May Honey Logo May Honey
Previous Next

၂၁၆။ ဘယ်က ကလေး

ဇွန်ဘီမငယ်သည် ပြတင်းပေါက်ကို မျက်လုံးကြီးကြီးများနှင့် မျက်တွင်းနက်များနှင့်အတူ စိတ်ရှုပ်စွာ ကြည့်နေသည်။ သူမသည် ဘာကိုမှ မမြင်သဖြင့် ပြန်လှည့်သွားကာ ဝူယွဲ့လင်းကိုသာ တစိမ့်စိမ့်ကြည့်နေသည်။

ထိုအချိန်တွင် လင်းချင်းသည် ပြတင်းပေါက်ကနေ အခန်းထဲသို့ ဝင်လာပြီဖြစ်သည်။ ပြတင်းပေါက်တံခါးကို ပိတ်မထားသည်မှာ တကယ်ကံကောင်းသည်။

‘ဒီမျက်လုံးစိမ်းဇွန်ဘီမှာ ဘာအစွမ်းရှိတာလဲ?’   လင်းချင်းသည် ဒီဇွန်ဘီကိုကြည့်ရင်း ထူးဆန်းသလို ခံစားရသည်။ သူမ၏ အရှိန်အဝါသည် သန်မာတာ မှန်သော်လည်း တိုက်ခိုက်မည့် အရိပ်အယောင်မပြပေ။ ထို့အတူ သာမန်သည့် အရှိန်အဝါသည် သဘာဝကျကာ ငြိမ်းချမ်းနေသည်။ ပိုအရေးကြီးသည်မှာ ဒီဇွန်ဘီထံက အဆင့်မြင့်ဇွန်ဘီများတွင် ရှိတက်သည့် သွေးနံ့နှင့် ရန်လိုမှုမရှိတာပင်။ ဇွန်ဘီမငယ်သည် ဝူယွဲ့လင်းအား အရုပ်ရထားသည့် ကလေးငယ်တစ်ယောက်လို စိတ်ဝင်စားစရာအသစ် တွေ့သည့်ပုံဖြင့် အမြီးလေးတလှုပ်လှုပ်ဖြင့် သဘောတကျ ကြည့်နေသည်။

‘ဘာဖြစ်နေတာလဲ? ဝူယွဲ့လင်းကို စားမယ့်ပုံမပေါ်ဘူး’   လင်းချင်းသည် ဝူယွဲ့လင်း၏အနားသို့ ခိုးကပ်သွားရင်း တွေးသည်။ သူမသည် ကလေးမလေးမှာ ချစ်ဖို့ကောင်းဆဲဖြစ်ကာ မျက်နှာတွင် ဒဏ်ရာဒဏ်ချက်အသစ်များကို တွေ့လိုက်ရသည်။

‘ဘယ်လိုလုပ်ထိခိုက်လာတာလဲ?’   ဒဏ်ရာများသည် သွေးထွက်နေဆဲ ဖြစ်သည်။ ကလေးမလေးသည် ဒဏ်ရာရထားသည်က သိပ်မကြာလိုက်သေးပေ။ ထိုအချိန်တွင် ဇွန်ဘီမငယ်သည် အခန်းထဲကို နားမလည်စွာဖြင့် ထရပ်ကာ ပတ်ကြည့်နေသည်။ တစ်ခုခုက အခန်းထဲသို့ ရောက်လာသည်ကို သူမခံစားမိ၍ ဖြစ်သည်။

လင်းချင်းသည် သူမကို အံ့သြစွာ ကြည့်လိုက်သည်။ ဇွန်ဘီမငယ်သည် ကိုယ်ပျောက်နေသည့် လင်းချင်းကို အာရုံခံမိသည့်အထိ အာရုံခံစွမ်းကောင်းလွန်းသည်။ သို့သော်လည်း လင်းချင်းသည် ဝူယွဲ့လင်း၏ နဖူးကို လက်ဖြင့်ထိလိုက်ကာ စိတ်ထဲတွင် ရေရွတ်လိုက်သည်။   ‘ဝင်’

ထို့နောက် နှစ်ယောက်လုံးသည် နယ်မြေထဲသို့ အတူရောက်သွားကြသည်။ သူတို့နှစ်ယောက် ပျောက်သွားသည်နှင့် ဇွန်ဘီမငယ်သည် ချက်ချင်းခေါင်းလှည့်ကြည့်သည်။ ဝူယွဲ့လင်း မရှိတော့သည့်အခါ သူမသည် မျက်တောင်တစ်ဖြတ်ဖြတ်ခတ်ကြည့်သည်။ ချိုမြိန်သည့် အနံ့လေးသည်လည်း တကယ်ပျောက်သွားပြီ။

“ဂါး?”   ဇွန်ဘီမငယ်သည် မျက်လုံးစိမ်းများကို ပြူးကြည့်သည်။ သူမ၏ ဒေါင်လိုက်ဖြစ်နေသည့် သူငယ်အိမ်သည် မျဉ်းတစ်ကြောင်းလောက်ကို ပါးသွားကာ ကုတင်ပေါ်ကို ကြည့်နေသည်။

နယ်မြေထဲသို့ ရောက်သည့်အခါ လင်းချင်းသည် လေထဲကနေ ကျလာသည့် ကလေးမလေးကို အမြန်ဖမ်းလိုက်သည်။ ထို့နောက် မျက်လုံးမှိတ်ကာ ဇွန်ဘီမငယ်၏ အခြေအနေကို ကြည့်လိုက်သည်။

ဇွန်ဘီမငယ်သည် ဝူယွဲ့လင်းလှဲနေခဲ့သည့် နေရာကို ကြောင်အစွာ ကြည့်နေသည်။ ထို့နောက် လက်ဖြင့် ခေါင်းအုံးကို ဖြည်းဖြည်းချင်း ထိကြည့်သည်။

“အ. . .အားဝူး”   ရုတ်တရက် သူမ၏နှုတ်ခမ်းများသည် မဲ့သွားကာ မျက်နှာသည် ရှုံ့မဲ့သွား၍ ငိုတော့သည်။ ငိုသံသည် ထူးဆန်းသော်လည်း ဝမ်းနည်းမှုက ပြင်းထန်လွန်းသည်။

‘ဟင်? ဘာဖြစ်လို့လဲ?’   လင်းချင်းသည် ဘာဖြစ်နေမှန်းကို မသိသေးခင် ဇွန်ဘီမငယ်သည် ကုတင်ပေါ်တွင် တက်ထိုင်ကာ ခြေထောက်များကို ကန်ကျောက်ရင်း အကျယ်ကြီးကို အော်ငိုနေသည်။   “ဝါး”

‘ဘာဖြစ်လို့ အရုပ်လုခံရတဲ့ ကလေးလို ငိုနေတာလဲ?’   လင်းချင်းက တွေးမိသည်။ ဒီဇွန်ဘီမငယ်၏ အပြုအမှုများသည် လင်းချင်းအတွက် ချူးလီလီနှင့် တူနေလေရာ ဆွံ့အသွားသည်။   ‘ချူးလီလီနဲ့ တူလိုက်တာ။ နင်တို့က ညီအမတွေလား? မတိမ်းမယိမ်းအရွယ်လေးတွေ။ မဖြစ်နိုင်တာ ။ ငါဒုတိယ ချူးလီလီနဲ့ ထပ်တိုးပြန်တာလား?’

လင်းချင်းသည် ကလေးမလေးကို ပွေ့ချီထားရင်း အံ့သြနေမိသည်။ ကလေးမလေးကို ကုတင်ပေါ်တင်၍ ရေတိုက်မည်ဟု ဆုံးဖြတ်ကာ သူမလှည့်လိုက်စဉ်တွင် ကိုယ်လုံးတည်းယောက်ျားအုပ်ကြီးက သူမကို မယုံနိုင်စွာ ကြည့်နေသည်နှင့် ဆုံလိုက်ရသည်။

လင်းချင်းသည် ဆွံ့အသွားရပြန်သည်။ တကယ်တော့ သူတို့သည် အကုန်လုံးချွတ်ထားတာ မဟုတ်ဘဲ အတွင်းခံကိုယ်စီတော့ ဝတ်ထားကြပါသေးသည်။

“အ. . .အမကြီး ခုနလောက် ပြန်မလာဘဲ နေမယ်ပြောသွားတာမလား?”
လျူကျင်းသည် ရှက်ရွံ့စွာဖြင့် လက်တစ်ဖက်က ရင်ဘတ်ကိုကာပြီး တစ်ဖက်က ဂွကြားကိုကာထားကာ မျက်လုံးအပြူးသားဖြင့် မေးသည်။

ရှဲ့တုန်းသည် မရယ်နိုင်ဘဲ မနေနိုင်သောကြောင့် ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ရယ်နေသည်။

လင်းချင်းသည် သူ့အားဆွံ့အစွာဖြင့် တစ်ချက်ကြည့်ပြီးနောက် ကုတင်ဆီသို့ တည်ငြိမ်စွာ သွားသည်။

ဟွမ်ရှို့သည် လျူကျင်းအား ပိတ်ကန်ကာ ပြောသည်။   “မင်းက မိန်းမလား? ဘာဖြစ်လို့ ဒီလိုလုပ်နေတာလဲ?”

အခြားသူများသည် လင်းချင်းကို ထူးဆန်းစွာကြည့်ရုံအပြင် အပိုသိပ်မလုပ်ကြပေ။ လုထန်ရိသည် လင်းချင်းလက်ထဲမှ ကလေးမလေးကို ကြည့်ကာ ကောင်းချင်းမင်းကို မေးသည်။   “ငါတို့မင်းသမီးလေးမလား?”

 ကောင်းချင်းမင်းသည်လည်း မျက်လုံးပြူးသွားကာ ကုတင်ဆီသွားနေသည့် လင်းချင်းကိုကြည့်ပြီး ခေါင်းငြိမ့်သည်။   “ဟုတ်တယ်။ ငါမကန်းနေဘူး”   ‘ဒါဆိုရင် ဘယ်လိုဖြစ်တာလဲ?’

“ဘယ်သူ့ကိုချီလာတာလဲ မေးရမလား? ဘယ်ကကလေးလဲ?”   ဟွမ်ရှို့သည် သူတို့နှစ်ယောက်နားသို့ ကပ်ကာလာမေးသည်။

“ငါမှန်မယ်ဆိုရင် လင်းလင်းပဲ။ ငါတို့စခန်းက မင်းသမီးလေး”   လုထန်ရိက ပြောသည်။

ထိုအခါ ဟွမ်ရှို့သည် မျက်လုံးများ ပြူးကျယ်သွားကာ မယုံနိုင်စွာဖြင့်   “ဘာလဲ? လင်းလင်း? မင်းသမီးလေးက ဘယ်လိုလုပ်ဒီရောက်နေတာလဲ? ပြီးတော့ ဒီအမျိုးသမီးက ဘာဖြစ်လို့ ခေါ်လာတာလဲ? ခေါင်းဆောင်ဝူနဲ့ ဒုခေါင်းဆောင်ရှောင်တို့ကတော့ ရူးကုန်မှာပဲ”

လုထန်ရိသည် မျက်မှောင်ကျုံ့ကာ ခေါင်းခါလိုက်သည်။ ဘာဖြစ်လဲကို သူလည်းမသိပေ။ လင်းချင်းက အဝေးကို လျှောက်သွားသဖြင့် ထိုလူစုသည် စိတ်အေးက အဝတ်စိုများကို လျှော်နေကြတော့သည်။ လင်းချင်းကိုတော့ လှည့်ကြည့်တာမျိုး ခနခနလုပ်ကြသေးသည်။

ဝူယွဲ့လင်းကို ကုတင်ပေါ်တင်ပြီးသည့်အခါ လင်းချင်းသည် ခွက်တစ်လုံးဖြင့် ကန်ထဲကရေကို လာခပ်သည်။ ထို့နောက် ကုတင်ဆီပြန်သွားကာ ဝူယွဲ့လင်း၏ခေါင်းကိုမ၍ ရေတိုက်လိုက်သည်။ ကလေးမလေးသည် ရေဆာနေပုံရကာ အလိုအလျောက် ရေကိုသောက်လိုက်သည်။

ကန်ရေသည် အရင်ကထက် ဆယ်စလောက်ကို စွမ်းအားများ ပါလာသည်ဖြစ်ရာ ကလေးမလေး သောက်လိုကသည်နှင့် သူ့ကိုယ်ထဲမှ ပုန်းအောင်းနေသည့် စွမ်းအားများသည် ချက်ချင်းကို လှုပ်ရှားလာကြသည်။

ထိုပုန်းအောင်းနေသည့် အစွမ်းများက ဒဏ်ရာများကို အမြန်ကုသပေးနေသည်ကို တွေ့ရသည်။ ကုသရေးစွမ်းအားသည် နှစ်ဆလောက်ကို ပိုမြန်လာသည်။

လင်းချင်းသည် လက်ကိုမြှောက်၍ ကလေးမလေး၏ နဖူးမှ အပါးဆုံးခြစ်ရာကို ထိကြည့်သည့်အခါ နှစ်စက္ကန့်တွင်းမှာ ပျောက်သွားသည်ကို တွေ့ရသည်။ သူမသည် ညင်ညင်သာသာလေး ကုတ်ပေးလိုက်သည့်အခါ အမာရွတ်သည် ကွာကျသွားသည်။ ထို့နောက် သေချာထိကြည့်သည့်အခါ အမာရွတ်မကျန်ဘဲ အသားနုလေးက ပေါ်လာသည်။

လင်းချင်းသည် လက်ကိုပြတ်ရုတ်လိုက်ကာ ကုတင်ဘေးကဗီရိုပေါ်တွင် ခွက်ကိုထားလိုက်ပြီးနောက် ကုတင်ဘေးမှာထိုင်ရင်း အပြင်က ဇွန်ဘီမငယ်၏ အခြေအနေကို ကြည့်လိုက်သည်။

Previous Chapter 216 of 410 Next