May Honey Logo May Honey
Previous Next

၃၂။ လက်သည်းများ၏ ပြောင်းလဲမှု

လင်းချင်းသည် ဖျာကိုယူလိုက်ကာ အိမ်ထဲကထွက်လာပြီးနောက် လှေကားလက်တန်းတွင် ချိတ်ထားလိုက်သည်။ ထို့နောက် သူမသည် သစ်ရွက်များဖြင့် ခိုင်မာသည့် သစ်ခက်တစ်ခုကို ချိုးလိုက်ကာ ဝါးဖျာရှိဖုန်များကို ရိုက်ပြီးခါလိုက်သည်။

သူမသည် မသိစိတ်အရ နှာခေါင်းကိုပိတ်ထားမိကာ လက်ကိုဆန့်၍ ထပ်ခါထပ်ခါရိုက်ပြီး ဖုန်ခါနေသော်လည်း သူမသည် ဇွန်ဘီဖြစ်နေသောကြောင့် ယားယံခြင်း မရှိပေ။ ဖုန်ထွက်လာတာမရှိတော့မှ သူမသည် ရပ်တန့်လိုက်ကာ အခန်းထဲသို့ ပြန်ဝင်လိုက်သည်။

အနီးအနားတွင်လည်း ဒီအိမ်ကလွဲ၍ အခြားအိမ်မရှိသောကြောင့် သူမသည် လိုအပ်သည်များကို သွားရှာ၍မရပေ။ ဖျာအပြင် သူမသည် အဝတ်ဟောင်းအနည်းငယ်ကို တွေ့သည်။ အများစုမှာ စုတ်ပြဲနေပြီဖြစ်သော်လည်း အနည်းဆုံးတော့ ဝတ်၍ရသေးသည်။ ယောက်ျားဝတ်များ ဖြစ်သော်လည်း သူမသည် အခုအချိန်တွင် သူမ၏ကိုယ်ကို ကာဖို့ဝတ်စရာတစ်ခုခုရှိလျှင် ရပြီဖြစ်သည်။ ဖက်ရှင်အမြင်အရ သင့်တော်မတော်က သူမအတွက် စိတ်ပူစရာမဟုတ်တော့ပေ။ သူမသည် ထိုအဝတ်များကို နောက်ထပ်ဖုန်ခါရတော့သည်။

နောက်ဆုံးတွင် လင်းချင်းသည် အိုး၊ ဒယ်ပြားနှင့် ပန်းကန်အချို့ကို တွေ့သဖြင့် သူမရှာတွေ့သည့် အခြားအသုံးဝင်နိုင်မည့် ပစ္စည်းအချို့နှင့်အတူ သူမ၏နယ်မြေထဲသို့ ပစ်ထည့်လိုက်သည်။ သူမ၏နယ်မြေထဲတွင် ကုတင်၊ စားပွဲ၊ ထိုင်ခုံ၊ ဆိုဖာ၊ ထိုင်ခုံအသေးလေးများနှင့် အခြားပစ္စည်းများ ရောက်ရှိသွားသည်။ သူမသည် တစ်အိမ်လုံးနီးပါးကို ပတ်ရှာပြီး ဘာမှမကျန်လောက်တော့မှ သူမ၏နယ်မြေထဲသို့ ပြန်လာသည်။

သူမ၏နယ်မြေထဲတွင် မြက်တွေကလွဲ၍ အရင်ကဘာမှမရှိခဲ့သော်လည်း သူမသည် တစ်ယောက်တည်း နေခြင်းဖြစ်၍ ဂရုမစိုက်အားပေ။ ဇွန်ဘီများက အိပ်စရာမလိုအပ်သော်လည်း သူမသည် မြေပြင်တွင် လှဲလိုက်ရုံဖြင့် အိပ်ပျော်နိုင်သည်။

အခုတော့ ကလေးတစ်ယောက်ကို စောင့်ရှောက်ရန် တာဝန်ရှိလာပြီဖြစ်သည်။ ကလေးကို မြေကြီးပေါ် ဒီတိုင်းအိပ်ခိုင်းလို့ကတော့ လုံးဝမဖြစ်ပေ။ အရင်က ကလေးတွင် စောင်ရှိသော်လည်း သူမက ဖြဲလိုက်မိပြီ။ ကံကောင်းသည်က အရင်က ဒီစတော်ဘယ်ရီခင်းနားတွင် လူနေခဲ့သဖြင့် သူတို့၏အသုံးအဆောင်အချို့က သုံး၍ရသေးသည်။

လင်းချင်းသည် သူမတွေ့သမျှကို နယ်မြေထဲရှိ စတော်ဘယ်ရီခင်းနားတွင် ပုံပြီးပစ်ထည့်ထားသည်။ နယ်မြေထဲသို့ ပြန်ရောက်သည့်အခါ ထိုပစ္စည်းများကို ဖုန်ခါပြီး သန့်ရှင်းရေးလုပ်ရခြင်းဖြင့် အလုပ်ရှုပ်နေတော့သည်။

သူမသည် အဝတ်စုတ်တစ်ခုကို ကန်ရေဖြင့် စိုစေကာ ကုတင်၊ စားပွဲ၊ ထိုင်ခုံနှင့် အခြားအရာများကို ထိုရေစိုအဝတ်ဖြင့် တိုက်ချွတ်သည်။ ထို့နောက် သူမသည် အိုး၊ ဒယ်ပြားနှင့် ပန်းကန်များကို ဆေးတော့သည်။ အကုန်ဆေးကြောပြီးသည့်အခါ သူမသည် ပြန့်ပြူးသော နေရာတစ်ခုတွင် ကုတင်ကိုချလိုက်ကာ သူမ၏လက်သည်းဖြင့် မြက်များကိုရိတ်ပြီး ကုတင်ပေါ်ခင်းလိုက်သည်။ ထို့နောက်တွင်မှ ဝါးဖျာကို မြက်များအပေါ်တင်လိုက်သည်။

အကုန်ပြီးသွားမှသာ သူမသည် ရေကန်နားတွင် အိပ်နေသည့် ဝူယွဲ့လင်းအား ညင်သာစွာ ပွေ့ချီလာကာ ကုတင်ပေါ်သို့ ချပေးလိုက်သည်။ ကလေးပေါ်ရောက်သည့်အခါ ဝူယွဲ့လင်းသည် နိုးမလာသော်လည်း သူမ၏ကိုယ်လေးကို အလိုလိုကွေးထားသည်။ လင်းချင်းသည် ဖုန်ခါထားသည့် အဝတ်စကြီးတစ်ခုကို ယူလိုက်ကာ ကလေးမလေးအား ခြုံပေးလိုက်သည်။

ထို့နောက်တွင်တော့ သူမသည် အဝတ်များကိုယူကာ ကန်ထဲတွင်လျှော်ရန် လှည့်ထွက်လာသည်။ အဝတ်လျှော်ပြီးသည့်အခါ သူမသည် မြက်ခင်းပြင်ပေါ်တွင် အခြောက်ခံလှန်းထားသည်။ သန့်ရှင်းရေးကိစ္စများပြီးသွားမှသာ သူမသည် ရေပုံးဖြင့် စတော်ဘယ်ရီပင်များကို ရေသွားလောင်းလေသည်။

သူမသည် အလုပ်မအားဖြစ်နေသဖြင့် သူမ၏ကိုယ်က ပျော့ပြောင်းလာကာ လှုပ်ရှားမှုတို့က သွက်လာပြီး ထုံကျဉ်နေခြင်းမရှိတော့သည်ကို သတိမထားမိလိုက်ပေ။ အပင်ရေလောင်းပြီးသည့်အခါ သူမသည် ပေါက်ပြဲနေသည့် ဆိုဖာပေါ်တွင် အနားယူရန် ထိုင်ချလိုက်သည်။

သူမသည် လုံးဝမပင်ပန်းပေ။ ပြောင်းပြန်အနေဖြင့် သူမပိုအလုပ်လုပ်လေ သူမက ပိုတက်ကြွလာလေလေ ဖြစ်နေသည်။ သူမထိုင်ချလိုက်ခြင်းမှာ ဒီနေရာတွင် ဘာမှလုပ်စရာမရှိတော့၍သာ ဖြစ်သည်။ ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်ရင်း မျက်လုံးမှိတ်လိုက်ကာ အပြင်ကအခြေအနေကို အကဲခတ်လိုက်သည်။ ဘာမှထူးခြားခြင်းမရှိမှ သူမသည် ဆိုဖာပေါ်ကနေ နယ်မြေအပြင်သို့ တန်းထွက်လာရန်ပြင်လိုက်သည်။

. . .

အပြင်တွင် အရမ်းလင်းနေပြီဖြစ်ရာ သူမသည် တညလုံး သန့်ရှင်းအလုပ်ဖြင့် အချိန်ကုန်ခဲ့ကြောင်း သိလိုက်ရသည်။

သူမသည် နယ်မြေထဲတွင် စိုက်ထားသည့် စတော်ဘယ်ရီပင်များက ရှင်မည်ဟုတ်မဟုတ်ကို သူမမသိပေ။ ယုံကြည်ချက်လည်း သိပ်တော့မရှိလှ ဖြစ်နေသည်။

နယ်မြေထဲက ထွက်ပြီးသည့်အခါ လင်းချင်းသည် ဝူချန်းယွဲ့တို့ စခန်းချထားသည့်နေရာကို ကွေ့ရှောင်ပြီး ဖြတ်ကျော်လိုက်ကာ အနီးဆုံမြို့သို့ ဦးတည်မည်။ ထိုမြို့၏ စာအုပ်ဆိုင် သို့မဟုတ် စူပါမားကတ်များတွင် သူမဖတ်ရမည့် မြေပုံကို ရှာကြည့်ချင်သောကြောင့် ဖြစ်သည်။

သူမသည် တီရှပ်ပွပွကြီးတစ်ထည်ကို ဝတ်ထားခြင်း ဖြစ်သည်။ ထိုအရာက မလျှော်ရသေးသော်လည်း ဇွန်ဘီဖြစ်နေသည့် သူမအတွက်တော့ ဘာမှမဖြစ်ပေ။

နောက်ဆုံး နယ်မြေထဲက ထွက်လာလိုက်မှသာ လင်းချင်းသည် သူမ၏ကိုယ်က ပိုပျော့ပြောင်းနေကြောင်း သတိထားမိသည်။ သူမလိုချင်သလို အခုလှုပ်ရှားရနေပြီ ဖြစ်သည်။ မိုးကြိုးဒဏ်က အခုဆိုလျှင် ပျက်ပြယ်သွားပုံ ရသည်။

သူမသည် လက်သီးတစ်ချက်ထိုးကြည့်သည့်အခါ ဘာကြောင့်မှန်းမသိ ထူးဆန်းသည့် ခံစားမှုကို ရလိုက်သည်။

‘မိုးကြိုးပစ်ခံလိုက်ရလို့ အားပိုသန်လာတာများလား?’

ထိုအတွေးဖြင့် သူမသည် လမ်းဘေးရှိသစ်ပင်တစ်ပင်ဆီသို့ သွားလိုက်သည်။

သစ်ပင်အောက်တွင် ရပ်နေရင်းဖြင့် သူမသည် လက်သည်းများကို ထုတ်လိုက်သည်။ သူမ၏ နက်မှောင်နေသည့် လက်သည်းများက ထက်မြက်ကာ တောက်ပနေသည်။ သူမသည် လက်မောင်းလောက်ထူကာ သုံးမီတာအရှည်ရှိသည့် သစ်ပင်ကို ကြည့်ပြီး အားပြင်းစွာဖြင့် လက်သည်းဖြင့် ကုတ်ချလိုက်သည်။

ကျိုးကျသံနှင့်အတူ မြေပြင်ပေါ်သို့ ပင်စည်က ပြုတ်ကျလာသည်။ ထို့နောက်တွင် သစ်ရွက်များကြွေကျသံတို့က ထွက်ပေါ်လာသည်။ လင်းချင်းသည် သူမဖြတ်လိုက်သည့် ပင်စည်ကို စူးစမ်းလိုက်သည်။ ဖြတ်ရာသည် သေသပ်ကာ ချောမွေ့နေသည်။ ထိုအရာသည် သူမ၏လက်သည်းများ မဟုတ်ဘဲ သစ်ဖြတ်စက်ဖြင့် ဖြတ်တောက်ထားသလို ထင်ရသည်။ ပြတ်သွားသည့်အချိန်ကလည်း မြန်ဆန်လွန်းသည်။

သို့သော်လည်း သူမ၏လက်သည်းများကို ကြည့်လိုက်သည့်အခါ အရမ်းရှည်နေခြင်းမဟုတ်ဘဲ ဆယ်စင်တီမီတာလောက်သာ ရှိသည်။ သစ်ပင်အရှိအချင်းက လေးဒက်စီမီတာလောက် ရှိနေသည်။

‘လက်သည်းတွေက ဘယ်လိုလုပ် ဖြတ်နိုင်ရတာလဲ?’

‘ဒီလိုလုပ်ဖို့အတွက် အဲ့ဒီလောက်အထိ ရှည်မနေဘူးလေ!’

ထို့အပြင် သူမဖြတ်လိုက်တုန်းက သူမ၏လက်သည်းများသည် ဘာကိုမှမခံစားလိုက်ရသော်လည်း ပင်စည်ကတော့ ပြတ်ကျသွားသည်။

လင်းချင်းသည် သူမ၏လက်သည်းများကိုကြည့်ရင်း ဘယ်လိုဖြစ်သွားမှန်း မသိဖြစ်နေသည်။ သူမသည် နောက်ထပ်အပင်တစ်ခုသို့သွားကာ သူမ၏လက်သည်းများဖြင့် ပင်စည်ကို ပိုင်းကြည့်လိုက်သည်။ ဒီတစ်ခေါက်တွင်တော့ တစ်ခုခုကို သူမခံစားလိုက်မိသည်။ သူမ၏လက်သည်းများထဲမှ အလင်းတန်းတစ်ခုသည် ပင်စည်ကိုမထိခင် ထွက်လာသည်။ ထိုအရာက လေဓားလိုမျိုး ဖြတ်သွားခြင်း ဖြစ်သည်။

‘မိုက်လိုက်တာ!’

လင်းချင်းသည် သူမ၏လက်သည်းများကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကြည့်လိုက်သည်။

အမျိုးသမီးတစ်ယောက်၏ ခါးသွယ်သွယ်လေးအရွယ်ရှိသည့် ပင်စည်ကိုကြည့်ကာ သူမသည် သေချာတွေးမိပြီးနောက် အားပြင်းပြင်းဖြင့် သူမ၏လက်သည်းများဖြင့် ပိုင်းချလိုက်သည်။

ဘန်း!

ထိုအသံနှင့်အတူ လင်းချင်းသည် ပင်စည်မှ နက်သည့်ပြတ်ရာ လေးခုကို ကြည့်လိုက်သည်။ သူမသည် ထိုပြတ်ရာနက်နက်များကို သေချာကြည့်ရင်း မျက်လုံးက ပိုတောက်လာသည်။ သူမ၏လက်ချောင်းလေးခုဖြင့် ဖြတ်လိုက်ခြင်းသည် ပင်စည်၏ သုံးပုံနှစ်ပုံကို ပြတ်သွားခြင်း ဖြစ်သည်။

ထို့နောက် သူမသည် လက်ကိုမြှောက်လိုက်ကာ သစ်ပင်ကို တွန်းကြည့်လိုက်သည်။ သူမ၏ သန်မာသည့်အားကြောင့် တွန်းလိုက်သည်နှင့် သစ်ပင်သည် ယိုင်ကျသွားကာ ကျိုးပဲ့သွားတော့သည်။ သူမသည် လက်သည်းများကို သိမ်းကာ ကျေနပ်မှုအပြည့်ဖြင့် မြို့ရှိရာသို့ လျှောက်လာတော့သည်။ ကြည့်ရသည်မှာ သူမ၏လက်သည်းများသည် အဆင့်မြင့်သွားပုံရသည်။

သို့သော်လည်း သူမဝေးဝေးသို့ မရောက်ခင်တွင် သူမ၏အနားမှ ပြောင်းလဲသွားသည်ကို အာရုံခံမိလိုက်သည်။ ထိုအာရုံအရဆိုလျှင် လူသားတို့မှာ အရမ်းသန်မာသည့် ဇွန်ဘီဖြင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ထိုအာရုံအရ ထိုဇွန်ဘီသည် အဆင့်လေးထိပ်ဆုံးအဆင့် သို့မဟုတ် ထိုထပ်မြင့်သည့် အဆင့် ရောက်နေလောက်ပြီ။ ထို့အတူ ဒီလူသားများကို သူမရင်းနှီးနေသလို ဖြစ်နေပြီ။

‘မနေ့က ငါလမ်းကို လာပိတ်တဲ့ ကောင်တွေမလား?’

Previous Chapter 32 of 410 Next