၂၈၅။ စသတ်ပြီ
‘ငါ့လူတွေနောက်ကို လိုက်မှတော့ နင့်တို့အသက်ကို ငါနှုတ်ရတာကို အပြစ်မတင်နဲ့’ လင်းချင်းသည် ဂိတ်ကနှစ်ယောက်ဆီသို့ လျှောက်သွားသည်။ ဂိတ်တံခါးကို ပိတ်ထားသဖြင့် လင်းချင်းသည် ခြံစည်းရိုးပေါ်သို့ ခုန်တက်လိုက်သည်။
အစောင့်နှစ်ယောက်သည် သူမက အရှေ့တွင်ရပ်နေသည်တောင်မှ သူမကို သတိမထားမိပေ။ ထို့အစား သူတို့သည် အော့က သတိပေးထားသောကြောင့် အနားက ဇွန်ဘီများ လာမှာကို စိတ်ပူနေကြတာဖြစ်သည်။ ထို့ကြောင့် အရမ်းကို သတိရှိနေကြသည်။
လင်းချင်းသည် သူတို့နှစ်ယောက်ကြားတွင်ရပ်ကာ လက်နှစ်ဖက်ဆန့်၍ သူတို့အားနယ်မြေထဲသို့ ထည့်လိုက်သည်။ လူနှစ်ယောက်သည် ဘာဖြစ်မှန်း မသိခင် မျက်လုံးများက ဝေဝါးသွားကာ သူတို့သေချာမြင်နိုင်ချိန်တွင်တော့ သူတို့ဦးခေါင်းခွံထဲသို့ လက်သည်းက ဝင်နေနှင့်ပြီ။ ဒီအဆင့်လေးစွမ်းအားရှင် နှစ်ယောက်သည် လင်းချင်းမသတ်ခင်တွင် ဘာမှကို မတုန့်ပြန်နိုင်ခဲ့ပေ။
လင်းချင်းက ဂိတ်ကနှစ်ယောက်ကို နယ်မြေထဲသို့ ထည့်လိုက်ချိန်တွင် အော့သည် ဧည့်ခန်းထဲတွင် ခနတန့်သွားကာ တံခါးကို လှမ်းကြည့်ကာ “ကျုံ အပြင်ကိုသွားပြီး ရှီယီနဲ့ ရှီအော့ကို တစ်ချက်ကြည့်” သူသည် အိမ်တံခါးတွင်စောင့်နေသည့် ကျုံ့ကို ပြောလိုက်သည်။
ကျို့သည် ခေါင်းငြိမ့်ကာ ဘာမှမပြောဘဲ ထွက်သွားကြည့်သည်။
လင်းချင်းသည် အလောင်းနှစ်ခုကို တောအုပ်နားသို့ ပစ်လိုက်ကာ ပြန်ထွက်လာသည်။ ထို့နောက် ဂိတ်နောက်တွင်ရပ်နေတုန်း အထဲကနေ ကျုံ၏အသံကို ကြားလိုက်ရသည်။
ရှီယီနှင့် ရှီအော့တို့သည် သူမေးသည်ကို ပြန်မဖြေကြပေ။ ကျို့သည် နားမလည်ဖြစ်သွားကာ ထပ်ခေါ်သည်။ “ရှီယီ? ရှီအော့” သူနာမည်များကို ထပ်ခေါ်နေရင်း ခံစားချက်က မကောင်းဖြစ်လာသည်။ ထို့ကြောင့် ဂိတ်တံခါးကို ဖွင့်ကြည့်လိုက်လေရာ ဘယ်သူ့ကိုမှ မတွေ့တော့ပေ။
သူလန့်သွားသွားကာ မကောင်းတာတစ်ခုခု ဖြစ်ပြီမှန်း သိလိုက်သည်။ အိမ်ဘက်သို့လှည့်၍ လှမ်းအော်တော့မည့် အချိန်တွင် သူရှိနေသည့်နေရာမှ သူပျောက်သွားတော့သည်။
လင်းချင်းသည် လက်ချောင်းများကိုဆန့်ကာ သူ့ခေါင်းကိုအုပ်ကိုင်ရင်း နယ်မြေထဲသို့ ဆွဲခေါ်သွားတာ ဖြစ်သည်။ နယ်မြေထဲသို့ ရောက်သည်နှင့် လက်ချောင်းများကို အားထည့်၍ ထိုလူ၏ခေါင်းထဲသို့ ထိုးဖောက်လိုက်သည်။
“အာ့. . .အား!” ကျို့သည် လင်းချင်းအား မယုံနိုင်စွာ မျက်လုံးအပြူးသားဖြင့်ကြည့်ရင်း သူ့လက်ထဲက ရိုင်ဖယ်သည် ပြုတ်ကျသွားကာ ပါးစပ်၊ နှာခေါင်း၊ မျက်လုံးနှင့် နားများမှ သွေးများစီးထွက်လာတော့သည်။ သို့သော်လည်း ချက်ချင်းအသက်မထွက်ဘဲ လင်းချင်းကို မယုံနိုင်စွာကြည့်ရင်း နောက်ဆုံး သူ့မျက်လုံးထဲတွင် အကြောက်တရားကျန်နေသည်။
“မင်း. . .အာ. . .” လက်မြှောက်ကာ အစွမ်းထုတ်သုံးဖို့ လုပ်သော်လည်း သူ့အစွမ်းသည် ပျောက်သွားပုံရသည်။ လုံးဝပျောက်တာ မဟုတ်သော်လည်း ၉၉ရာခိုင်နှုန်းလောက်ကို အားမရှိတော့တာ ဖြစ်သည်။ ထို့ကြောင့် အစွမ်းဖြင့် ဘာမှမလုပ်နိုင်တော့ပေ။
လင်းချင်းသည် သူ့အားစကားပြောခွင့် မပေးပေ။ အသက်ရှင်နေသေးသည့်အခါ လက်ချောင်းများကို ပိုကွေး၍ခေါင်းကို ဖြစ်ညှစ်ပစ်သည်။ ဒီလိုဖြင့် ခေါင်းသည် ကွဲသွားကာ ကျို့၏ကိုယ်သည် ကြမ်းပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ကျသွားသည်။
လင်းချင်းသည် သူမ၏လက်များကို ကြည့်လိုက်သည်။ နယ်မြေထဲက ထွက်လာသည့်အခါ သူမ၏လက်များကို သုတ်ဖို့အချိန်တောင် မရပေ။
ဒီတစ်ခေါက်တွင် အော့၏မျက်နှာသည် ချက်ချင်းပျက်သွားကာ
“သတိထားကြ!”
သူသည် ချက်ချင်းအော်သည်။
“အကုန်လုံး သတိထား!!!”
သူ့စကားကြားသည့်အခါ လူတိုင်းသည် သေနတ်များကို အမြန်မြှောက်ကာ သတိအပြည့်ဖြင့် ကြည့်ကြသည်။ ထိုအချိန်တွင် ဆရာသည် ထွက်လာကာ ဂိတ်တံခါးကြီးကပွင့်၍ ဘယ်သူမှ ရှိမနေသည်ကို မြင်သွားသည်။ “ကျို့၊ ရှီယီနဲ့ ရှီအော့ တို့ရော?”
အော့သည် ခေါင်းခါကာ “သွားပြီ! သွေးနံ့နဲ့ ဘာအနံ့မှကို မကျန်ခဲ့ဘူး!”
ဆရာသည် ဂိတ်ကိုကြည့်ရင်း “သွားပြီ? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? အခုမင်းဘာကိုမှ မတွေ့ဘူးလား?”
“ဇွန်ဘီဖြစ်မယ်ထင်တယ်” အော့က ပြောသည်။ “ဒီတစ်ခေါက် အဆင့်၆နေရာလွတ်ဇွန်ဘီနဲ့ တွေ့နေရတာ ဖြစ်မယ်”
ဆရာသည် အော့ကိုကြည့်ကာ မျက်မှန်ကို ပင့်တင်လိုက်ပြီး “မင်းပြောတာက ငါတို့အာရုံခံမရတဲ့ကိစ္စမှာ သူ့နယ်မြေထဲကို သက်ရှိလူတွေ ထည့်ပြီးစားပစ်နေလို့ဆိုတဲ့ သဘောလား?”
အော့သည် ဘေးပတ်ဝန်းကျင်ကိုကြည့်ရင်း ဆိတ်ဆိတ်နေလျှက် ခေါင်းငြိမ့်ပြသည်။ ဆရာ၏မျက်မှန်သည် အလင်းတစ်ချက်ပြန်သွားကာ သူလည်းဘေးကို ကြည့်နေသည်။
သူတို့ဘေးတင်ရပ်နေသည့် လင်းချင်းသည် ဆရာထံမှ အန္တရာယ်ကြီးသည့် ခံစားချက်က ပိုပြင်းလာသည်ကို သိလိုက်သည်။ ကြည့်ရသည်မှာ သူ့အရှိန်အဝါကို သူမြှင့်ထုတ်နေပုံပင်။ သို့သော်လည်း လင်းချင်းကို မထိခိုက်ဘဲ ခြိမ်းခြောက်နေသလိုသာ ဖြစ်စေသည်။
သူမသည် အပြင်ကနေ ဒုတိယထပ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် ဝရံတာလက်တန်းမှ အမိုးပေါ်သို့ တက်သွားသည်။ ထိုအချိန်တွင် တစ်ခုခုကို တွေးမိသွားပုံရသည့် အော့က အောက်နေ လှမ်းအော်သည်။ “ချီ! ပါး! ဆင်းခဲ့ကြတော့!”
သူအော်ချိန်တွင် လင်းချင်းမှာ ချီနှင့်ပါးတို့၏နောက်သို့ရောက်နေနှင့်ပြီ။ သူမသည် လျှင်မြန်စွာဖြင့် ချီ၏လည်ပင်းကို ကိုင်လိုက်ကာ နယ်မြေထဲသို့ ဆွဲခေါ်သွားသည်။
အခုတော့ လင်းချင်းသည် နယ်မြေထဲတွင် လူသတ်ရသည်က ကောင်းကြောင်း သိနေသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏နယ်မြေထဲတွင် အခြားသူများ၏ သဘာဝလွန်အစွမ်းများသည် သုံးမရသည်ကို သိသွား၍ဖြစ်သည်။
ခုနတုန်းက ကျို့သည် သူမကို အစွမ်းဖြင့် တိုက်ဖို့လုပ်တုန်းက မမြင်ရသည့်အရာတစ်ခုခုက သူ့အားရစ်ပတ်ထားကာ စွမ်းအားများ နိုးထခြင်းကို တားဆီးထားပုံရသည်။ ကျို့ကိုတားထားသည့်အရာသည် ဘာမှန်းတော့ လင်းချင်းမသိပေ။ လေထဲကစွမ်းအင်မဟုတ်သဖြင့် ဘာမှန်းကို မသိပေ။ သို့သော်လည်း သူမအတွက် အကူအညီဖြစ်သည်ကတော့ သေချာသည်။
ဒီတစ်ခေါက် လင်းချင်းသည် ချီကို ခေါ်လာသည်နှင့် ဂုတ်ကိုချိုးပစ်လိုက်ကာ အလွယ်လေးသတ်ပစ်လိုက်သည်။ ဇွန်ဘီဖြစ်နေတည်းက လူသားတို့၏ အရိုးများသည် သူမအတွက် ချိုးဖို့လွယ်နေကာ အားအများကြီးသုံးဖို့ မလိုတော့ပေ။
လေးလောင်းမြောက် အလောင်းကို သစ်တောနားတွင်ပစ်ခဲ့၍ လင်းချင်းက ပြန်ထွက်လာသည်။ ထိုအချိန်တွင် ပါးသည် ချီပျောက်သွားသည့်နေရာကို ကြောင်ကြည့်နေသည်။ ထိုအချိန်တွင် လင်းချင်းက ပြန်ထွက်လာသည်။
“ချီ! ပါး!” အမိုးပေါ်တွင် ဘယ်သူမှ ပြန်မဖြေသဖြင့် အော့သည် မကောင်းသည့် ခံစားချက်ကို ရသည်။ သူသည် လက်ကိုမြှောက်လိုက်သည့်အခါ သူ့လက်ဝါးမှ သွေးနီရောင်နွယ်က ထွက်လာကာ အမိုးပေါ်သို့ တွယ်တက်သွားသည်။ လျှင်မြန်စွာဖြင့် အမိုးပေါ်သို့ ရောက်သည်နှင့် ပါးကိုရစ်ပတ်လိုက်တော့သည်။
ပါးသည် အော့၏သွေးနွယ်ကိုမြင်မှ အသိပြန်ဝင်လာကာ နွယ်ကိုခိုစီး၍ အမိုးပေါ်ကနေ ခုန်ချသည်။ ထို့နောက် တခြားသူများသည် အမိုးပေါ်ကနေ ဘာဖြစ်လို့ တစ်ယောက်တည်းပဲ ဆင်းလာသလဲကို နားမလည်နိုင် ဖြစ်လာကြသည်။
အော့သည် မျက်နှာမည်းစွာဖြင့် “ပါး! မင်းတစ်ခုခုမြင်ခဲ့လား?”
ပါးသည် စိတ်ငြိမ်သွားကာ ဖြူဖပ်နေသည့် မျက်နှာဖြင့် “အင်း။ ဖြတ်ခနဲမြင်တယ်။ လူတစ်ယောက်ရဲ့ နောက်ကျောကို မြင်လိုက်တာ. . .ပြောက်ကျားဝမ်းဆက်နဲ့ ကတုံးကြီး. . .ယောက်ျားတစ်ယောက်ဖြစ်မယ်”
ထိုအချိန်တွင် အော့၏သွေးနွယ်များသည် ဆရာကလွဲ၍ တခြားသူများကို ရစ်ပတ်ထားလိုက်သည်။
လင်းချင်းသည် အော့ကို အံ့သြစွာ ကြည့်နေသည်။ သူ့တွင် အစွမ်းရောင်အစွမ်းရှိသော်လည်း သူ့သွေးနွယ်များသည် အရမ်းအန္တရာယ်များပုံရသည်။ အာရုံအသိထက်မြက်သည်က မဆန်းတော့ပေ။ ဒီလိုအပင်အစွမ်းရှိသည့်သူများသည် အာရုံအသိထက်မြက်လွန်းသည်။
“ယောက်ျားဆိုတာ သေချာလား? ဇွန်ဘီမဟုတ်ဘူးလား?” အော့က မေးသည်။
ပါးသည် ခေါင်းခါကာ “နောက်ကျောပဲ မြင်လိုက်တာ။ ဖြတ်ခနဲတန်းပျောက်သွားတော့ လူလား ဇွန်ဘီလား ငါမသိတော့ဘူး”