၃၅၁။ ပြဿနာကိုရှာနေတာ
“ဒါဆိုရင် ဒါကနင့်ကိုဒုက္ခလာပေးတဲ့မိန်းမပေါ့!” ရုတ်တရပ် အက်ကွဲနေသည့်အသံက ထွက်လာသည်။
အခန်းထဲကလူများသည် အသံထွက်ရာသို့ ကြည့်လိုက်သည့်အခါ နေကာမျက်မှန်နှင့် ဦးထုပ်ဖြင့်မိန်းမကို မြင်လိုက်ရသည်။ သူမက ဘယ်တည်းက ရောက်နေသလဲကို ဘယ်သူကမှ မသိပေ။
လင်းချင်းသည် နေကာမျက်မှန်ကိုချွတ်၍ သူမ၏မျက်ဝန်းနက်များနှင့် မျက်စံအစိမ်းများကို ဖော်ပြလိုက်သည်။
သူမကို မြင်သည့်အခါ လင်းဝမ်ဝမ်သည် ပျော်ရွှင်စွာဖြင့်
“လုမိန်းကလေး ပြန်လာပြီပဲ!”
လင်းချင်းက သူမကိုပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။
ယွမ်ထန်ရှင်း၏အပြုံးသည်လည်း စစ်မှန်လာကာ “ကောင်းတယ်။ ငါတို့မကြာခင် ပြန်လို့ရပြီ”
သို့သော်လည်း လင်းချင်းက ခေါင်းကိုခါကာ “ငါတို့ဒီမှာ ခနနေရမယ်လို့ ထင်တယ်!”
သူမ၏စကားများကြောင့် အခြားသူများသည် သူမကို နားမလည်စွာ ကြည့်ကြသည်။ လင်းဝမ်ဝမ် “ဘာဖြစ်လို့လဲ?”
“ဒီည လူတချို့သေသွားတယ်။ ဒီစခန်းမှာ အခြေအနေက နည်းနည်းလှုပ်ခတ်သွားတော့မယ်။ သိပ်တော့မကြာလောက်ပါဘူး။ မနက်မိုးလင်းတာနဲ့ ငါတို့တံခါးကို လာခေါက်မယ့်သူတွေ ရောက်လာလိမ့်မယ်”
လင်းဝမ်ဝမ်နှင့်အခြားသူများသည် သူ့ကိုအံ့သြစွာကြည့်သည်။ သူတို့လိုမဟုတ်သည့် ယွမ်ထန်ရှင်းက မေးသည်။ “ဘယ်သူသေသွားလဲဆိုတာ သိနေပုံပဲ!”
လင်းချင်းသည် အပြုံးဖွဖွဖြင့် “သေချာတာပေါ့! ဒုခေါင်းဆောင်ရယ် ခေါင်းဆောင်ရဲ့ညီမရယ် ပြီးတော့ ဇွန်ဘီပိုးကို သုသေသနလုပ်နေတဲ့ ဆရာဝန်ရယ်။ ဘယ်လိုထင်လဲ?” ဒီလိုပြောကာ လင်းချင်းသည် ပြတင်းပေါက်နားသို့ လျှောက်သွားပြီး ပြတင်းပေါက်ဘောင်ကိုမှီကာ အပြင်ကိုငေးကြည့်နေသည်။
ယွမ်ထန်ရှင်းတို့၏ အမှုအယာသည် အနည်းငယ်ပြောင်းသွားသည်။ ထို့နောက် သူတို့သည် လင်းချင်းအား လန့်သွားပြီး သံသယဖြင့်ကြည့်ကာ လင်းဝမ်ဝမ်က မျက်မှောင်ကျုံ့၍ “ဘာဖြစ်လို့ သူတို့သေတာလဲ? ပြီးတော့. . .အခုပေါ်လာလို့ မရသေးဘူးမလား?”
ယွမ်ထန်ရှင်း၏ မျက်နှာသည်လည်း မှောင်မည်းသွားကာ ပြတင်းပေါက်သို့ အမြန်လာ၍ လိုက်ကာကိုချလိုက်သည်။ “ဝမ်ဝမ်ပြောတာ မှန်တယ်။ အခုပေါ်လာတာက ယန်းချောင်းက နင့်ကိုပိုသံသယဝင်လိမ့်မယ်။ ပြီးတော့လည်း ဒီလူတွေက ဘယ်လိုလုပ် သေသွားတာလဲ? ယန်းချောင်းမိသားစုကို သေချာကာကွယ်ပေးထားတာ ဘယ်သူက သူ့ညီမကို သွားသတ်ရဲတာလဲ?”
“ငါလုပ်တာ! ငါ့အတွက်ကြောက်စရာက ဘာမှမရှိတာ” လင်းချင်းက ပြောသည်။
လင်းဝမ်ဝမ်သည် ယန်းယန်သေသည့်အကြောင်းကို ကြားသည့်အခါ အနည်းငယ်ပျော်သွားသော်လည်း လင်းချင်းက သူမက သတ်နိုင်ကြောင်းပြောသည့်အခါ သူမကို တခြားသူများလို ကြောင်အစွာဖြင့် ငေးကြည့်နေသည်။ ဘာပြောရမှန်းကို သူမက မသိတော့ပေ။
တူယွမ်ရှင်းသည် မျက်လုံးပြူးသွားကာ သရဲမြင်သည့်အလား လင်းချင်းကို “မိန်းကလေး နင်ကပြဿနာရှာနေတာပဲ!”
“ပြဿနာကိုရှာနေတာ” လင်းချင်းက ပုခုံးကိုတွန့်ကာ ဂရုမစိုက်သလိုဖြင့် ယုတ်မာစွာပြုံးရင်း ဖြေသည်။
“စိတ်အေးအေးထားစမ်းပါ မကြာခင် ယန်းချောင်းကို အခက်တွေ့အောင်လုပ်ထားတာကို အခွင့်ကောင်းယူတဲ့သူ ရှိလာလိမ့်မယ်။ ယန်းချောင်းအတွက် အချိန်သိပ်မကျန်တော့ပါဘူး”
“ဘယ်သူကလဲ?” အကုန်လုံးက တစ်သံတည်း မေးသည်။
“သူ့ရန်သူက ဘယ်သူမလို့လဲ?” လင်းချင်းက ပြန်မေးသည်။
“ဝူချန်းယွဲ့!” အကုန်လုံးက အတူတူဖြေသည်။ လင်းဝမ်ဝမ်နှင့် ယွမ်ထန်ရှင်းတို့သည် လင်းချင်းပြောချင်သည်ကို ချက်ချင်းသဘောပေါက်သွားကြတော့သည်။
“သေသွားတဲ့ သုသေသနပညာရှင်က ဝူချန်းယွဲ့ရဲ့ဘက်ကမလား? အဲ့ဒါကြောင့် ဒါကိုအခွင့်အရေးအနေနဲ့ အပိုင်ကိုင်မယ်လို့ ပြောချင်တာလား?” လင်းဝမ်ဝမ်က မျက်လုံးပြူးသွားကာ မေးသည်။
လင်းချင်းသည် သူမအား အဓိပ္ပါယ်ပြည့်သည့် အပြုံးတစ်ခုသာ ပြုံးပြသည်။
ယွမ်ထန်ရှင်းက ခေါင်းငြိမ့်ကာ “ငါလည်း ဝူချန်းယွဲ့သာဆိုရင် ဒီအခွင့်အရေးကို လုံးဝအလွတ်ခံမှာ မဟုတ်တာ သေချာပေါက်ပဲ။ ခေါင်းဆောင်ဝူဆီမှာ ယန်းချောင်းကို နိုင်မယ့်ဟာတွေ ရှိနေပြီးတော့ ငါတို့မသိသေးတာ ဖြစ်နိုင်တယ်”
လင်းချင်းက ခေါင်းငြိမ့်ကာ “သူက စခန်းခေါင်းဆောင်ပဲလေ။ အခွင့်အရေးမရှိရင်တောင် လုပ်ယူလို့ရနေတာ”
ထိုအချိန်တွင် လင်းဝမ်ဝမ်က လင်းချင်းကိုကြည့်ကာ ရုတ်တရပ်မေးသည်။ “ခုနက ဒုက္ခလာပေးတဲ့ မိန်းမလို့ ပြောလိုက်တယ်။ ခုနက လာသွားတဲ့ မိန်းမကို ပြောနေတာလား? ဘာဒုက္ခတွေ ပေးလို့လဲ?”
လင်းချင်းသည် ယွမ်ထန်ရှင်းကို လက်ညိုးထိုးပြကာ “သူ့ကို။ ဒါမှမဟုတ် သူ့ရဲ့အချစ်အကြွေးလို့ပဲ ပြောရမလား? အဲ့မိန်းမနဲ့သူနဲ့ ရင်းနှီးတာကို အကုန်သိနေကြတာပဲ။ ယန်းချောင်းက မနာလိုဖြစ်ပြီးတော့ သူ့ကိုသတ်ဖို့ ရည်ရွယ်တာလေ။ အစက သူစခန်းကနေ ထွက်လာတဲ့လမ်းမှာ ခြုံခိုတိုက်ဖို့ ဓားပြတစ်ဖွဲ့ငှားထားတယ်။ အဆင့်၇ဓားပြကို ဘယ်ကနေ ရှာလာတာလဲ မသိပါဘူး။ ယန်ချောင်းက သူ့ကိုအဲ့ဓားပြက ပြန်တိုက်မှာကို မပူဘူးလားမသိဘူး?”
သူမဒီလိုပြောလိုက်သည်နှင့် အခန်းထဲလူတို့သည် ယွမ်ထန်ရှင်းကို စိုက်ကြည့်နေကြတော့သည်။
“. . . ငါနဲ့ဘာဆိုင်လို့လဲ? ငါကအပြစ်ကင်းတယ် ဟုတ်ပြီလား?” ယွမ်ထန်ရှင်းသည် ရှင်းပြသည်။ ထို့နောက် တစ်ခုကို သတိရသွားကာ “ဪ ငါမေ့တော့မလို့။ နင့်ကိုပေးရမှာ ရှိသေးတယ်” လင်းချင်းကို ကြည့်၍ပြောသည်။
လင်းချင်းသည် တစ်ဖက်ကအခန်းထဲသို့ ထွက်သွားသည်ကို သိချင်စွာဖြင့် ကြည့်နေသည်။ ထို့နောက် သူ့လက်ထဲတွင် သေတ္တာလေးတစ်ခုကိုသယ်ကာ ပြန်လာသည်။
“ဒါနင့်ကို ဝူချန်းယွဲ့က ပေးတာ” ယွမ်ထန်ရှင်းက သူမကို သေတ္တာပေးလိုက်သည်။
“သူကပေးတာ? ဘာကြီးလဲ?” လင်းချင်းက မေးသည်။
ယွမ်ထန်ရှင်းက သူမ၏လက်ထဲသို့ သေတ္တာကို ထည့်ပေးလိုက်ပြီး “အလှမျက်ကပ်မှန်? အဲ့လိုပြောသွားတယ် ထင်တာပဲ”
လင်းချင်းသည် သူ့အားအံ့သြတကြီးကြည့်ကာ “ဘာဖြစ်လို့ ငါ့အတွက် သူ့ကမျက်ကပ်မှန်တွေ ရှာပေးနေတာလဲ?”
ယွမ်ထန်ရှင်းသည် လက်ကိုဖြန့်ကာ “ဘယ်လိုလုပ် ငါသိမှာလဲ? သူ့ကို ကိုယ်တိုင်မေးကြည့်”
လင်းချင်းသည် သေတ္တာအား အံ့သြစွာ ဖွင့်လိုက်သည့်အခါ အလှမျက်ကပ်မှန်များကို အလွန်တရာကို ကောင်းနေသေးသည်ကို တွေ့လိုက်ရသည်။
. . .
တစ်ဖက်တွင်တော့ ယန်းချောင်းသည် စခန်းတစ်ခုလုံးကို ရှာဖွေနေစေသည်။ “ယန်းယန်ရဲ့ကိုယ်က ဒဏ်ရာတွေက ဇွန်ဘီသားရဲရဲ့သွားကြောင့် ဖြစ်တာ။ ပြီးတော့ ဇွန်ဘီပိုးလည်း ကူးနေပြီ။ သူ့ဦးနှောက်သာ အစားမခံရရင် သူက ဇွန်ဘီအဖြစ်ပြောင်းနေလောက်ပြီ။ စခန်းတစ်ခုလုံးကို ပတ်ရှာကြ။ ဇွန်ဘီမတစ်ကောင်တည်း လာရုံတင်မကဘူး ဇွန်ဘီသားရဲပါ ရှိနေပြီ!”
ယန်းချောင်းသည် သူ့ဧည့်ခန်းထဲတွင် ရပ်နေကာ အေးစက်၍ မှိုင်းနေသည်။ သူ့အရှိန်အဝါသည် ဖိအားပေးနိုင်လွန်းသဖြင့် သူ့အရှေ့တွင်ရပ်နေသည့် တစ်ဖွဲ့လုံးမှာ အသက်ကိုတောင် ရဲရဲမရှုနိုင်ကြပေ။
“ဘာဖြစ်လို့ ဒီမှာရပ်နေတာလဲ? မင်းတို့အကုန်လုံး သွားကြတော့! အခု!” ဒီလူများက နှေးနေသဖြင့် ယန်းချောင်းက အော်လိုက်သည်။
“ဟုတ်ကဲ့!” အများစုသည် ကြောက်သွားကြကာ ချက်ချင်းထွက်သွားဖို့ လုပ်ကြသည်။
“မင်းတို့နှစ်ယောက်နေခဲ့။ ကျန်တဲ့သူတွေ သွားကြတော့” ယန်းချောင်းသည် နှစ်ယောက်ကို လက်ညိုးထိုးပြ၍ ကျန်သည့်သူများကို ပြောသည်။ “သုသေသနဌာနက နံပတ်၁ ဇွန်ဘီလေ့လာရေးအဖွဲ့မှာ အလုပ်လုပ်တဲ့ လူတွေအကုန်လုံးကို သွားခေါ်လာချေ”
“ဟုတ်ကဲ့!”
မကြာခင်တွင် ယန်းချောင်းတစ်ယောက်တည်း ဧည့်ခန်းထဲတွင် ကျန်ခဲ့မှ ထန်ဟေးသည် အိပ်ခန်းထဲက ထွက်လာသည်။ သူက “ဒါကမင်းသုသေသနဌာနက ဇွန်ဘီတွေလား?”
ယန်းချောင်းသည် သူ့ကိုတစ်ချက်ကြည့်ကာ “ဇွန်ဘီတွေရှိတဲ့ သုသေသနဌာနက စခန်းတစ်ခုလုံးမှာ တစ်ခုပဲရှိတာ။ စခန်းထဲမှာ ဇွန်ဘီမ ပေါ်လာတယ်ဆိုရင် ဒီကပဲဖြစ်မယ်။ ပြီးတော့လည်း လျန်တရှုက သေပြီး သူ့လက်ထောက်က ပျောက်နေတယ်။ အရေးကြီးတဲ့ဖိုင်တွေကို ယူသွားလိုက်ပြီ။ ပိုဆိုးတာက အဲ့မိန်းမက မင်းကိုမြင်လိုက်တာပဲ။ ပုန်းနေတာ ကောင်းမယ်။ ဝူချန်းယွဲ့နဲ့ အတွေ့မခံနဲ့။ မဟုတ်ရင် ငါတို့၂ယောက်လုံး ပြဿနာတက်မယ်”
ထန်ဟေးက အရေးမပါသလိုဖြင့် “မင်းမပြောရင်တောင်မှ ငါသေချာပုန်းနေပါတယ်။ ခုနတုန်းက မင်းပြောတဲ့ ဇွန်ဘီပိုးကို ကုသနိုင်တယ်ဆိုတဲ့ ဖိုင်တွေက တကယ်လား?”