လင်းချင်းသည် ကတုံးကောင်ရှေ့တွင် ရပ်နေကာ ဒီဓားပြများကို ကြည့်နေသည်။ သူမသည် ကတုံးကောင်ထက် အရပ်ပုသောကြောင့် အစက သူမကို မမြင်ကြသော်လည်း နောက်မှမြင်ကြသူတို့ ရှိလာသည်။
“မင်း. . .မင်းဘယ်သူလဲ?”
“မဟုတ်ဘူး! လူမဟုတ်ဘူး! မျက်လုံးကိုကြည့် အကုန်မည်းနေတယ်! ဇွန်ဘီကွ!”
“သူက. . .အာ ဆရာပြောလို့ နေရာလွတ်ဇွန်ဘီဘုရင်မ ဖြစ်မယ်!”
သူတို့ထဲက အချို့သည် သေနတ်ကိုင်ထားရင်းဖြစ်ပြီး နွယ်လေးက သူတို့လက်များကို မထိန်းရသေးသဖြင့် လင်းချင်းအား ချက်ချင်းပစ်လိုက်တော့သည်။ သေနတ်သံဆက်တိုက် ပေါ်လာသည်။
လင်းချင်းသည် သူမထံသို့ပျံလာသည် ကျည်ဆန်များကို ရှောင်လိုက်ကာ နွယ်လေးကို လှမ်းအော်သည်။ “နွယ်လေး လုပ်တော့!”
သူမ၏အသံနောက်တွင် ဓားပြအုပ်စုသည် သူတို့အားပတ်ထားသည့် နွယ်များက ပိုတင်းကြပ်လာကာ အရိုးများကျိုးတော့မလို ခံစားရသည်။ သို့သော်လည်း သူတို့အား မျက်လုံးကျွတ်ကြမတက် ပြူးစေသည်မှာ ခုနက ကြားလိုက်ရ၍ ဖြစ်သည်။ ‘ဇွန်ဘီက စကားပြောလိုက်တယ်! အမိန့်တောင် ပေးနေသေးတယ်!’
သူတို့အား ရစ်ပတ်ထားသည့် နွယ်များက အသက်ရှုကြပ်နေစေသော်လည်း သူတို့မှာ ဒီမေးခွန်းအပြင် တခြားဟာကို မတွေးမိကြပေ။ ‘ဒါဇွန်ဘီမဟုတ်ဘူးလား? ဇွန်ဘီက ဘာဖြစ်လို့ စကားပြောနေနိုင်ကြတာလဲ?’
သို့သော်လည်း ဒီမေးခွန်းကို ကြာကြာမတွေးနိုင်တော့ပေ။ နွယ်လေးသည် သူတို့ခြေဖျားမှ လည်ပင်းအထိ အသေညှစ်လာသည့်အခါ နာကျင်လွန်း၍ အသက်ရှုမရဖြစ်လာသည်။ သူတို့၏ အတွင်းကလီစာများသည် ကျိုးကြေနေသလို သူတို့ခံစားရသည်။
“အား!!!”
“အား!!!”
အော့နှင့် စန်းတို့ကလွဲလျှင် အကုန်လုံးက အော်ဟစ်နေကြကာ မျက်နှာများက တွန့်လိမ်နေကြသည်။ အကုန်လုံးသည် အသက်ရှုမရကာ မျက်လုံးများပြူးကျယ်၍ သွေးကြောများသည် အရေပြားအောက်ကနေ ထောင်ထလာသည်။
အော့နှင့်စန်းတို့သည်လည်း နာကျင်နေကြသော်လည်း တခြားသူများလောက် မဟုတ်ပေ။ သူတို့အစွမ်းများသည် ပြန်မတိုက်ခိုက်နိုင်ကြသော်လည်း သူတို့ကိုယ်သူတို့တော့ ကာကွယ်ပေးထားနိုင်သေးသဖြင့် သူတို့ကိုယ်များသည် အရမ်းမထိခိုက်သေးပေ။ ထို့ကြောင့် မျက်နှာများ နီရဲတွတ်လာသည့်လောက်ကလွဲ၍ ဘာမှမဖြစ်ပေ။ သို့သော်လည်း လှုပ်တော့မလှုပ်နိုင်ကြပေ။
ထိုအချိန်တွင် သူတို့အားပတ်ထားသည့် နွယ်ထိပ်များသည် ပိုရှည်လာကာ သူတို့ခေါင်းအထိ တက်သွားသည်။ ချစ်ဖို့ကောင်းသည့် သစ်ရွက်လေးနှစ်ခုမှာ ထပ်သွားသည်နှင့် မှော်ဆန်စွာဖြင့်စူးချွန်လိုဖြစ်သွားကာ ကတုံးကောင်မှလွဲ၍ လူတိုင်း၏ နားထင်ကနေ ထိုးဖောက်ဝင်ရောက်တော့သည်။ စူးဝင်သွားသည့်သူများသည် ခေါင်းထဲတွင် နာကျင်လွန်း၍ လူးလှိမ့်ကာ နာကျင်မှုဖြင့် အော်သံများ ဆက်တိုက်ထွက်လာကြတော့သည်။ “အား!!!”
အော့နှင့်စန်းတို့သည် ဒီအော်သံများကြောင့် အံ့သြသွားကာ သူတို့သူငယ်ချင်းများကို ကြည့်လိုက်သော် နားထင်ထဲသို့ နွယ်ထိပ်က သစ်ရွက်တို့က ဖောက်ဝင်နေသည်ကို မြင်ရသည်။ ထိုအခါ သူတို့မျက်နှာများ ပြောင်းသွားကြသည်။ သူတို့သူငယ်ချင်းများသည် မျက်နှာများတွန့်လိမ်ကာ ရင်ခေါင်းသံကြီးဖြင့် အော်နေကြသော်လည်း နွယ်ထိပ်က ပိုဝင်သွားသည်နှင့် အသံများငြိမ်ကျသွားကာ မျက်နှာထားတို့က သေကုန်ကြတော့သည်။ ထို့နောက် သူတို့နားထင်မှနေ သွေးများဖြင့် ထိပ်တွင်ရွှဲနေသည့် နွယ်ထိပ်တို့ကို ထွက်လာတော့သည်။
အော့သည် ချက်ချင်းခေါင်းလှည့်ကြည့်လိုက်ရာ သူထင်သလိုပင် သူ့နားထင်ကို လာထောက်နေသည့် နွယ်ထိပ်က စူးကိုမြင်လိုက်ရသည်။ ထိုအခါ ကြောက်လွန်း၍ ခေါင်းကိုအသားကုန် ယမ်းခါရင်း “အား! မဟုတ်ဘူး! ငါမသေချင်ဘူး မဟုတ်. . .”
သို့သော်လည်း မကြာခင် နွယ်လေးသည် သူ့နားထင်ကို ဖောက်လိုက်သည်။ “အား!!!”
ထိုအချိန်တွင် လင်းချင်းသည်လည်း လက်သည်းထက်ထက်များဖြင့် စန်း၏ဦးခေါင်းခွံကို ထိုးဖောက်ခွဲဖို့ပြင်နေရင်း “နင်တို့က လူသားစားတယ်။ နင်တို့လည်း တစ်နေ့မှာ ဒီလိုအစားခံရပြီး သေမယ်လို့ မထင်ခဲ့ကြဘူးလား”
စန်းသည် လုံးဝကို ကြောက်နေသည်။ သူသည် ဘေးကိုကြည့်သော်လည်း ကိုယ်ကလှုပ်မရပေ။ လင်းချင်း၏ မျက်နှာကို မြင်နေရချိန်တွင် သူ့ခေါင်းထဲသို့ စူးခနဲ တစ်ခုခုက ဝင်သွားသည်ကို ခံစားလိုက်ရသည်။
“မဟုတ်ဘူး! မဟုတ်ဘူး! မဟုတ်. . .ခနလေး. . .ငါ့ကိုမသတ်နဲ့. . .မသတ်ပါနဲ့. . . အာ့. . .အား. . .” သူသည် အသနားခံနေသော်လည်း လင်းခငျ်းသည် စိတ်မရှည်စွာဖြင့် ခေါင်းကိုခွဲလိုက်သည်။
ခေါင်းကွဲသွားသည့်အခါ စန်း၏အော်ဟစ်နေခြင်းတို့က ရပ်သွားသည်။ လင်းချင်းသည် သူ့ခေါင်းထဲက အမြူတေကို ဆွဲထုတ်လာကာ သူမ၏လက်ဝါးပေါ်တွင် တင်ထားလိုက်သည်။ အမြူတေသည် သူမ၏လက်ဝါးထဲတွင် ပူလာကာ လက်မှတစ်ဆင့် ပူနွေးသည့် စွမ်းအင်များက တစ်ကိုယ်လုံးကို လည်ပတ်သွားစေသည်။
ထို့နောက် လင်းချင်းသည် ငြိမ်ကျသွားသည့် တခြားသူများကို တစ်ချက်ကြည့်လိုက်သည်။ နွယ်လေးသည် ခြောက်ကပ်နေသည့် အလောင်းများကို မကာ သစ်တောနားသို့ သွားပို့သည်။
လင်းချင်းသည် အလောင်းများကို တစ်ချက်ကြည့်ကာ နွယ်လေးအား “အလောင်းတွေကို အတူတူသာစုထား။ သစ်တောနားမှာ သွားထားရမယ်ဆိုပြီး တိတိကျကျလုပ်ဖို့ မလိုဘူး”
နွယ်လေးသည် ခုနက လင်းချင်းသတ်ထားသည့် သစ်တောနားက အလောင်းလေးလောင်းကိုပါ သွားစုလိုက်ကာ ကန်ထဲသို့ အကုန်ပြန်သွားသည်။
လင်းချင်းသည် ထိုအလောင်းများထဲမှ အော့နှင့်စန်းတို့ကို သယ်ကာ နယ်မြေထဲက ထွက်လာသည်။ လင်းချင်းသည် အလောင်းနှစ်လောင်းကို ပစ်ချလိုက်ပြီးသည်နှင့် ဆရာ၏သံဓားများကို အမြန်ရှောင်လိုက်သည်။
ဆရာသည် ကြမ်းပြင်တွင် ငြိမ်သက်စွာလဲနေသည့် အော့နှင့် ခေါင်းကွဲနေသည့် စန်းတို့ကို ကြည့်လိုက်ကာ ကိုယ်ပြန်ဖော်လာပြီဖြစ်သည့် လင်းချင်းကို ပြန်မော့ကြည့်သည်။ မျက်မှန်မှတစ်ဆင့် သူ့အကြည့်များသည် လင်းချင်းအပေါ်မှာ ယုတ်မာချင်စိတ်အပြည့်ဖြစ်နေသည်။
လင်းချင်းသည် ဂိတ်တံခါးမှာ သုံးမီတာအမြင့်လောက်ဖြစ်အောင် သံထည်များဖြင့် ပိတ်ထားသည်ကို တွေ့လိုက်သည်။ ထို့ကြောင့် အပြင်က သာမန်ဇွန်ဘီများသည် အထဲသို့ မဝင်နိုင်တော့သဖြင့် အခုအော်ဟစ်ကာ တွယ်တက်ဖို့ လုပ်နေကြသည်။
အော့နှင့်စန်းတို့၏ အလောင်းကြောင့် ဆရာသည် တခြားသူများလည်း အသက်ရှင်တော့မှာ မဟုတ်သည်ကို နားလည်သည်။ သူသည် လင်းချင်းကို စိုက်ကြည့်လေရာ လင်းချင်းကလည်း သူ့ကိုစိုက်ကြည့်နေသည်။ ဘယ်သူကမှ စမလှုပ်ရှားသဖြင့် အပြင်ကနေ ဇွန်ဘီသံတို့သာ ထွက်နေသည်။
ထိုအချိန်တွင် ဆရာ၏မျက်လုံးများက ရွေ့သွားသည်။ သူသည် လင်းဖန်တို့ရှိရာဘက်သို့ တစ်ချက်ကြည့်လိုက်ကာ လင်းချင်းရှိရာဘက်သို့ လက်ကိုကွေးချလိုက်သည်။ ထိုအခါ မရေတွက်နိုင်သည့် သံထည်တို့က လင်းချင်းဆီသို့ ပြေးလာကာ မျက်တောင်တစ်ခတ်အတွင်းမှာ ထိုသံထည်များသည် သံစူးချွန်များဖြစ်သွား၍ ထိုးစိုက်ဖို့ အရှိန်ဖြင့် လာကြသည်။
ထိုအခါ လင်းချင်းသည် နယ်မြေထဲသို့ အမြန်ဝင်လိုက်သည်။ သူမသည် မျက်လုံးကိုမှိတ်၍ အပြင်ကိုကြည့်သည့်အခါ ဆရာက ထွက်သွားသည်ကို မြင်လိုက်ရသည်။
သူမသည် အလောင်းနှစ်ခုကိုသယ်ကာ ထွက်လာ၍ အိမ်ယာထဲတွင် ကြိုးရှာသော်လည်း မတွေ့ပေ။ ထို့ကြောင့် လိုက်ကာကိုဖြဲလိုက်ကာ နယ်မြေထဲသို့ ယူလာသည်။ ထို့နောက် အလောင်းများကို လိုက်ကာဖြင့်ချည်လိုက်၍ အကုန်လုံးသယ်၍ တစ်ခါတည်းထွက်လာသည်။
ကတုံးကောင်စန်းနှင့် နွယ်လေးကစုပ်ယူထားသည့် အလောင်းများကလွဲလျှင် လင်းချင်းအစက သတ်ထားသည့် အလောင်းများတွင် အမြူတေရှိနေသေးသည်။ ထို့ကြောင့် လင်းချင်းသည် နယ်မြေထဲက ထွက်လာသည်နှင့် ထိုအလောင်းများထဲမှ အမြူတေကို ထုတ်ယူလိုက်သည်။