၂၁၀။ မလိုချင်ရင်ပေး
ဝူချန်းယွဲ့သည် ခေါင်းမရှိတော့သည့် ဇွန်ဘီကို ကြောင်အစွာကြည့်နေမိသည်။ ‘ခေါင်းမရှိတော့ဘူး ငါ့မျက်တောင်တစ်ချက်ပဲ ခတ်လိုက်တယ်။ ခေါင်းကပျောက်သွားတယ်’
သူသည် မျက်လုံးကိုပွတ်ပြီးနောက် မျက်ရိုးကိုဖိလိုက်ရင်း ထပ်ဖွင့်ကြသည့်။ ခေါင်းက တကယ်မရှိတာ ဖြစ်သည်။ ဇွန်ဘီဘုရင်ဆီသို့ အမြန်သွားကာ ကိုယ်ကိုကန်လိုက်ပြီး ခေါင်းဖြတ်ခံလိုက်ရသည့် လည်ပင်းကို ကြည့်လိုက်သည်။ သို့သော်လည်း လည်ပင်းမှ သွေးမည်းမည်းကြီးများ ထွက်နေသဖြင့် သူလက်ကိုပြန်ရုတ်လိုက်သည်။
“သေလိုက်တော့!”
ဝူချန်းယွဲ့သည် စိတ်ကောင်းရှိကာ အမြဲပြုံးနေတက်သူ ဖြစ်သော်လည်း အခုတော့ မျက်နှာကြီး မည်းသည်းကာ ဒေါသတွေထွက်နေပြီ။ သူ့မှာ နှစ်ရက်လောက် ဇွန်ဘီအသက်ထွက်သည့်အထိ အမဲလိုက်နေခဲ့ရပြီး တခြားသူက သူ့ကြိုးစားမှုကို အညွှန့်ခူးသွားသည်။ ဘယ်သူမဆို ဒီလိုအခြေအနေတွင် ဒေါသထွက်မှာပင်။ ပြီးတော့လည်း သူ့ရတနာကိုယူသွားသူသည် ကိုယ်ပျောက်နေသေးသည်။ ထို့ကြောင့် မျက်နှာကို မမြင်ရသဖြင့် ဘယ်သူမှန်းကို မသိနိုင်ပေ။
ဝူချန်းယွဲ့သည် ထလိုက်ကာ ဒေါသပြေဖို့အတွက် အသက်ပြင်းပြင်းရှုနေရသည်။ ‘အသက်ကို ဝဝရှု . . .တောက်! ချီးကိုပဲ ဝဝရှုလိုက်ပါတော့လား!!!’
သူ့အရှေ့တွင် စားပွဲတစ်လုံးသာ ရှိပါက လွှတ်ပစ်မိလောက်မှာ ဖြစ်သည်။
‘ဘယ်သူလဲကွာ! ငါလိုက်ရှာပြီးသတ်ပစ်မိတော့မယ်!’
လင်းချင်းသည် သေချာကိုပုန်းနေလေရာ အဆင့်၇စွမ်းအားရှင်မှာ သူမကို သတိမထားမိပေ။
‘နေရာလွတ်အစွမ်းပဲ!’ ဝူချန်းယွဲ့သည် သေချာတွေးမိသွားသည်။ ခုနတုန်းက ဇွန်ဘီဘေးတွင် အရိပ်တစ်ခုဖြတ်ခနဲ ပေါ်လာပြီးနောက် ခေါင်းကပျောက်သွားတာ ဖြစ်သည်။ အရမ်းမြန်လွန်းသော်လည်း သူသည် အရိပ်တစ်ခုကိုတော့ မြင်လိုက်ရသည်။
‘ချက်ချင်းပေါ်လာပြီး ချက်ချင်းပျောက်သွားတော့ နယ်မြေရှိမှာ သေချာတယ်။ ဘယ်သူဖြစ်မလဲ? အဆင့်၆လား အဆင့်၇လား?’
သူတွေးနေမိသည်။ အဆင့်ငါးနှင့်အောက်တွင်ရှိသည့် သဘာဝလွန်အစွမ်းရှိသည့် မည့်သူမည့်သည့်အရာမဆို သူ့ဆီက ပုန်းအောင်းလို့ မရနိုင်ပေ။
လင်းချင်းသည် ဇွန်ဘီခေါင်းကိုယူ၍ နယ်မြေထဲသို့ ဝင်လာသည်။ အခြားသူများကို ကြည့်မနေဘဲ ရေကန်ကို မျက်နှာမှု၍ မျက်လုံးမှိတ်ထားကာ အပြင်က ဝူချန်းယွဲ့၏ အခြေအနေကို စောင့်ကြည့်နေရင်း နှုတ်ခမ်းလေးမှာ ပြုံးလို့နေသည်။
သူမသည် အပြင်တွင် နှစ်ရက်လောက်နေသည်ဖြစ်ရာ သူမပြန်ပေါ်လာသည်နှင့် အခြားသူများသည် သူမကို စပ်စုစွာ ကြည့်ကြသည်။ ထို့နောက် သူမလက်ထဲမှ မည်းနေသည့်အရာကို သတိထားမိ၍ ထိုအရာကို သေချာအနားကပ်ကြည့်သည့်အခါ ဘာမှန်းသိသွားသည်။
“ဟာ! ဒါဇွန်ဘီခေါင်းမလား?”
“ဟင်? ဘာဖြစ်လို့ နည်းနည်းရင်းနှီးနေသလို ဖြစ်နေတာလဲ?”
“ဒါဇွန်ဘီဘုရင်ရဲ့ခေါင်းမလား?” နောက်ဆုံးမှာ လျူကျင်းသည် ဇွန်ဘီခေါင်းမှန်း သိသွားသည်။
လင်းချင်းသည် မျက်လုံးဖွင့်လာကာ သူတို့ကို လှည့်ပြုံးပြပြီးနောက် ဇွန်ဘီခေါင်းကို လက်နှစ်ချောင်းဖြင့် ရုတ်တရက်ထိုးဖောက်လိုက်သည်။ သူမ၏လက်ချောင်းများက စတီးဓားလို ခေါင်းထဲကို ဝင်သွားသည်။ ထို့နောက် သူမသည် ခေါင်းထဲတွင် လက်ဖြင့်မွှေပြီးနောက် ဆွဲထုတ်လိုက်သည်။ သူမ၏ လက်နှစ်နှစ်ချောင်းကြားတွင် ခရမ်းရောင်ဖျော့ဖျော့ တောက်ပနေသည့် လိုင်ချီးသီးအရွယ် အမြူတေတစ်ခုက ပါလာသည်။ အမြူတေသည် အချို့အစအနများဖြင့် စေးကပ်ကာ ညစ်ပတ်နေသည်။
လင်းချင်းသည် ဇွန်ဘီခေါင်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် ရေပုံးကိုယူကာ ရေခပ်၍ ရေပုံးထဲသို့ ပစ်ချလိုက်သည်။ အမြူတေက ရေထဲရောက်သွားသည်နှင့် ညစ်ပတ်နေသည်များက အရည်ပျော်သွားသည်။ လူသားအဖွဲ့သည် လင်းချင်းဆီသို့ ရေထဲကနေ နွယ်တစ်ခုက ချဉ်းကပ်လာနေကြောင်းကို မသိကြပေ။
ဇွန်ဘီဘုရင်က ဝူချန်းယွဲ့ကြောင့် မလှုပ်နိုင်ဖြစ်သည်နှင့် လင်းချင်းသည် သေတော့မည်ကို သိလိုက်သည်။ ထို့ကြောင့် သူမသည် အောက်သို့ဆင်းလာကာ ခေါင်းကိုဖြတ်၍ နယ်မြေထဲသို့ ဝင်ပြေးလာခြင်းပင်။ ဝူချန်းယွဲ့က ချက်ချင်း မလှုပ်ရှားသေးသည်မှာ သေမသေ မသိသေးကြောင့် ဖြစ်သည်ကို သူမနားလည်သည်။ ထို့ကြောင့် သူမက အရင်လှုပ်ရှားလိုက်တာပင်။ မဟုတ်လျှင် သူမသည် အခွင့်ကောင်းကို ဘယ်တော့မှ မရနိုင်ပေ။
ရေဆေးထားသည့် အမြူတေသည် ခရမ်းရောင်တောက်ပလာကာ စွမ်းအားအများကြီး ပါသလိုဖြစ်နေသည်။ ထိုလူစုသည် ဇွန်ဘီအမြူတေကို ဒီလိုအရောင်မျိုး မြင်ရခဲသဖြင့် လင်းချင်း၏အနားသို့လာကာ ကပ်ကြည့်နေကြသည်။
“အရောင်က အတော်လှတာပဲ။ နေရောင်အောက်မှာဆိုရင် တလက်လက်တောက်နေမှာ”
“အဆင့်၆ဇွန်ဘီအမြူတေက ဒီလိုလား? ငါကြားဖူးတာက အဆင့်၆ဇွန်ဘီ အမြူတေက သူတို့အစွမ်းတွေရဲ့ အရောင်ဆိုလားပဲ။ ခရမ်းရောင်က မိုးကြိုးအစွမ်းပေါ့”
လင်းချင်းသည် ညစ်ပတ်နေသည့်ရေထဲကနေ ဇွန်ဘီအမြူတေကို ထုတ်ယူကာ စုပ်ယူတော့မည်ဟု ထင်သော်လည်း လင်းချင်းသည် ပုံးကိုချခဲ့ကာ ကန်ဘေးသို့သွား၍ ကန်ထဲကို ပစ်ချလိုက်သည်။
“ဟင်!”
“ဘာ!”
“ဟာ! ဘာဖြစ်လို့လဲ? အမကြီးရယ် မလိုချင်ဘူးဆိုရင်လည်း ပေးပါလား ဘာဖြစ်လို့ ကန်ထဲကို ပစ်ချလိုက်တာလဲဗျာ?”
လူတိုင်းသည် ကြောင်အကုန်သည်။ လင်းချင်းက အမြူတေကို မစုပ်ယူဘဲ ကန်ထဲသို့ ပစ်ချရခြင်းကို နားမလည်ကြပေ။ လုထန်ရိသည် သူမ၏ဘေးသို့ပြေးလာကာ ဇွန်ဘီအမြူတေ ပစ်ချသဖြင့် လှုပ်ခတ်သွားသည့် ရေမျက်နှာပြင်ကို မယုံနိုင်စွာ ကြည့်နေသည်။
ထို့နောက် လင်းချင်းအား အရူးမတစ်ယောက်လို ကြည့်ကာ အော်သည်။ “နင်စိတ်မှန်သေးလား? ဒါအဆင့်၆ဇွန်ဘီအမြူတေ အဆင့်ငါးဇွန်ဘီအမြူတေ တစ်ခုတောင် အရမ်းတန်ဖိုးကြီးနေတာ နင်မလိုချင်ဘူးဆိုရင်လည်း ငါတို့ကို ရိက္ခာနဲ့လဲဖို့ ဘာဖြစ်လို့ မပေးတာလဲ?”
အခြားသူတိုင်းသည်လည်း ကြောင်အနေသည်။ ကောင်းချင်းမင်းဆိုလျှင် နဖူးကို လက်ဖြင့်ကာထားမိသည်။ လုထန်ယုဆိုသည့် ဒီဇွန်ဘီမသည် ဇွန်ဘီဖြစ်သွားသောကြောင့် ပိုးကြောင့် ဦးနှောက်ပျက်သွားသလားတောင် သူတွေးနေမိသည်။
လင်းချင်းသည် သူတို့ကို ပုခုံးတွန့်ပြသည်။ ‘ငါမလိုချင်ဘူးလို့ ဘယ်သူပြောလို့လဲ? နွယ်လေးကိုပေးတာက ငါ့အတွက်ပဲလေ’
အခြားသူများလို မဟုတ်သည့် ရှဲ့တုန်းကတော့ ကန်ထဲတွင် ဘာရှိလဲ ဆိုသည်ကို သိလေသည်။
လင်းချင်းသည် သူတို့အကုန်လုံးက ညစ်ပတ်နေသည်ကို လှည့်ကြည့်မိသည့်အခါ မြင်သွားကြသည်။ ကန်ရှိသော်လည်း သူတို့သည် ရေမချိုးကြပေ။ အနည်းဆုံးတော့ ကန်ထဲကရေခပ်ကာ ချက်ပြုတ်စားတက်ကြ၍ တော်သေးသည်။
‘လူတွေပြောသလိုပဲ ယောက်ျားတွေက ဒါမျိုးတွေကို တကယ်ဂရုမစိုက်ဘူးပဲ’ လင်းချင်းက တွေးမိသည်။ သူမသည် ကန်ဘေးကနေ သင်ပုန်းဆီလျှောက်သွားကာ ရေးပြသည်။ ‘ကန်ထဲကရေကိုပုံးနဲ့ခပ်ချိုး။ နင်တို့ နံ့စော်နေတာကို မသိကြဘူးလား?’
ကန်ရေသောက်နေသောကြောင့် သူတို့ကိုယ်အခြေအနေသည် အရင်ကထက် ကောင်းလာပြီကို လင်းချင်းက အာရုံခံမိသည်။ သို့သောလည်း သူတို့က ဒါကိုသတိထားမိပုံ မရသေးပေ။ သူတို့အစွမ်းပြန်ရကြောင်းကို သိလောက်သော်လည်း သူတို့သည် အရင်ကထက် ပိုသက်သောင့်သက်သာ ဖြစ်နေခြင်းကို သတိမထားမိပေ။
လင်းချင်း၏လက်ရေးကို ဖတ်ပြီးနောက် သူတို့အကုန်လုံးသည် ရှက်သွားကြသည်။ ဟွမ်ရှို့က “အမ ကျွန်တော်တို့က ရေချိုးချင်ပါတယ်။ ဒါပင်မယ့် ရှဲ့တုန်းက ကန်က မလုံခြုံဘူး ပြောပြီးတော့ မချိုးခိုင်းတာ”
‘ဘယ်သူက နင်တို့ကို ကန်ထဲဆင်းခိုင်းနေလို့လဲ? ငါပြောတာက ကန်ဘေးကနေ ရေပုံးနဲ့ ခပ်ချိုးလို့’ လင်းချင်းက ရေးပြလိုက်သည်။
“အာ ဟုတ်သားပဲ။ ဘာဖြစ်လို့ မတွေးမိတာပါလိမ့်?” ဟွမ်ရှို့သည် အသံထွက်ပြောကာ အခြားသူများက အချင်းချင်းကြည့်ကုန်ကြသည်။
ထိုအချိန်တွင် လုထန်ရိက “နင့်ခွင့်ပြုချက်မရှိဘဲ ဘယ်သူက လုပ်ရဲမှာလဲ? ငါတို့ရေချိုးနေတုန်း တစ်ခုခုပေါ်လာရင် ဘယ်လိုလုပ်မလဲ? ငါတို့အားလုံးကို နင်ကတာဝန်ယူပြီး လက်ထပ်ပေးမှာ မလို့လား?”