၃၀၂။ လျန်လျန်ကိုထည့်
လင်းချင်းသည် လင်းဖန်အား ပြောသည်။ “ကျေးဇူးပြုပြီး သူတို့ကို နေရမယ့်နေရာကို ခေါ်သွားပေးပါ။ ငါနင့်ကို ပြန်လာရှာပါ့မယ်”
လင်းဖန်သည် သူမကို ခေါင်းငြိမ့်ပြသည်။ ထို့နောက် လင်းချင်းသည် လင်းဖန်အား “ငါနေဖို့ကို စီစဉ်ဖို့ပေးဖို့ မလိုပါဘူး။ ငါအတွက်မလိုဘူး။ စခန်းထဲမှာ နင်တို့ သတိထားရမယ်။ အထူးသဖြင့် မိန်းမတွေကို။ အစက ငါတို့ရောက်လာတည်းက တချို့မျက်လုံးတွေထဲမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေတာကို ငါအာရုံခံမိတယ်” ဒီလိုပြောကာ သူမသည် ဘေးကိုကြည့်လိုက်သည်။
ဒီစခန်းတွင် အမျိုးသားဦးရေသည်များ၍ အမျိုးသား၉ယောက်တွင် အမျိုးသမီး၁ယောက်သာ ရှိသည်။ ထို့ကြောင့် အသစ်ရောက်လာသည့် ငယ်ရွယ်လှပသည့် မိန်းကလေးများသည် အလွန်တရာ့ကို အာရုံစိုက်ခံရတက်သည်။
လင်းဝမ်ဝမ်နှင့် ချန်ဝမ်ရှုတို့ နှစ်ယောက်လုံးသည် လှပသည်။ လုံချင်းယင်၏ မျက်နှာသည် သူတို့လောက် မဟုတ်သော်လည်း သူမ၏အသားအရည်ကောင်းသဖြင့် သူမသည်လည်း ကြည့်ကောင်းသည်။ အမျိုးသမီးလင်းသည် သူတို့သုံးယောက်ထက် အသက်ကြီးနေပြီ ဖြစ်သော်လည်း ကျက်သရေရှိနေဆဲဖြစ်သည်။ ဒီစခန်းတွင်ရှိသည့် ဘယ်သူကမှ သူမကို မျက်စိကျမှာ မဟုတ်ဘူးဟု စခန်းခေါင်းဆောင်များကတောင် အာမမခံနိုင်ကြပေ။
လင်းချင်း၏ စကားများကို ကြားသည့်အခါ လင်းဖန်သည် ဘေးကို ရုတ်တရပ်ကြည့်လိုက်သည်။ သူမပြောသလိုပင် တချို့လူများသည် သူတို့ကို မဖော်ပြအပ်သည့် အကြည့်များဖြင့် ကြည့်နေသလိုပင်။
လုံချင်းယင်၏ အေးစက်သည့် အရှိန်အဝါသည် ပို၍အေးခဲလာသည်။ သူမသည် လက်ကိုမြှောက်လိုက်ကာ သူမ၏ ဓားရှည်ကို တင်းတင်းဆုပ်ကိုင်၍ သတ်ချင်စိတ်အပြည့်ပါသည့် အကြည့်များဖြင့် ဘေးကိုပတ်ကြည့်လိုက်သည်။
ထိုအခါ သူတို့ကို စိုက်ကြည့်နေသည့် လူတစ်ဝက်လောက်သည် သူတို့မျက်လုံးများကို လွှဲလိုက်ကြတော့သည်။ လင်းဖန်သည် သူတို့ကိုကြည့်ကာ လင်းချင်းကို ခေါင်းငြိမ့်ပြ၍ “ငါသိပြီ!”
တခြားသူများနှင့် ခွဲသွားပြီးနောက် လင်းချင်းသည် အများသုံးသန့်စင်ခန်းသို့ သွားသည်။ ထို့နောက် သူမသည် ကိုယ်ဖျောက်လိုက်၍ အမြန်ပြန်ထွက်လာသည်။
ထို့နောက် သူမသည် စခန်းထဲကနေ အပြင်သို့ထွက်ဖို့ လုပ်သည့်အချိန်တွင် နယ်မြေထဲမှ နွယ်လေး၏ အသံကို ကြားလိုက်ရသည်။ နွယ်လေးသည် စိတ်လှုပ်ရှားသည့် အသံဖြင့်
‘မေမေ! မေမေ! မေမေ!’
လင်းချင်းသည် ရပ်လိုက်ကာ နယ်မြေထဲသို့ ဝင်လိုက်သည်။ ထို့နောက် နွယ်လေးသည် တစ်ကန်လုံးကို လှုပ်ခါအောင် နွယ်များကို ယိမ်းနွှဲ့နေသည်။
လျူကျွင်းနှင့် ချူးလီလီတို့သည် ဆိုဖာပေါ်တွင်ထိုင်ကာ နွယ်လေးသည် ကန်တစ်ခုလုံးကို လှုပ်ခါအောင် လုပ်နေသည်ကို စပ်စုစွာ ကြည့်နေသည်။ ဇွန်ဘီနံပတ် ၁ကနေ၇အထိသည် ပထမနယ်မြေလေးနှင့် ဒုတိယနယ်မြေလေးထဲတွင် ပုန်းနေကာ မုံမုံကတော့ တတိယနယ်မြေလေးထဲတွင် တစ်ယောက်တည်း ပုန်းနေသည်။ ဇွန်ဘီ၈ကောင်လုံးသည် နယ်မြေလေးတို့၏ အပေါက်ဝမှနေ ခေါင်းပြူထွက်ကာ နွယ်လေးကို ကြောက်လန့်တကြား ကြည့်နေကြသည်။
လင်းချင်းတို့ ခရီးထွက်လာသည့်လမ်းတွင် ချူးလီလီသည် ဖုန်မှုန့်များ၍ လင်းချင်းကို နယ်မြေထဲသို့ သွင်းခိုင်းသည်။ ထို့နောက် မုံမုံသည် သိသွားသည်နှင့် သူမကိုလည်း အထဲသို့သွင်းပေးဖို့ တောင်းဆိုတော့သည်။ ဒီတစ်ခါတော့ လင်းချင်းသည် ချူးလီလီကို မထွက်ခိုင်းတော့ဘဲ မုံမုံကို အထဲသို့ ထည့်လာခဲ့သည်။ လင်းချင်းသည် ချူးလီလီ၏ အမြင်ကို အရင်မေးကြည့်သည့်အခါ မငြင်းသဖြင့် သူမသည် မုံမုံကို ခေါ်လာခြင်း ဖြစ်သည်။
တခြားဇွန်ဘီများလိုပင် မုံမုံသည် နွယ်လေးကို ကြောက်သဖြင့် နယ်မြေသုံးထဲသို့ ဝင်သွားတာ ဖြစ်သည်။ နွယ်လေးက ထွက်မလာသော်လည်း သူမ၏ အရှိန်အဝါသည် မုံမုံကို ကြောက်နေစေကြသည်။
ခုနတုန်းက နွယ်လေးသည် နွယ်များကို ထုတ်လိုက်စဉ် မုံမုံသည် နယ်မြေသုံးထဲမှ ထွက်လာဖို့ ငြင်းတော့သည်။ လင်းချင်းသည် ကန်ဘေးသို့သွား၍ နွယ်လေးကိုကြည့်ကာ မေးသည်။ “ဘာဖြစ်လို့လဲ?”
နွယ်လေးကို နွယ်တစ်ခုကို လင်းချင်း၏ လက်ကိုရစ်ပတ်လိုက်ကာ ‘မေမေ နွယ်လေးကို အသေးလေးဆီကို ခေါ်သွားပေး! အသေးလေး! သူ့ကိုခံစားနေမိတယ်! သူ့အခြေအနေမကောင်းဘူး. . .မေမေ သူ့ဆီကို နွယ်လေးကို ခေါ်သွားပေး!’
လင်းချင်းသည် ကျောက်စိမ်းဖြူနွယ်များကို အံ့သြတကြီးကြည့်ကာ “သူ့ကို ဘယ်လိုလုပ်ပြီး နင်ခံစားမိတာလဲ? သူက အပြင်မှာလေ”
‘သူ့ကိုယ်ထဲက စွမ်းအားတွေက မကြာခင် ပေါက်ကွဲတော့မလို ဖြစ်နေပြီ!’ နွယ်လေးက ပြောသည်။ ‘နီးနေလို့ နွယ်လေးခံစားမိတာ။ မေမေ သူ့ကိုဒီကိုခေါ်လာပေး။ နွယ်လေးရဲ့စွမ်းအားတွေက အခုအချိန်တော့ သူ့ကိုထိန်းချုပ်ပေးထားလို့ရတယ်။ ဒါပင်မယ့် ကြာလာရင် ဒီလိုဖိအားအောက်မှာ သူ့ကိုယ်က ခံနိုင်တော့မှာ မဟုတ်ဘူး!’ ဒီလိုပြောကာ နွယ်လေးသည် သူ့နွယ်များကို စိုးရိမ်တကြီး လှုပ်ပြသည်။
နွယ်လေးက စိတ်ပူနေသည်ကို မြင်သည့်အခါ လင်းချင်းက ရွေးချယ်စရာရှိဘဲ ခေါင်းငြိမ့်ရတော့သည်။ “ဟုတ်ပြီ။ ငါအရင်သူ့အိမ်ကို သွားရှာပေးမယ်!”
သူမသည် ယွမ်ထန်ရှင်းကို နောက်မှ အမှီလိုက်ရှာရသည်။ နွယ်လေး၏ အပြောအရဆိုလျှင် ကလေးမလေးသည် အခုအချိန်တွင် အရမ်းကို အကြပ်အတည်းထဲသို့ ရောက်နေသည်။ သူမလေး ဘာဖြစ်နေသလဲကို လင်းချင်းက သိချင်သည်။
နွယ်လေးသည် ကျေနပ်သွားကာ ‘မေမေ! မြန်မြန်လုပ်! မြန်မြန်နော်!’
လင်းချင်းသည် နယ်မြေထဲကနေ ကိုယ်ဖျောက်၍ ထပ်ထွက်လာသည်။ ထို့နောက် ပတ်ဝန်းကျင်ကိုကြည့်ကာ အမြင့်ဆုံးအဆောက်အဦးပေါ်သို့ တွယ်တက်သွားလိုက်သည်။ အမိုးပေါ်ရောက်သည့်အခါ သူမသည် အနံ့ခံကြည့်လိုက်သည်။ ဝူချန်းယွဲ့နှင့် ဝူယွဲလင်းတို့၏အနံ့ကို ရသဖြင့် သူမသည် ထိုနေရာသို့ သွားလိုက်သည်။
ထိုနေရာသည် စခန်း၏ အဓိကအလည်ကျသည့်နေရာနှင့် နှစ်မိုင်လောက်ဝေးသည်။ လင်းချင်းသည် ဒီလိုစခန်း၏ အလည်တွင် အဆင့်မြင့်အဆောက်အဦးများနှင့် အိမ်ယာများရှိသည်ကို တွေ့ရသည်။ ဝူယွဲ့လျန်သည် ဒီလိုနေရာမျိုးတွင်မနေဘဲ သိပ်အထင်ကြီးစရာမရှိသည့် နေရာတွင် နေသည်ကို သိလိုက်ရသည်။
လင်းချင်းသည် ဝူချန်းယွဲ့၏ အိမ်အမိုးပေါ်တွင် ရပ်နေကာ အာရုံခံကြည့်သော် ဒီအဆောက်အဦးကို အဆင့်ငါးစွမ်းအားရှင်အချို့က စောင့်ကြပ်နေကြောင်း သူမသိလိုက်ရသည်။ ဝူချန်းယွဲ့၊ မုန့်ယွဲ့နှင့် သူစိမ်း၂ယောက်သည် အဆောက်အဦးထဲတွင် ရှိနေကြသည်။
သူမနီးလာသည့်အခါ ဝူယွဲ့လျန်၏ကိုယ်ထဲတွင် ပြင်းထန်သည့်စွမ်းအားများက အစီအစဉ်လွဲနေသည်ကို ခံစားမိသည်။ ဒီဖြစ်စဉ်သည် သူမနှင့်ရင်းနှီးသည်။ ဒါသည် အရင်တစ်ခေါက်က လင်းရှောင်လု၏ ကိုယ်ထဲတွင် စွမ်းအားများ ပေါက်ကွဲတော့မလို ဖြစ်တာနှင့်တူသည်။ ‘ဟင်? အစွမ်းနိုးပြီလား? မဖြစ်နိုင်တာ သူကရှောင်လုထက်တောင် ငယ်သေးတာကို ဘယ်လိုလုပ်ပြီးတော့များ ဒီလိုဖြစ်နေရတာလဲ?’
သို့သော်လည်း ဝူယွဲ့လျန်၏ စွမ်းအားသည် အနည်းငယ်ရင်းနှီးနေသည်။ ကန်ရေ၏အစွမ်းထဲတွင် နှင့်တူပုံရသော်လည်း တခြားတစ်ခုရှိသေးသည်။ အခုအချိန်တွင် များပြားလွန်းသည့်အစွမ်းများက ကန်ရေထဲကအစွမ်းကို ဖိနှိပ်နိုင်တော့မလို ဖြစ်နေပြီ။ လင်းချင်းသည် ကန်ရေထဲကအစွမ်းကို ချက်ချင်းမှတ်မိလိုက်သည်။
ကလေးမလေး၏ အခြေအနေကို အာရုံခံမိသည့်အခါ လင်းချင်းသည် သုံးထပ်မြောက်ဝရံတာသို့ ခုန်ဆင်းလိုက်ကာ အထဲသို့ဝင်လိုက်သည်။ စာကြည့်ခန်းမှတစ်ဆင့် သူမသည် တတိယထပ်မှ ကော်ရစ်တာသို့ ရောက်လာသည်။
လျန်လျန်၏ အခန်းသည် သုံးထပ်တွင်ရှိပြီး သူမနှင့်အတူ တခြားနှစ်ယောက်ရှိသေးသည်။ လင်းချင်းသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်၍ တံခါးဖွင့်ထားသည့် ကလေးမလေး၏ အခန်းသို့ ဝင်လိုက်သည်။
အခန်းထဲတွင် မုန့်ယွဲ့နှင့် တခြားမိန်းမတစ်ယောက်ကို တွေ့လိုက်ရသည်။ လင်းချင်းသည် ကလေးမလေး၏ ကုတင်ဘေးသို့ သွားလိုက်သည်။ ကလေးမလေးကို စောင်ခြုံပေးထားကာ ခြေနှင့်လက်တို့ကိုတော့ စောင်လွှတ်ထားသည်။ ဝူယွဲ့လျန်၏ မျက်လုံးများသည် မှေးစဉ်းကျနေကာ အာရုံမစိုက်နိုင်ဖြစ်နေသည်။
ကုတင်ဘေးကစားပွဲတွင် ရင်းနှီးသည့် မြက်ပုစဉ်းရုပ်ကို မြင်လိုက်ရသည်။ လင်းချင်းသည် ဒီအရုပ်ကို လုပ်ပေးထားတာ ဖြစ်သော်လည်း ကလေးမလေးက အခုအထိ သိမ်းထားလိမ့်မည်ဟု မထင်ခဲ့ပေ။
သူမသည် ဘာလုပ်ရမလဲကို ခနတွေးလိုက်သည်။ သူမသည် ဝူချန်းယွဲ့အား အကုန်လုံးရှင်းပြဖို့ အချိန်လည်းမရသလို ကလေးမလေးကို ဒီတိုင်းခိုးခေါ်သွား၍လည်းမရပေ။ လင်းချင်းသည် အကြမ်းဖျင်းတွေးကာ အကြံရသွားသည်။ နယ်မြေထဲသို့ ဝင်လိုက်ကာ စာရွက်ပိုင်းတစ်ခုပေါ်တွင် စာရေးယူလာလိုက်သည်။
ချူးလီလီနှင့် တခြားဇွန်ဘီများသည် လင်းချင်းမှာ ပေါ်လာကာ စားပွဲပေါ်တွင် တစ်ခုခုကို ရေးနေပုံရပြီး ချက်ချင်းပြန်ပျောက်သွားသည်ကို မြင်လိုက်ရသည်။
သူမသည် ကုတင်းဘေးသို့ ပြန်ထွက်လာကာ ကလေးမလေး၏ လက်ကို ညင်သာစွာ ကိုင်လိုက်သည်။ ထို့နောက် နှစ်ယောက်လုံး ပျောက်သွားကာ စာရွက်ပိုင်းတစ်ခုသည်သာ ကုတင်လွတ်ပေါ်တွင် ကျန်ခဲ့သည်။
ဝူယွဲ့လျန် ပျောက်သွားချိန်တွင် မုန့်ယွဲ့နှင့် မိုလီတို့သည် ကုတင်ကို ချက်ချင်းလှမ်းကြည့်မိကြသော်လည်း ကုတင်လွတ်ကိုသာ မြင်လိုက်ရသည်။