ပေါ်တွင် အလောင်းတစ်ခုက လဲကျနေသည်။ သူ့ခေါင်းသည် မရှိတော့ကာ ကိုယ်သည်လည်း ဖြည်းဖြည်းချင်းပျောက်နေသည်။ လူတို့သည် လင်းချင်းအား သတိထား၍ လှည့်ကြည့်ကြသည်။ သေသွားသည့် စစ်သားကို လင်းချင်းကို သေနတ်ဖြင့် ပစ်သည့်သူမှန်း သူတို့သိကြသည်။

လင်းချင်းသည် ခေါင်းငြိမ့်ကာ ပေါ့ပေါ့ပါးပါး   “ဟုတ်တယ်။ ဒါကငါ့ကိုခုနက လာတိုက်တဲ့ကောင်။ ငါ့ကိုလာတိုက်ရဲတဲ့သူတွေအတွက်က သေချာပေါက်ကို အစားခံရမှာပဲ”   ဒီလိုပြောရင်းဖြင့် သူမသည် လူစု၏ မျက်လုံးများကို လိုက်စိုက်ကြည့်သည်။ ထင်သလိုပင် သူတို့သည် ချက်ချင်းကို ခေါင်းများငုံ့သွားကာ လင်းချင်းနှင့် အကြည့်ချင်း မဆုံရဲကြတော့ဘဲ လင်းချင်းမျက်လုံးထဲတွင် မြင်သွားမည်ကိုကြောက်၍ နောက်သို့စိုးရိမ်စွာ ဆုတ်ကြသည်။

ထို့နောက် လင်းချင်းသည် ယန်ကျင်းဟွာ၏ မျက်လုံးများကို စိုက်ကြည့်ကာ   “ငါမေးနေတာကို နင်မဖြေရသေးဘူး။ နင်နဲ့စကားပြောဖို့ ငါကအားနေတယ်များ ထင်နေလား?”

စိုက်ကြည့်ခံရသည့် ယန်ကျင်းဟွာသည် ချက်ချင်းဆိုသလို ကျောချမ်းသွားကာ အသိပြန်ဝင်လာ၍ ဖြေသည်။   “အာ ရန်သူတော့ မဟုတ်ပါဘူး။ သူတို့က ဒီတိုင်း စခန်းကို သစ္စာဖောက်ပြီး ထွက်ပြေးသွားတဲ့သူတွေ။ စခန်းရဲ့ လျို့ဝှက်ချက်တွေ မပေါက်ကြားဖို့အရေး ငါကသူတို့ကို စခန်းကို ပြန်ခေါ်ရင်ခေါ် မဟုတ်ရင် သတ်ပစ်ရဖို့”

လင်းချင်းသည် သူ့ကိုနှာခေါင်းရှုံ့လိုက်ကာ   “အဲ့ဒီမှာ ဘာဖြစ်သလဲဆိုတာကို ငါမသိဘူးများ နင်ထင်နေလား? ဒီလူတွေက တောင်ဘက်က ဟေးဒီးစခန်းကနေ ပြေးလာကြတာ။ အများစုက လမ်းမှာ ဒဏ်ရာရလာတာနဲ့ သေကုန်တာနဲ့။ ဟေးဒီးစခန်းက တခြားစခန်းဆီက အတိုက်ခံရတယ်ဆိုတာကို ငါသိပြီးသား။ အခုတော့ စခန်းက ပျက်ရင်ပျက် မပျက်ရင် ပိုင်ရှင်အသစ်အောက် ရောက်ရင်ရောက်ဆိုတာကို ငါခန့်မှန်းလို့ရတယ်”

လင်းချင်း၏ စကားများကြောင့် ယန်ကျင်းဟွာသည် နဖူးတွင် ချွေးများပျံ့လာသည်။ သူသည်ပြုံး၍   “နင်က ဒါမျိုးတွေကို စိတ်ဝင်တစားရှိမယ်လို့ ငါမသိခဲ့ဘူး။ ဟုတ်တယ် သူတို့က ဟေးဒီးစခန်းပဲ”

“သူတို့က ထွက်ပြေးလာတာ ဘာအရေးလဲ”   လင်းချင်းက ပြောသည်။   “သူတို့က စစ်ရှုံးသွားတဲ့သူတွေလောက်ပါပဲ။ နင်တို့ အခုသွားလို့ရပြီ။ ငါနင့်တို့ကို ပို့ပေးဖို့ လိုသေးလား?”

သူမသည် စကားဆုံးသည်နှင့် တံခါးကို တစ်ချက်ကြည့်ကာ လက်ချောင်းလေးများကို လှုပ်လိုက်သည်။ ထိုအခါ အနက်ရောင်မြူခိုးများသည် ယန်ကျင်းဟွာ၏ သစ္စာရှိစစ်သားများထံသို့ ရောက်သွားတော့သည်။

“အား!!!”
စစ်သားအချို့သည် လင်းချင်းလွှတ်လိုက်သည် မြူခိုးများကို မြင်လိုက်ကြသည်။ သို့သော်လည်း သူတို့ဘာမှ မလုပ်နိုင်သေးခင် မြူခိုးများသည် သူတို့မျက်စိရှေ့မှ ပျောက်သွားကာ နားနှင့်ခေါင်းများက အသေနာကျင်လာခြင်းကို ခံစားရသည်။

သိပ်မကြာခင်တွင် သူတို့သည် ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ ဘာအသံမှကို မထွက်နိုင်တော့ပေ။ စစ်သားများ လဲကျသွားသည်ကို ကြည့်ပြီးနောက် ကျန်သည့်သူများသည် ပထမဆုံးအသတ်ခံရသူကို သတိရလို့ ပြန်ကြည့်ကြသည့်အခါ ထိုသူမှာ တစ်ကိုယ်လုံးမရှိတော့ဘဲ ခြေထောက်သာ ကျန်တော့သည်။

“ကောင်းပြီ။ ငါတို့အခုထွက်သွားမယ်”
ယန်ကျင်းဟွာသည် တံခါးမှနေ အရင်ဆုံးထွက်သွားသည်။

အခြားသူများသည် သူ့အနောက်ကနေ လိုက်သွားကြသည်။ လင်းချင်းကတော့ ဖြည်းဖြည်းချင်း ပျောက်နေသည့် အလောင်းများကြားတွင် ရပ်ကျန်နေခဲ့သည်။ ယန်ကျင်းဟွာတို့ အကုန်ထွက်သွားမှ လင်းချင်းသည် သက်ပြင်းကို ရဲရဲကြီး ချနိုင်တော့သည်။

‘ငါတကယ်ဟိတ်ဟန်ကောင်းကောင်းနဲ့ လုပ်သွားနိုင်တာပဲ!’   သူမတွေးနေမိသည်။ သူမသည် ယန်ကျင်းဟွာထံမှ အသုံးဝင်မည့်သတင်းနှိုက်ဖို့ လုပ်ခဲ့သော်လည်း ထိုကလိမ်ကကျစ်ကောင်သည် သူမကို အသိမခံသွားပေ။ ယန်ကျင်းဟွာနှင့်သာ တိုက်ခိုက်ရပါက သူ့၏သန်မာသည့် ရေခဲများကြောင့် လင်းချင်းသည် ခက်ခဲမည်ကို နားလည်သည်။

စိတ်သိပ်မကျေနပ်စွာဖြင့် လင်းချင်းသည် ရေခဲအပိုင်းများကို သူမ၏မြူခိုးနက်များဖြင့် ရစ်ပတ်လိုက်သည်။ မြူခိုးများသည် ရေခဲများပေါ်တွင် ခနနေပြီးနောက် ရေခဲတို့က ပျော်လာသည်။ ထိုအချိန်တွင် ရုတ်တရပ် သူမ၏အနောက်မှ အေးစက်မှုတစ်ခုကို သိသိသာသာ ခံစားလိုက်ရသည်။ 

ထို့ကြောင့် ချက်ချင်းနံရံကို အမြန်ကျောပေးလိုက်ကာ နံရံကို ခြေထောက်ဖြင့် နောက်ပြန်ကန်လိုက်၍ ဧည့်ခန်းထဲမှ ပြတင်းပေါက်နောက်က လက်တန်းပေါ်သို့ ခုန်တက်လိုက်သည်။ သူမလှည့်ကြည့်သည့်အခါ ယန်ကျင်းဟွာတို့ ထွက်သွားသည့် တံခါးတွင် ရေခဲလွှာပါးပါးတစ်ခုရှိနေပြီး ထိုရေခဲလွှာမှ ရေခဲများ ထွက်နေသည်။

“နင်ငါ့ကို လိမ်ရတော့မလို့ပဲ! နင်ကဇွန်ဘီမှ မဟုတ်တာ!”
ယန်ကျင်းဟွာ၏ အေးစက်သည့်အသံက တံခါးမှထွက်လာသည်။ ထိုအသံနောက်တွင် တံခါးမှနေ သူဝင်လာသည်။ သူ့၏ဆွဲဆောင်မှုရှိသည့် မျက်လုံးများသည် ပြတင်းပေါက် လက်တန်းပေါ်က လင်းချင်းကို အေးစက်စွာ စိုက်ကြည့်နေသည်။

လင်းချင်းသည် လှောင်ရယ်လိုက်ကာ   “ဟုတ်တယ်။ ငါရှုံးသွားတယ်”

သူမသည် လက်တန်းပေါ်ကနေ ခုန်ချလိုက်ကာ ယန်ကျင်းဟွာကိုကြည့်ပြီး
“နင်ငါ့ကိုသိနေတာတောင် ယုံချင်ယောင်ဆောင်သေးတာပဲ။ ကြည့်ရတာ နင်အတော်အားယားနေပုံပဲနော်”

ယန်ကျင်းဟွာသည် ခပ်ဖွဖွပြုံးကာ   “နင့်ရည်ရွယ်ချက်ကို ငါသိချင်ရုံတင်။ မမျှော်လင့်တာက နင်ကငါ့ကိုထွက်သွားစေချင်ရုံတင်ပဲ။ ဇွန်ဘီအစစ်သာဆိုရင် ငါတို့ကို ဒီလိုဘယ်လွှတ်ပေးမှာလဲ?”   ယန်ကျင်းဟွာသည် ပြောပြီးနောက် သူ့လက်ကို လှုပ်လိုက်သည်။

ရေခဲဓားများသည် လင်းချင်းထံသို့ ပြေးဝင်လာသည်။ လင်းချင်းသည် ပြတင်းပေါက်မှ ခုန်ချကာ ပြတင်းပေါက်ဘောင်ပေါ်ကနေ အမိုးပေါ်ကို တွယ်တက်သွားသည်။ ရေခဲဓားများသည် ပြတင်းပေါက်ကို မှန်ကုန်ကာ အချို့က ပြတင်းပေါက်ကိုကျော်၍ အောက်သို့ ကျသွားသည်။

ယန်ကျင်းဟွာသည်လည်း ပြတင်းပေါက်ကနေ ခုန်ချလာသည်။ သူလက်ကို လှုပ်ယမ်းလိုက်သည့်အခါ ရေခဲလှေကားတစ်စင်းဖြစ်လာကာ ပြတင်းပေါက်ကနေ အမိုးထိသို့ ဆက်သွယ်ပေးထားသည်။ 

အမိုးပေါ်တွင် မှောင်မဲနေသည်။ လင်းချင်းသည် ထောင့်တစ်ခုတွင် ရပ်နေကာ ယန်ကျင်းဟွာအား
“နင်က ထွက်သွားဖို့က ငြင်းနေမှတော့ နောင်တမရနဲ့တော့!”

ယန်ကျင်းဟွာ၏ ရေခဲများက ကြမ်းပြင်ပေါ်တွင် ပျံ့နှံ့လာကာ လင်းချင်းခြေထောက်နားသို့ ရောက်လာသည်။ လင်းချင်းသည် ခုန်လိုက်ကာ ပျောက်သွားသည်။ ထို့နောက် အမိုးတစ်ခုလုံးသည် ယန်ကျင်းဟွာကြောင့် ခဲသွားတော့သည်။ လင်းချင်းသာ မခုန်လိုက်ပါက သူမသည်လည်း ခဲသွားမှာ ဖြစ်သည်။

လင်းချင်းပျောက်သွားသည်နှင့် ယန်ကျင်းဟွာသည် အမိုးစွန်းကနေ ပတ်ရှာသည်။ ထို့နောက် မျက်လုံးမှိတ်ကာ သူမ၏အရှိန်အဝါကို အာရုံခံကြည့်သော်လည်း မတွေ့ပေ။ မျက်လုံးပြန်ဖွင့်ပြီးနောက် သူသည်ဘေးသို့ ချက်ချင်းရှောင်ကာ သူရပ်ခဲ့သည့်နေရာသို့ ရေခဲမှုံများကို ပစ်လွှတ်လိုက်သည်။ ထိုနေရာတါင် ခပ်ဝါးဝါးသဏ္ဍာန်တစ်ခု ပေါ်လာကာ မြူခိုးနက်တိမ်တိုက်ကြီးတစ်ခုက လေထဲတွင် ရေခဲများကြောင့် ခဲသွားသည်။ ထို့နောက် မြူခိုးနက်များကို ခဲထားသည့် ရေခဲသည် ကြမ်းပြင်ပေါ်သို့ ကွဲကျလာသည်။
Previous Chapter 256 of 410 Next