၂၃၈။ တစ်နပ်အတူစားခြင်း
ယွမ်ထန်ရှင်းကို ပင်လယ်မြို့တော်စခန်းမှ တစ်ဦးတည်းသော ဒုခေါင်းဆောင်မ ဖြစ်သည့်သူက လက်ခံတွေ့ဆုံပေးနေတာ ဖြစ်သည်။
“ဒီလူတွေကို ရှာချင်ရင် တာဝန်ခန်းမကပေးတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်မှ ရမယ်။ ပေးနိုင်သ၍ကတော့ လူတစ်ချို့က ရှင်တို့နောက်လိုက်မယ်လို့ ယုံတယ်”
ယန်ဖန်းယုသည် ဆိုဖာပေါ်တွင် ထိုင်နေရင်းက ယွမ်ထန်ရှင်းကိုကြည့်ကာ အကြံပေးသည်။
သူမသည် လှပကာ အသက်၂၅နှစ် ၂၆နှစ်အရွယ်ထင်ရသည်။ တကယ်တော့ သူမသည် အသက်၂၉နှစ်ရှိနေပြီ။ သူမသည် အဆင့်၆ကိုရောက်ကာ အဆင့်၇ကို ချိုးဖောက်တော့မည့် စခန်းမှ တစ်ဦးတည်သော အမျိုးသမီးဖြစ်သည်။
ယွမ်ထန်ရှင်းသည် ဝူချန်းယွဲ့ကို လာရှာတာဖြစ်သော်လည်း စခန်းတွင် မရှိသောကြောင့် သူသည် ကျိုးရှိဇူနှင့်သာ တွေ့ဖို့လုပ်ရသည်။ ထိုလူသည် အလုပ်များသည့်သူ ဖြစ်သောကြောင့် ယဉ်ကျေးစွာ တွေ့ပြီးသည့်နောက် ယန်ဖန်းယုကို ယွမ်ထန်ရှင်းတို့အား ကူညီဖို့ တောင်းဆိုခဲ့သည်။ သူတို့၏တပ်ဖွဲ့ကို ယွမ်ထန်ရှင်းတိုအား မငှားပေးနိုင်သော်လည်း ပေးနိုင်သ၍ အရည်အချင်းရှိသူအချို့က သူတို့ဖြင့်အလုပ်လုပ်ပေးချင်မှာ ဖြစ်သည်။
ယွမ်ထန်ရှင်းက ပြုံးကာ
“ငှားဖို့လမ်းပြောပေးလို့ ကျေးဇူးတင်ပါတယ်”
ယန်ဖန်ယုသည် ကျော့ရှင်းစွာပြုံးကာ တစ်ဝက်ကိုနောက်၍ပြောသည်။ “ရှင်ကချောတာမလို့ တို့က ကူညီပေးရမှာပေါ့။ တို့အလုပ်အတွက်လည်း ရမှာပဲကို”
ယွမ်ထန်ရှင်းသည် သိပ်ဂရုမထားစွာဖြင့် “နားလည်ပါပြီဗျာ။ လုံလောက်မလားတော့ မသိပင်မယ့် ဒါတွေယူလာခဲ့တယ်”
စကားပြောရင်းဖြင့် သူ့နောက်ကလူကို ရတနာအချို့ပါပုံရသည့် အဝတ်အိတ်ကို ထုတ်ခိုင်းလိုက်သည်။ ထို့နောက် သူသည်အိတ်ကိုဖွင့်ကာ စားပွဲပေါ်သို့ မှောက်ချလိုက်သည်။ ဇွန်ဘီအမြူတေများက စားပွဲပေါ်သို့ ကျလာသည်။
ယန်ဖန်းယုသည် အဆင့်ငါးဇွန်ဘီအမြူတေ သုံးခုဖြစ်မှန်းသိလိုက်သည်။ ဒါကများလွန်းသဖြင့် သူမသည် လက်ကာပြကာ “အိုး ဟိုး ဟိုး ဒါကများလွန်းနေပါပြီ။ တို့က ဒီလောက်ကူညီပေးရတာလည်း မဟုတ်ဘဲနဲ့။ ဒါကပထမဆုံး ပူးပေါင်းလုပ်မယ့်ကိစ္စပဲ။ စျေးလျှော့ပေးပါ့မယ်” ဒီလိုပြောရင်း ယွမ်ထန်ရှင်းနားသို့လာ၍ သူမ၏သွယ်လျသည့်ခါးကိုကွေးလိုက်လေရာ ရှင်းသန့်နေသည့် အနံ့လေးက နှာခေါင်းထဲသို့ ဝင်လာသည်။
သူမသည် အမြူတေတစ်ခုကိုကောက်ယူကာ ခါးပြန်မတ်၍ ယွမ်ထန်ရှင်းကို ပြုံးပြကာ သူမခုံသို့ ပြန်သွားထိုင်သည်။ “တစ်ခုဆိုရင် ရပါပြီ။ ပုံမှန်ဆိုရင် ရှင်တောင်းဆိုတဲ့ကိစ္စမျိုးအတွက် အဆင့်ငါးအမြူတေတစ်ခုနဲ့ အဆင့်၄အမြူတေတစ်ခု လက်ခံတာ။ ဒီနေ့တော့ ရှင့်တို့အကျိုးအတွက် အဆင့်ငါးအမြူတေတစ်ခုပဲ ယူလိုက်မယ်”
“ငါတို့အကျိုးလား?” ယွမ်ထန်ရှင်းသည် သူမကိုပြုံး၍မေးသည်။ သူ့အကြည့်ကတော့ အဓိပ္ပါယ်တစ်ခုရှိနေသည်။
ယန်ဖန်ယုသည် သူမ၏ ရှည်လျားသွယ်လျသည့် ခြေတံများကို ချိတ်လိုက်ကာ သူ့အားပြုံးကြည့်ရင်း “ဘာလဲ? တို့ကို မယုံဘူးလား?”
ယွမ်ထန်ရှင်းသည် ခေါင်းကိုခါကာ ပြောသည်။ “မိန်းကလေးကို သေချာပေါက်ကို ယုံပါတယ်။ ယန်မိန်းကလေးက ကျွန်တော်တို့ကို လိမ်မှာမှမဟုတ်တာ”
ယန်ဖန်ယုသည် သူ့မျက်လုံးကို သေချာစိုက်ကြည့်ပြီးနောက် “ဒါဆိုရင်လည်း ရှင်တို့လိုတဲ့ နည်းပညာရှင်စာရင်းကိုပေး။ ပြီးရင် နင့်အတွက် စာနဲ့ပြန်ထုတ်ပေးမယ်။ ပေးမယ့်ပမာဏကိုတော့ သူတို့နဲ့နောက်မှ ငြှိကြပေါ့”
ယွမ်ထန်ရှင်းက ခေါင်းငြိမ့်ကာ “မနက်ဖြန် သေချာပေါက် စာရင်းလာပေးပါ့မယ်။ ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ယန်ဖန်းယုက သူ့အား အဓိပ္ပါယ်ပါသည့်အကြည့်မျိုးဖြင့် ပြုံးဖြဲဖြဲကြည့်ကာ “ရပါတယ်။ တို့ကို တကယ်ကျေးဇူးတင်ချင်ရင် ညစာလာစားပါလား? ယွမ်လူကြီးမင်းက တို့နဲ့အတူ တစ်နပ်လောက် စားချင်စိတ်ရှိပါ့မလား တွေးနေမိတာ”
‘ဇာတ်လမ်းကစပြီ!’ ယွမ်ထန်ရှင်းသည် အနည်းငယ်ရှက်သွားသော်လည်း ယဉ်ကျေးသည့်အပြုံးဖြင့် ဖြေရသည်။ “သေချာတာပေါ့။ ဒီလိုလှတဲ့မိန်းကလေးနဲ့ ညစာစားရမှာက ဂုဏ်ယူစရာပါပဲ”
ယွမ်ထန်ရှင်း၏နောက်မှ တူယွမ်ရှင်းသည် မျက်နှာတွင် ဘာအမှုအယာမှ မရှိသော်လည်း စိတ်ထဲတွင်တော့ အော်ဟစ်နေလေပြီ။ ‘ဝိုး! ဒုခေါင်းဆောင် ဆန်းတွေပွင့်နေတာပဲ! ငါလည်းသူ့လိုဖြစ်ချင်လိုက်တာကွာ! ငါကျတော့ ကံမကောင်းဘူး. . .မနာလိုလိုက်တာ!’
ဤသို့ဖြင့် ဒုခေါင်းဆောင်နှစ်ယောက်သည် ကန်တင်းသို့ ညစာအတူသွားစားကြသည်။ မကြာခင်တွင် ယွမ်ထန်ရှင်းသည် အကြည့်စူးစူးများကို လက်ခံလိုက်ရတော့သည်။ လူများစွာက သူ့အားမနာလိုစွာ ကြည့်နေကြသည်။ သူက ဘယ်သူမှန်းမသိသဖြင့် အကြည့်ဖြင်သာ ခြိမ်းခြောက်ရဲကြသည်။
ယွမ်ထန်ရှင်းသည် ယန်ဖန်ယုကို ပြုံးပြကာ “ယန်မိန်းကလေးက တကယ့်ကို နာမည်ကြီးတာပဲ! သဘောကျနေတဲ့သူတွေကို တန်းစီလိုက်ရင် စခန်းအပြင်ထိတောင် ရောက်နိုင်တယ်!”
သူ့အရှေ့တွင် ကျော့ရှင်းစွာ ထိုင်စားနေသည့် ယန်ဖန်းယုသည် အနားကလူများကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်နှင့် ဒီလူများက ယွမ်ထန်ရှင်းကို ထပ်မကြည့်ရဲကြတော့ပေ။ ထို့နောက်မှ သူမသည် ယွမ်ထန်ရှင်းကို အပြုံးဖျော့ဖျော့ဖြင့် “သူတို့က လှတဲ့မိန်းမတိုင်းကို သူတို့အတွက် လိုချင်ကြရုံတင်ပါ။ ရှင်တို့ယောက်ျားတွေက အရမ်းကို ပိုင်ဆိုင်လိုစိတ်ကြီးကြတာကို နားကိုမလည်နိုင်ဘူး။ တစ်ခုခုလိုချင်ရင် အကြမ်းနည်းနဲ့လုယူဖို့ပဲ။ ပြီးတော့လည်း ဒီလူတွေက တို့ရဲ့ရုပ်ရည်ကို သဘောကျနေရုံပဲ!”
ပြောပြီးသည့်အခါ သူမသည် ဝိုင်ခွက်ထဲမှ ဝိုင်တစ်ငုံကို သောက်လိုက်သည်။ ယွမ်ထန်ရှင်းသည် သူမကို အံ့သြစွာကြည့်နေမိသည်။ ဒီမိန်းမက ဒီလိုပြောင်ပြောလိမ့်မည်ဟု မထင်ခဲ့ပေ။ သူမပြောသည်ကမှန်သည်။ ထိုယောက်ျားများက သူမကို အလိုဆန္ဒဖြင့်သာ ကြည့်ကြတာဖြစ်ပြီး တခြားခံစားချက်မျိုးမပါပေ။
ပင်လယ်မြို့တော်စခန်းသို့ သူရောက်ပြီးရက်အချို့ကြာသ့်ခါ သူသည်ဒီစခန်းအကြောင်းကို အနည်းငယ်သိနေပြီ။ လှပသည့် အမျိုးသမီးနှစ်ယောက်သည် နာမည်ကြီးကာ လူတိုင်းကသိကြပြီး ထိုထဲကတစ်ယောက်မှာ သူ့အရှေ့က ယန်ဖန်းယုဖြစ်သည်။
ယန်ဖန်းယုသည် ဒုခေါင်းဆောင်ဖြစ်အောင် ကြိုးစားခဲ့သဖြင့် သူမတွင် စွမ်းဆောင်ရည်အချို့ရှိသည်။ သူမသည် အဆင့်မြင့်သူတစ်ယောက်အနေဖြင့် လုပ်ဆောင်နိုင်စွမ်းမြင့်သည်။ ထိုအတူ သူမသည် သန်မာသည့် အရှိန်အဝါရှိသည်။ လှပသည်မှန်သော်လည်း သူမအနားကို ချဉ်းကပ်ဖို့ ကြိုးစားလျှင် လောင်မြိုက်ရမည်ကို စိုးရိမ်ကြသောကြောင့် သူမနှင့် အကွာအဝေးတစ်ခုထားကာ ထိုယောက်ျားများက နေကြတာဖြစ်သည်။
စခန်းက နောက်လှပသည့် မိန်းမကတော့ မကောင်းသတင်းလှိုင်သည်။ သူမက လှပသော်လည်း သာမန်လူသားဖြစ်သည်။ အစွမ်းမရှိသလို အလုပ်လုပ်ချင်စိတ်လည်း မရှိပေ။ ရိုးရှင်းသည့် အလုပ်လေးလုပ်ရင်တောင်မှ တစ်ရက်နှစ်ရက်ကြာလျှင် သူမက ပင်ပန်း၍ အလုပ်ထွက်သည်။
သူမက အပျင်းကြီးရုံတင်မကဘဲ တခြားသူကို အနိုင်ကျင့်တက်သည့် ပြဿနာအိုးပင်။ သူမက စခန်းခေါင်းဆောင်၏ မိန်းမဖြစ်နေသောကြောင့် အခြားသူများကို ညှာတာခြင်းမရှိစွာ အနိုင်ကျင့်တာဖြစ်သည်။ လူများက သူမကို ကြောက်၍မဟုတ်သော်လည်း စခန်းခေါင်းဆောင်က ကာကွယ်ပေးနေသဖြင့် အနိုင်ကျင့်ခံရရင်တောင်မှ မကျေနပ်သည့်အသံ မထွက်ရဲကြပေ။ ယွမ်ထန်ရှင်းသည် ဒီဆိုးဝါးသည့်မိန်းမ၏ နာမည်ကိုမေးဖို့ မေ့သွားခဲ့သည်။ သူမက နေ့တိုင်းပြဿနာရှာခဲ့သဖြင့် သူမသေသည့်အခါတွင် လူတို့က ဝမ်းတောင်သာနေကြသေးသည်။
ယန်ဖန်းယုဖြင့် ညစာစားပြီးသည့်အခါ ယဉ်ကျေးစွာနှုတ်ဆက်၍ ယွမ်ထန်ရှင်းသည် တူယွမ်ရှင်းအား ထိုမကောင်းသည့်မိန်းမ၏ နာမည်ကို မေးဖို့ အခန်းသို့ပြန်လာသည်။
တူယွမ်ရှင်းက ထူးဆန်းသည့်ရုပ်ဖြင့် ဖြေသည်။
“ကြားခဲ့တဲ့ အဲ့ဒီမိန်းမနာမည်က လုထန်ယုတဲ့!”
နာမည်ကိုကြားသည့်အခါ ယွမ်ထန်ရှင်းသည် ခနကြောင်အသွားပြီးနောက် တူယွမ်ရှင်းအား နားမလည်စွာ ထပ်မေးသည်။ “ဘာ? နာမည်က ဘယ်သူ?”
တူယွမ်ရှင်းသည် ချောင်းဟန့်၍ ရယ်ကာ “ဟုတ်တယ်။ လုထန်ယုတဲ့”
ယွမ်ထန်ရှင်းသည် တူယွမ်ရှင်းအား ထူးဆန်းစွာကြည့်ကာ “တိုက်ဆိုင်လိုက်တာ! ငါတို့အခုတလောတွေ့တဲ့ ဇွန်ဘီနာမည်ကလည်း လုထန်ယုပဲ!”