၂၁၉။ အနည်းဆုံးတော့ လက်စားချေ
မုန့်ယွဲ့သည် ရှောင်ယွင့်လုံကို ကြည့်ကာ တိတ်သွားသည်။ ထို့နောက် ရှောင်ယွင့်လုံက သူမအား “ဘာဖြစ်လို့လဲ? သူ့ကိုအာရုံခံလေ” သူ့အသံကြောင့် မုန့်ယွဲ့သည် အသိပြန်ဝင်လာကာ မျက်လုံးကို မှိတ်၍ သေချာအာရုံခံသည်။
တစ်စက္ကန့်. . .နှစ်စက္ကန့်. . .သုံးစက္ကန့်. . .တစ်မိနစ်. . .နှစ်မိနစ်. . .ငါးမိနစ်ကြာမှ မုန့်ယွဲ့သည် မျက်လုံးပြန်ဖွင့်လာကာ မေးသည်။ “ငါမေ့မျောသွားတာ ဘယ်လောက်ကြာပြီလဲ?”
သူမ၏အမှုအယာကြောင့် ရှောင်ယွင့်လုံသည် မကောင်းသလို ခံစားလိုက်ရသည်။ ထို့ကြောင့် စိတ်ကို ပြင်ဆင်ထားသော်လည်း မုန့်ယွဲ့၏ အမှုအယာက သူ့အားစိတ်ခြောက်ခြားစေသည်။ မုန့်ယွဲ့က ဒီလိုဖြစ်နေရခြင်းမှာ သူမသည် လင်းလင်း၏ကိုယ်ထဲက အစေ့ကို အာရုံခံမရသောကြောင့် ဖြစ်သည်။ လင်းလင်းသာသေလျှင် အစေ့သည်လည်း သေမည်။
ရှောင်ယွင့်လုံသည် မုန့်ယွဲ့ကိုထိန်းပေးထားသည့် လက်များကို ပြန်ရုတ်သိမ်းကာ ထိုင်ချလိုက်ရင်း သူ့မျက်နှာကို လက်ဖြင့်အုပ်ထားသည်။ “သုံးနာရီ”
မုန့်ယွဲ့သည် မျက်လုံးများ ပြူးသွားသည်။ ထို့နောက် မျက်လုံးများနီရဲလာကာ မျက်ရည်များ ထွက်လာလေသည်။
“ငါတို့ ဘယ်လိုလုပ်ရမလဲ? လင်းလင်းကို ရှာသင့်လား”
ရှောင်ယွင့်လုံသည် ခေါင်းမော့ကာ မေးသည်။
“ရှာမယ်? ဘယ်ကိုလဲ? ငါအခုသူ့ဆီက ဘာမှအာရုံခံလို့ မရတော့ဘူး” မုန့်ယွဲ့သည် သူ့ကိုကြည့်ကာ ဖြေသည်။
ရှောင်ယွင့်လုံသည် မျက်လုံးများကို မှိတ်လိုက်သည်။ ခနနေမှ မျက်လုံးပြန်ဖွင့်ကာ ပြတ်သားစွာဖြင့် “ခေါင်းဆောင်ကို သွားရှာရအောင်။ အနည်းဆုံးတော့ ဒီအကြောင်းကို အသိပေးရအောင်။ ငါတို့အပြစ်တွေပါ။ လင်းလင်းကို လုံခြုံအောင် မထားနိုင်ဘူး။ ငါ့ကို သတ်ပစ်မယ်ဆိုရင်တောင်မှ. . .”
မုန့်ယွဲ့သည် ရုတ်တရက် ရွဲ့ကာရယ်လေသည်။ “ဟား ဟား နင့်ကိုသတ်မယ်? ငါတို့နှစ်ယောက်လုံးကို သတ်ရင်တောင်မှ ဘာကပြောင်းလဲသွားမှာ မလို့လဲ ဟား ဟား” ရယ်ပြောနေသော်လည်း သူမ၏မျက်နှာတွင် ဘာအမှုအယာမှ မရှိဘဲ မျက်ရည်များသာ တသွင်သွင်စီးကျနေသည်။
မုန့်ယွဲ့သည် ဝူချန်းယွဲ့၏ ခံစားချက်များကို တွေးနေတာ မဟုတ်ပေ။ ဝူယွဲ့လင်ကို သမီးလေးလို ဆက်ဆံခဲ့သောကြောင့် သူမသည်လည်း အခုဆိုဆိုးဝါးဝါးကို ဝမ်းနည်းနေတာ ဖြစ်သည်။ လင်းလင်းကို တချိန်လုံး ဂရုစိုက်ပေးရင်းဖြင့် တစ်နေ့တော့ ဝူချန်းယွဲ့က သူမကို လက်ခံလာလေမလားဟု မျှော်လင့်ခဲ့သည်။ အခုတော့ အရာအားလုံး ပြီးဆုံးသွားပြီ။ ဝူယွဲ့လင်းအား သူမနှင့် ရှောင်ယွင့်လုံထံမှ ဇွန်ဘီက ခေါ်သွားသည်။ ‘ဝူချန်းယွဲ့ကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ? သနားစရာကောင်းလိုက်တဲ့ လင်းလင်းလေး! ငယ်ငယ်လေးပဲရှိသေးတာကို! လင်းလင်းသေရတာ ငါနဲ့ရှောင်ယွင့်လုံရဲ့ အပြစ်တွေပါပဲ!’
ရှောင်ယွင့်လုံသည် သက်ပြင်းချကာ ပြောသည်။ “ဘာပဲဖြစ်ဖြစ် ငါတို့ပြောရမှာပဲ။ ပြီးတော့ ဇွန်ဘီကို အတူရှာရမယ်။ အနည်းဆုံးတော့ ငါတို့လက်စားချေရမယ်”
မုန့်ယွဲ့သည် ခနငြိမ်သွားပြီးမှ သူ့ကိုမော့ကြည့်လာသည်။ သူပြောတာမှန်သည်။ ဝူချန်းယွဲ့က သူတို့နှစ်ယောက်လုံးကို သတ်မယ်ဆိုရင်တောင် လက်ခံနိုင်ပါသည်။ သို့သော်လည်း ဘာပဲဖြစ်ဖြစ် သူတို့သည် လက်စားချေဖို့တော့ လိုအပ်သည်။
ဒီလိုဆုံးဖြတ်ချက်ချပြီးသည့်အခါ သူတို့နှစ်ယောက်သည် ဝူချန်းယွဲ့ကို သွားရှာကြသည်။ မုန့်ယွဲ့သည် ဒဏ်ရာရထားသောကြောင့် အရပ်ရှည်ကာ တောင့်တင်းသည့် ရှောင်ယွင့်လုံက သူမကို ကျောပိုးသွားသည်။
မိုးခြိမ်းသံနှင့်အတူ မိုးစက်များက ကောင်းကင်ပေါ်က ကျဆင်းလာသည်။ ဝူချန်းယွဲ့သည် အနောက်ပိုင်းရေကန်နားက မိုးမျှော်တိုက်တစ်ခု၏ ဝရံတာတွင်ရပ်နေသည်။ ကမ္ဘာပျက်ခေတ်တွင် စွန့်ပစ်ခံအဆောက်အဦးများက ပေါများလှသည်။
တစ်စုံတစ်ယောက်အတွက် ဝမ်းနည်းစွာ ငိုနေသည့်အလား မည်းမှောင်စွာ မိုးရွာသွန်းနေသည့် ကောင်းကင်ကြီးကို ငေးကြည့်နေသည်။ မိုးရေများက အမိုးပေါ်ကနေ သစ်ရွက်များပေါ်ကနေ ကျဆင်းနေကာ ကမ္ဘာပျက်ခေတ်၏ ဖုန်များကို ဆေးကြောပေးနေသည်။
မိုးရွာသည်ကို ကြည့်နေရင်း ဝူချန်းယွဲ့သည် ထူဆန်းကာ မကောင်းသည့် ခံစားချက်ကို ရလိုက်သည်။ ထိုအရာက သူ့အားအသက်ရှုကြပ်စေသည်။ ရာသီဉတုက သူ့အားစိတ်ဓာတ်ကျအောင် လုပ်နေသလားတောင် တွေးမိနေသည်။
သူ့ဇွန်ဘီအမြူတေကို ခိုးသွားသည့်သူကို တွေးမိသည့်အခါ ဝူချန်းယွဲ့သည် မျက်နှာကြီး မည်းသည်းသွားကာ တစ်ကိုယ်လုံးက အအေးဓာတ်များ ထုတ်နေသည်။ သူ့နားတွင် တစ်ယောက်ယောက်ရှိပါက ထိုလူသည် မိုးကတောင် ဝူချန်းယွဲ့ထက် ပိုနွေးဦးမည်ကို သိနိုင်သည်။ ‘ငါတကယ် စိတ်တိုတယ်! ဘယ်လိုများ ငါ့ဆီကနေ ခိုးသွားရဲတာလဲ? အတင့်ရဲလိုက်တာ!’
သူသည် ကောင်းကင်ကို ထပ်ကြည့်လိုက်သည်။ သူ့စိတ်ထဲက ဒေါသများက တဖြည်းဖြည်း လျော့ပါးလာကာ စိတ်ငြိမ်သွားသည်။ ထို့နောက် ဒီနေရာတွင် မနေသင့်သည်ကို သိလိုက်သည်။ ထို့ကြောင့် သူ့သမီးဆီကို အရင်ပြန်ဖို့ လုပ်လိုက်ပြီး ဒီနေရာကို ရှာဖို့လူများ လွှတ်ရမည်။ သူ့သမီးကို သူစိတ်ပူနေပြီ။
ရှောင်ယွင့်လုံသည် အဆင့်၆စွမ်းအားရှင်ဖြစ်၍ လင်းလင်းကို ကာကွယ်ပေးနိုင်သည်။ သို့သော်လည်း အဆင့်၆ဇွန်ဘီသာ ထပ်ရှိနေပါက လင်းလင်းသည်လည်း ဒုက္ခရောက်တော့မည်။ အဘယ်ကြောင့်ဆိုသော် ရှောင်ယွင့်လုံသည် အဆင့်၆ဇွန်ဘီဖြင့် မယှဉ်တိုက်နိုင်ပေ။
မိုးကပိုသည်းလာသည်ကို ကြည့်ရင်း ဝူချန်းယွဲ့သည် ခနစောင့်ပြီးမှ ပြန်ဖို့ဆုံးဖြတ်လိုက်သည်။ သူ့ဇွန်ဘီအမြူတေကို ခိုးသွားသူ၏ အရှိန်အဝါကို သူမှတ်မိလေရာ ထိုသူကိုရှာဖို့ သူ့လူများကို သေချာပေါက်ကို လွှတ်မည်။ နောက်နောင်တွင် ထိုသူဖြင့် သူထပ်တွေ့လိမ့်မည်။ ထိုအခါတွင်တော့ ဒီလောက်အတင့်ရဲသူက ဘာလဲဆိုသည်ကို သူသိရလိမ့်မည်။
ထိုအချိန်တွင် လင်းချင်း၏ နယ်မြေထဲမှ ဝူယွဲ့လင်းသည် အရင်လောက် မကြောက်တော့ပေဗ။ သူမသည် သတိထားနေသော်လည်း သူမရင်ခွင်ထဲက မွေးပွယုန်လေးက စိတ်သက်သာစေသည်။ လင်းချင်းက ဧည့်ခံထားသည့် စတော်ဘယ်ရီသီးများကို အကုန်စားနေသည်။
ဝူယွဲ့လင်းသည် ရှဲ့တုန်းကို မှတ်မိသော်လည်း လင်းချင်းကို မမှတ်မိပေ။ သူမ၏အဖေက အင်အားကောင်းသည့် ဇွန်ဘီများတွင် မျက်လုံးအနက်ရှိကြောင်း ပြောပြထားခဲ့ဖူးသည်။ သူမကို စတော်ဘယ်ရီချကျွေးသူသည် လူလား ဇွန်ဘီလားတော့ မသေချာပေ။ အပြင်က ဇွန်ဘီများလို ရုပ်ဆိုးပြီး ရွံ့ဖို့ကောင်းကာ ကြောက်စရာရုပ်ကြီး မဟုတ်ဘဲ စခန်းထဲက လူများနှင့်တော့ တူသည်။ ပြီးတော့လည်း ဒီလိုကြည့်ကောင်းသည့် ဇွန်ဘီသည် မြက်ပုစဉ်းရုပ်များကိုလည်း လုပ်တက်သည်။ ထို့အတူ သူမ၏ အမကြီးဇွန်ဘီကိုတော့ ရှာ၍မတွေ့သေးပေ။ ‘ဘယ်ကိုသွားနေတာလဲ?’
လင်းချင်းသည် ကလေးမလေး၏ နားမလည်ခြင်းများကို လျစ်လျူရှုထားသည်။ သူမကို မမှတ်မိတာထက် ကလေးမလေးသာ မကြောက်တော့ရင်ဖြစ်သည်။
အခုလင်းချင်းတွေးနေရသည်မှာ ကလေးမလေးကို သူ့အဖေဆီသို့ ဘယ်လိုပြန်ပို့ရမလဲပင်။ အဖေဖြစ်သူ၏ ရတနာကို ခိုးလာသည်က မကြာသေးသော်လည်း အခုတော့ မျက်နှာလုပ်၍ကောင်းတာကြီး ဖြစ်လာကာ ပြန်ပေးရပြီ။
‘ဘယ်လောက်တောင် တိုက်ဆိုက်လိုက်လဲ ဒီတစ်ခါတော့ ငါသူ့သမီးကို မျက်နှာချင်းဆိုင် ပြန်မပေးလည်းရပြီ။ ငါ့မှာကူညီမယ့်သူတွေ အများကြီးပဲ’
လုထန်ရိတို့ကို တစ်ချက်ကြည့်ကာ လင်းချင်းသည် ဝူယွဲ့လင်းအား ဒီလူများဖြင့် သူမ၏ အဖေထံသို့ ပြန်ပို့ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။ စခန်းခေါင်းဆောင် ဝူချန်းယွဲ့က ဒီလူများကို စခန်းသို့ ပြန်ခေါ်သွားလိမ့်မည်။ ထို့ကြောင့် လင်းချင်းလည်း သူတို့ကို ပြန်လိုက်ပို့ပေးစရာ မလိုတော့ပေ။
အခုဇွန်ဘီအမဲလိုက်နေစဉ် သူ့သမီးလေးက ဒုက္ခရောက်နေသည်ကို ဝူချန်းယွဲ့က သိပါ့မလားဟု လင်းချင်းက တွေးနေသည်။ အဆင့်၆ဇွန်ဘီက ခေါ်သွားသည်ကိုသိရင် ဘယ်လိုနေမလဲ တွေးမိသည်။
ထို့ကြောင့် ထလာကာ ရှဲ့တုန်းဆီသွား၍ သင်ပုန်းယူကာ လုထန်ရိတို့ကို အနားလာဖို့ လက်ယက်လိုက်သည်။ လုထန်ရိတို့က သူမဆီသို့ နားမလည်စွာဖြင့် ရောက်လာသည်။ လုထန်ရိသည် မကြောက်တော့သည့် ကလေးမလေးကိုကြည့်ရင်း မေးသည်။ “ဘာလဲ? အစီအစဉ်က?”
‘စိတ်အပြောင်းအလဲက မြန်လိုက်တာ။ ဒီလိုကလေးမျိုးတွေက ပတ်ဝန်းကျင်အပြောင်းအလဲကို မခံနိုင်ကြဘူးဆို။ အခုတော့ငြိမ်နေတာပဲ ဘာဖြစ်လို့လဲ? ယုန်ကြောင့်လား? ယုန်ကြောင့် အာရုံပြောင်းနေလို့လား? ဒါမှမဟုတ် နယ်မြေက ကလေးတွေကို စိတ်သက်သာရတဲ့အစွမ်းရှိနေလို့လား’
လုထန်ရိမှာသာ မေးခွန်းရှိနေတာ မဟုတ်ဘဲ အခြားသူများသည်လည်း လျှောက်ခန့်မှန်းကာ တွေးနေကြသည်။