May Honey Logo May Honey
Previous Next

၂၄၈။ အဒေါ်လို့ခေါ်

လျူကျွင်းသည် နားလည်စွာဖြင့် ခေါင်းငြိမ့်ကာ   “အာ သိပြီ ဒါကြောင့် ချူးလီလီက နွယ်လေးကို ပြန်နှိုးဖို့ ဇွန်ဘီအမြူတေတွေ သွားရှာနေတာကို ငါတို့စောင့်ဖို့ လိုတာပဲ။ ပြီးတော့လည်း ဒုခေါင်းဆောင်ယွမ် ပြန်လာမှာကို ဘယ်လိုထင်လဲ? သူသွားတာက ကြာနေပြီ”

လင်းချင်းသည် ရှဲ့တုန်းကို တစ်ချက်ကြည့်ကာ   “ယွမ်ထန်ရှင်းက ပင်လယ်မြို့တော်စခန်းကို သွားတယ်။ ဝူချန်းယွဲ့နဲ့ သွားတွေ့တာ ဆိုပင်မယ့် အဲ့ဒီလူက စခန်းမှာ မရှိဘူး။ ပူးပေါင်းပေးမယ့်သူက မရှိတော့ ယာယီမိတ်ဆွေကို သူရှာရလိမ့်မယ်။ ရှဲ့တုန်း သူက ယန်ချောင်း ဒါမှမဟုတ် ကျိုးရှုဟွေ့တို့ထဲက ဘယ်သူ့ကိုရွေးမယ်လို့ နင်ထင်လဲ?”   ဒီလိုမေးကာ ရှဲ့တုန်းအား သင်ပုန်းပေးလိုက်သည်။

ရှဲ့တုန်းသည် သင်ပုန်းကိုယူကာ ရေးပြသည်။   ‘ယန်ချောင်းက အပြင်ကလူတွေနဲ့ ပူးပေါင်းမယ့်စိတ် မရှိဘူး။ သူက စခန်းကို အားကောင်းလာဖို့ပဲ လုပ်နေတာ။ သံတမန်ရေးရာ ဆက်သွယ်ဖို့ဆိုရင် သူ့လက်အောက် ဒုခေါင်းဆောင်နှစ်ယောက်ကိုပဲ လွှဲလိမ့်မယ်’

လင်းချင်းသည် ခေါင်းငြိမ့်ပြကာ   “ဆိုလိုတာက ဝူချန်းယွဲ့သာ ပြန်မရောက်လာသေးရင် ယွမ်ထန်ရှင်းကို သူကလူအများကြီး မငှားဘူးပေါ့။ အဲ့ဒါကြောင့် ငါ့အထင် ယွမ်ထန်ရှင်းက ပင်လယ်မြို့တော်စခန်းက တချို့လူတွေကို အစာနဲ့မျှားခေါ်ရမှာပဲ။ ဒါပင်မယ့် တကယ်အလုပ် လုပ်ပေးချင်စိတ် ရှိမရှိကိုတော့ ငါတို့လည်း ဘယ်သိမလဲ”

လျူကျွင်းသည် တုံတုံကို ကုတင်ပေါ်ချကာ သူမက ဘေးတွင်ထိုင်၍ လင်းချင်းအား   “ဒုခေါင်းဆောင်ယွမ်က အဲ့ဒီမှာ ကြာမယ်ဆိုတဲ့ သဘောလား?”

လင်းချင်းသည် ခေါင်းငြိမ့်လိုက်သည်။ ထိုအကြောင်းကြောင့် ချူးလီလီနှင့် ယွမ်ထန်ရှင်းတို့ကို သူမတို့ စောင့်ရလိမ့်မည်။ 

နှစ်နာရီကြာသည့်နောက် ညနေ၉နာရီလောက်တွင် လင်းဖန်၊ ချန်းဝမ်ရှုနှင့် နိုးလာပြီဖြစ်သည့် လင်းရှောင်လုတို့သည် လင်းချင်းအခန်းကို လာတွေ့ကြသည်။ လင်းချင်းသည် လျူကျွင်းတို့ အရှေ့က အခန်းကို သန့်ရှင်းရေးလုပ်ကာ ရှဲ့တုန်း၏ဘေးခန်းတွင် ယာယီနေတာ ဖြစ်သည်။ တံခါးခေါက်သံကြား၍ ဖွင့်ပေးသည့်အခါ သူတို့ကို မြင်လိုက်ရသည်။

“ဪ ရှောင်လုတောင် နိုးနေပြီလား? ဝင်ခဲ့လေ”
သူမကို ခေါင်းမော့ကြည့်သည့် လင်းရှောင်လုကို အရင်ကြည့်ကာ လင်းချင်းက ဧည့်သည်များကို ဖိတ်ခေါ်လိုက်သည်။

လင်းဖန်သည် ထုံးစံအတိုင်း တည်ကြည်နေသည့် မျက်နှာထားဖြင့် ဖြစ်သည်။ လင်းချင်းကို ခေါင်းငြိမ့်ပြကာ အခန်းထဲသို့ ဝင်လာသည်။ ချန်းဝမ်ရှုက လင်းရှောင်လု၏ လက်ကိုဆွဲကာ အခန်းထဲဝင်စေသည်။ ထို့နောက် လင်းချင်းကို လက်ညိုးထိုးပြကာ   “ရှောင်လု ဒီအမကြီးကို ကျေးဇူးတင်ကြောင်း ပြောလိုက်။ သမီးဖျားပြီး မေ့နေတုန်းက ဒီအမကြီးက သမီးကို ကယ်ပေးတာ။ ကျေးဇူးတင်ဖို့လိုတာကို သိတယ်မလား?”

လင်းရှောင်လုသည် နာခံစွာဖြင့် ခေါင်းငြိမ့်ကာ လင်းချင်းအား ချစ်ဖို့ကောင်းစွာ   “မမကြီးကို ကျေးဇူးတင်ပါတယ်ရှင့်”

“အယ် မမကြီးလို့ မခေါ်ပါနဲ့။ အန်တီလို့ခေါ်။ အသက်ကြီးနေပြီပဲဟာ။ သမီးက မမကြီးခေါ်တာ တစ်မျိုးကြီးပဲ”   လင်းချင်းသည် ချန်းဝမ်ရှု၏ အသုံးအနှုန်းကြောင့် အနည်းငယ်ဆွံ့အသွားသဖင့် လင်းရှောင်လုကို ဖြတ်ပြောလိုက်ရတာ ဖြစ်သည်။ 

လင်းရှောင်လုသည် လင်းချင်းမှာ သူမ၏ အဒေါ်အကြီးဆုံး ဖြစ်ကြောင်းကို မသိသေးသော်လည်း အဒေါ်လို့သာ ခေါ်နိုင်သည်။ အမကြီးဟုခေါ်ရင် လွဲနေလိမ့်မည်။ လင်းချင်းသာ အမခေါ်နေသည်ကို ခွင့်ပြုလိုက်လျှင် အကိုကြီးဖြစ်သည့် လင်းဖန်က သူမ၏ဦးလေးဖြစ်လာကာ အမေဖြစ်သူသည် အဖွားဖြစ်တော့မည်။ ဒါက လက်မခံနိုင်စရာပင်။

ချန်းဝမ်ရှုသည် သူမကို တအံ့တသြကြည့်ကာ   “ဘယ်ဖြစ်ပါ့မလဲ? ဒီလောက်ငယ်တဲ့ရုပ်လေးပေါ်တာကို”

လင်းချင်းသည် သူတို့အား ဆိုဖာပေါ်တွင်ထိုင်ဖို့ လက်ပြလိုက်ပြီးမှ လက်ကာပြကာ   “မဟုတ်တာ။ မဟုတ်တာ။ အန်တီလို့ ခေါ်ရင်ခေါ် မဟုတ်လည်း အဒေါ်လို့ ခေါ်ပေါ့”

လင်းချင်းသည် အတင်းငြင်းနေသဖြင့် ချန်းဝမ်ရှုသည် ပြုံးကာ သူမ၏သမီးအား   “ကဲ အန်တီလို့ ခေါ်လိုက်နော် သမီး”

သူမ၏စကားမဆုံးခင် လင်းဖန်သည် ဘေးကနေရပ်ကြည့်နေရာမှ ဝင်ပြောသည်။   “အဒေါ်လို့ခေါ်။ ဒါကပိုကောင်းတယ်”

လင်းချင်းနှင့် ချန်းဝမ်ရှုသည် သူ့အား အံ့သြစွာ လှည့်ကြည့်ကြသည်။ လင်းချင်းကလည်း ဒီလိုခေါ်သည်ကို ပိုသင့်တော်သည်ဟု ထင်သော်လည်း အကြောင်းပြချက်ကို မရှာပေးတက်ပေ။ လင်းဖန်က ဒီလိုပြောရခြင်းက ဘာဖြစ်၍နည်း?

ချန်းဝမ်ရှုသည် လင်းဖန်ကို ထူးဆန်းစွာ စိုက်ကြည့်နေသည်။ အခြေအနေသည် အနေရခက်နေလေရာ လင်းချင်းက အမြန်စကားဝင်လွှဲရတော့သည်။   “အ ဟား ဟား ဟား ခေါ်ချင်သလိုသာ ခေါ်ကြပါတော့။ ရှောင်လုက ဘယ်လိုခေါ်ချင်လဲ?”

လင်းရှောင်လုသည် အန်တီဟု ခေါ်ဖို့လုပ်သော်လည်း နောက်ကျောမှ သူမ၏အဖေ၏ ခြိမ်းခြောက်နေမှိုကု ခံစားမိသဖြင့် သူမကိုယ်သူမပြင်ကာ လင်းချင်းအား   “ဒါဆိုရင် အဒေါ်လို့ ခေါ်မယ်လေနော်”

လင်းချင်းသည် ပြုံး၍ခေါင်းငြိမ့်ကာ သူမအား   “အစွမ်းက ဘာလဲ? သုံးနိုင်ပြီလား?”

လင်းရှောင်လုသည် တွေဝေစွာဖြင့် ခေါင်းခါသည်။   “သမီး မသိသေးဘူး”

“သိပ်မကြာပါဘူး။ နှစ်ရက်သုံးရက်ပဲ စောင့်ရမှာ”   လင်းဖန်က အမှုအယာမဲ့စွာဖြင့် ပြောသည်။

လင်းချင်းသည် လူသားများ အစွမ်းနိုးလာခြင်းကို သေချာမသိပေ။ လုထန်ယု၏ မှတ်ဉာဏ်များထဲတွင်တော့ သေချာတာ သိပ်မရှိပေ။ သူမက ရုပ်ရည်ကိုသာ ဂရုစိုက်သူ ဖြစ်သောကြောင့် ဖြစ်သည်။ 

“ဟုတ်တယ်။ လူတွေက နိုးလာရင် နှစ်ရက်လောက် သူတို့အစွမ်းကိုသုံးဖို့ စောင့်ရတယ်”   ချန်းဝမ်ရှုက ပြောသည်။   “အခု ဘာအစွမ်းရှိမလဲ မသိသေးပင်မယ့် သူ့အစွမ်းနှိုးတာကို ကူညီပေးလို့ တကယ်ကျေးဇူးတင်ပါတယ်”

“ရပါတယ်”   လင်းချင်းက ခေါင်းခါကာ ပြုံး၍ပြောသည်။ သို့သော်လည်း စကားမဆုံးခင် အပြုံးသည် တောင့်ခဲသွားကာ ပြတင်းပေါက်အပြင်ကို သူမ၏ မျက်ဝန်းနက်များက ထူးဆန်းသည့် အရောင်တောက်နေကာ လှည့်ကြည့်သည်။ 

လင်းဖန်နှင့် ချန်းဝမ်ရှုတို့က သူမ၏ မျက်နှာထားပြောင်းသွားသောကြောင့် နားမလည်ဖြစ်ကာ ပြတင်းပေါက်အပြင်ကို လိုက်ကြည့်သော်လည်း အပြင်တွင် မှောင်နေသဖြင့် ဘာကိုမှ သူတို့မမြင်ရပေ။

“ဘာဖြစ်လို့လဲ?”   မနေနိုင်သည့် ချန်းဝမ်ရှုက မေးသည်။

လင်းချင်းသည် ချက်ချင်းထလိုက်ကာ   “မလှုပ်ကြနဲ့။ ငါသွားစစ်ကြည့်လိုက်မယ်”

သူမသည် ပြတင်းပေါက်နားက နံရံသို့ ကပ်သွားကာ အပြင်ကို မျက်လုံးတစ်ဖက်ပိတ်ကာ ကြည့်လိုက်သည်။ တစ်မိုင်လောက်အကွာမှ လင်းဖန်တို့ လင်မယား မမြင်နိုင်သည့် နေရာတွင် အလင်းတစ်ခုက တောက်ပလို့နေသည်။

“အခန်းကိုပြန်ပြီး တခြားသူတွေကို ကြည့်ထားကြ”   လင်းချင်းသည် လင်းဖန်နှင့် ချန်းဝမ်ရှုတို့ကို အရေးကြီးစွာ ပြောလိုက်သည်။ ထို့နောက် သူမသည် ထိုနေရာမှ ပျောက်သွားသည့်အခါ သူတို့သည် အချင်းချင်းကြည့်ကာ နားမလည် ဖြစ်သွားသည်။

လင်းချင်းသည် ကိုယ်ဖျောက်လိုက်၍ ပြတင်းပေါက်မှ ခုန်ထွက်ကာ အမိုးပေါ်သို့ တက်လာသည်။ ထို့နောက် ခေါင်းကိုမော့၍ အနံ့ခံကြည့်သည်။ သူမထင်သလိုပင် လူသားတစ်စု၏ အနံ့ကို ရလိုက်သည်။ ထိုအနံ့များထဲမှ တစ်ခုသည် သူမအတွက် အရမ်းရင်းနှီးနေလေသည်မှာ သူမ၏ နောက်သတ်ရမည့်သူစာရင်းထဲများက တစ်ယောက်ပင်။

ဒီလူများကို သိသွားသည်နှင့် လင်းချင်းသည် ကိုယ်ကိုကိုင်း၍ အမိုးပေါ်က ခုန်ချသည်။ သူမသည် လေးလွှာလောက်ကျသည့်အခါ လေထဲတွင် လူကိုလှည့်၍ လက်ကိုဆန့်၍ ဝရံတာလက်တန်းကို ဖမ်းကာ တက်လိုက်သည်။ ထို့နောက် သူမသည် ဝရံတာများမှတစ်ဆင့် လေးလွှာ၏ အနောက်ဘက်ခန်းများသို့ တွယ်ကူးလိုက်သည်။ ဝရံတာမှ လွတ်နေသည့်အခန်းထဲသို့ တင်ကာ အမြန်ထွက်လာ၍ ကိုယ်ပြန်ဖော်ကာ လျူကျွင်းတို့ အခန်းကို အမြန်တံခါးခေါက်ကာ ဝင်လိုက်သည်။ 

လျူကျွင်းသည် တုံတုံကို ချော့သိမ့်နေခဲ့သည် ဖြစ်ရာ လင်းချင်းဝင်လာသည်နှင့် တံခါးကိုပြန်ပိတ်ကာ အသံတိုးတိုးဖြင့်   “ဘာဖြစ်လို့လဲ?”  
Previous Chapter 248 of 410 Next