၄၀၃။ ထန်ဟေးက ကြောက်ပြီး ပြေးတောင်သွားတယ်
လင်းချင်းသည် အမိုးပေါ်တွင် ရပ်နေသည်။ ဒီအမိုးပေါ်တွင် လင်းချင်းတို့စခန်းရှိရာဘက်ကို မျက်နှာမှုထား၍ မျက်လုံးကိုမှိတ်ကာ တစ်ခုခုကို အာရုံခံနေပုံရသည့် လူတစ်ယောက်လည်း ရှိသည်။ လင်းချင်းက သူ့အနောက်တွင် ရှိနေသည်ကိုတော့ အာရုံမခံမိပါပေ။
လင်းချင်းသည် သူရှိနေသည့်နေရာကို တကယ်ကြီးတွေ့လိမ့်မည်ဟု မျှော်လင့်မထားမိခဲ့ပေ။ သူ့ထံမှ ဖျော့တော့ကာ မရှင်းလင်းသည့် အရှိန်အဝါလောက်ကိုသာ ရတာဖြစ်သည်။ သူမလောက် အာရုံခံနိုင်စွမ်းမမြင့်သည့် ချူးလီလီလည်း ဒီလောက်သာ ခံစားရတာ ဖြစ်သည်။
ချူးလီလီကတော့ ဒါကိုအရေးသိပ်ကြီးသည်ဟု မသတ်မှတ်သော်လည်း လင်းချင်းကတော့ သတိအပြည့်ထားသည်။ ကမ္ဘာပျက်ခေတ် အဆင့်၇ဓားပြကို ဘယ်လိုရှင်းရမလဲဟု သူမက စတွေးနေမိသည်။
‘ဒီတိုင်းတိုက်လိုက်ရမလား? သူ့ကိုမောင်းထုတ်နိုင်အောင် ခြောက်နိုင်ပါ့မလားဆိုတာ ငါမသေချာဘူး’
သူမသည် အဆင့်၆သာ ရှိသေးသည်။ သူမ၏အစွမ်းနှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားတို့ ပေါင်းထည့်၍ တိုက်ခိုက်လျှင် သရေကျနိုင်သည်။ သို့သော်လည်း နွယ်လေးက သူမအား ပြင်းထန်သည့် တိုက်ပွဲများ မနွှဲရင် မှာထားလေသည်။ ထို့ကြောင့် သူမသည် အဝေးကနေသာ တိုက်လို့ရပြီး အနီးကပ်တိုက်ပွဲကို မတိုက်နိုင်ပေ။ သို့သော်လည်း သူမသာ အနီးကပ်တိုက်ပွဲဖြင့် မတိုက်ရလျှင် အကျိုးတစ်ဝက်လောက်က လျော့မှာပင်။
လင်းချင်းသည် ခနတွေးပြီးနောက် အရင်ဆုံးခိုးတိုက်ဖို့သာ ဆုံးဖြတ်လိုက်သည်။ ဉာဏ်နီဉာဏ်နက်များသည့် နွယ်လေးထံတွင် သူ့ကိုယ်သူ ကာကွယ်ဖို့ အထူးအစွမ်းတွေတော့ ရှိနေလောက်မှာပါ။
လင်းချင်းသည် စိတ်ဆုံးဖြတ်ပြီးသည့်အခါ လက်ကိုမြှောက်၍ လက်သည်းများထုတ်လိုက်သည်။ သူမ၏ လက်သည်းများသည် ကိုယ်ဖျောက်ထားသည့် အခြေအနေတွင်လည်း သန်မာနေဆဲ ဖြစ်သည်။
သူမသည် ဓားပြနောက်သို့ အမြန်သွားလိုက်ကာ ညာလက်ကိုမြှောက်၍ ဓားထိပ်များလို ဖြစ်နေသည့် လက်သည်းများဖြင့် ဓားပြ၏ ခေါင်းအနောက်ကို လွှဲယမ်းပစ်လိုက်သည်။
ဒင်!
စူးရှသည့် အသံတစ်ခုမှာ လင်းချင်း၏ လက်သည်းတို့က သူ့ခေါင်းအနောက်ကို ခြစ်မိသွားသလို ထွက်ပေါ်လာသည်။
ထန်ဟေးသည် ချက်ချင်းလှည့်ကြည့်လာကာ အနောက်သို့ ဆုတ်လိုက်သည်။ သို့သော်လည်း ဘယ်သူ့ကိုမှ မမြင်ပေ။
“ဘယ်သူလဲ? ထွက်လာခဲ့စမ်း!”
လင်းချင်းကတော့ သူ့တုန့်ပြန်မှုကြောင့် အံ့သြနေသည်။
‘ငါတိုက်မယ်ဆိုတာကို ကြိုသိနေတာလား? သူ့ခေါင်းအနောက်ကို သူ့သတ္တူအစွမ်းနဲ့ တကယ်ကြီးကာထားတာပဲ!’
“ထွက်ခဲ့! မင်းမျက်ခွက်ကိုပြဖို့ ကြောက်နေလား? ဒါကိုတောင် ငါ့ကိုခိုးတိုက်ရဲသေးတယ်လားကွ!”
ထန်ဟေးသည် ဘယ်သူ့ကိုမှ မတွေ့သော်လည်း ဘေးပတ်ဝန်းကျင်ကို ပတ်ကြည့်ကာ လေအေးတွေ တိုက်နေသည့်ကြားထဲက အော်သည်။
ထိုအချိန်တွင် သူ့ဘေးမှာ ရပ်နေသည့် လင်းချင်းက သူ့အားနားမလည်စွာ ကြည့်နေသည်။
‘ငါ့တည်ရှိမှုကို သူအာရုံမခံနိုင်တာ သေချာပါတယ်။ ဒါပင်မယ့် ဘယ်လိုလုပ်ပြီး သူ့ကိုယ်သူ ငါ့တိုက်ခိုက်မှုကနေ ကာကွယ်လိုက်နိုင်တာလဲ?’
ထန်ဟေးသည် အခုအနည်းငယ် ကြောက်နေတာ ဖြစ်သော်လည်း မျက်နှာထက်တွင် လုံးဝမပေါ်စေရပေ။ ခုနက သူ့ခေါင်းနောက်ကို ဘာကတိုက်သွားသလဲကို သူမသိပေ။ သူကသာ တစ်ချိန်လုံး သူ့ဦးခေါင်းခွံအား သတ္တူစွမ်းဖြင့် ကာကွယ်မထားပါက သူသည် ခေါင်းဖြတ်ခံရလောက်ပြီ။ ထို့အတူ သူသည် တိုက်ခိုက်ရန် ပြင်ဆင်မှု သို့မဟုတ် လူသတ်ချင်စိတ်တို့ကို ဘာဆိုဘာမှ မခံစားမိပေ။
လင်းချင်းသည် ကိုယ်မဖော်ဘဲ သူ့အနားတွင် ရပ်နေကာ သူ့အမှုအယာကို သေချာ အကဲခတ်နေသည်။ သူမသည် သူ့စိတ်ကို မဖတ်နိုင်သော်လည်း သူ့၏သတိအပြည့် ဖြစ်နေသည့် အရှိန်အဝါကိုတော့ ခံစားမိသည်။
ထန်ဟေးသည် အကြိမ်အချို့အော်ပြောသော်လည်း ဘယ်သူမှ ပေါ်မလာပေ။ ထို့နောက် သူသည် ဒုက္ခရောက်ပြီဟူသည့် ခံစားချက်ကို ရလိုက်တော့သည်။
သူ့လည်ပင်းက အသားအရည်ထက်တွင် သတ္တူအလွှာတစ်ခု အုပ်ထားသည်ကို လင်းချင်းသည် အချိန်အချို့လောက် စိုက်ကြည့်ပြီးသည့်အခါမှ တွေ့လိုက်ရသည်။ သူမတိုက်လိုက်သည့်နောက် သူသည် သတိအပြည့် ဖြစ်သွားပုံရဿည်။ ထို့ကြောင့် သူမ၏ နောက်ထပ် ခိုးတိုက်ခိုက်မှုများသည် အသုံးဝင်မှာ မဟုတ်တော့ပေ။
ထိုအချိန်တွင် ထန်ဟေးသည် ရုတ်တရပ်ကြီး အပေါ်သို့ ခုန်လိုက်ကာ အမိုးစွန်းပေါ်ကိုနင်း၍ ဒီအဆောက်အဦးကနေ အလင်းလိုအလျှင်ဖြင့် ခုန်ချသွားတော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာကို သူကအစရှာမရအောင် ပျောက်သွားတာ ဖြစ်သည်။
လင်းချင်းသည် အမိုးစွန်းပေါ်သို့ ခုန်တက်ကာ သူကအနောက်ပိုင်းကန်ခရိုင်ဘက်သို့ အသားကုန်ထွက်ပြေးသွားသည်ကို ကြည့်လိုက်ကာ နောက်ကနေ လိုက်ဖမ်းမနေတော့ပေ။ သူမြန်မြန်ပြေးနေသည်ကို ကြည့်ရင်း သူဒီကိုပြန်လာမှာ မဟုတ်တော့ဘူးဟု ခန့်မှန်းမိသည်။ ထို့ကြောင့် သူမသည် စခန်းသစ်ထံသို့ ပြန်လှည့်လာလိုက်သည်။
ဗစ်တိုးရီးယားဟိုတယ် အမိုးပေါ်သို့ ပြန်ရောက်လာသည့်တိုင်အောင် ဘယ်ဇွန်ဘီကမှ ပုံးဖြင့်ပြန်မလာကြသေးပေ။ တခြားလုပ်စရာလည်း မရှိသဖြင့် လင်းချင်းသည် နယ်မြေထဲကိုဝင်လိုက်ကာ ခွေးဖြင့် သွားဆော့တော့သည်။
ဇွန်ဘီခွေးသည် သူမက ရုတ်တရပ်ပေါ်လာသည့်အခါ ကြောင်အသွားသည်။ သူသည် မြေကြီးပေါ်တွင် လှဲအိပ်နေတာ ဖြစ်သလို လင်းချင်းက သူ့မျက်လုံးရှေ့တွင် ဖြတ်ခနဲပေါ်လာသဖြင့် မြေကြီးပေါ်ကနေ ချက်ချင်းတောင် ထလိုက်သည်။
“ဂါး!”
‘တောက်! ငါ့ကိုသေအောင်လာခြောက်နေတာပဲ!’
လင်းချင်းသည် သူ့အော်သံကို ကြားသည့်အခါ လူစကားသို့ စိတ်ထဲက ဘာသာပြန်၍ ကြားလိုက်သည်။
“ဝူး. . .”
လင်းချင်းကို မြင်သဖြင့် ဇွန်ဘီခွေးသည် သူ့ခြေများကိုကွေး၍ ခေါင်းကိုငုံလိုက်ကာ လင်းချင်းအား စူးရှသည့် မျက်လုံးများဖြင့် စိုက်ကြည့်၍ အော်သည်။
“ဘာလုပ်နေတာလဲ? ငါ့ကိုမာန်ဖီနေတာလား? နင့်ဖင်ကို ကန်ထည့်လိုက်ရ! ငါနင့်ကို ရေတိုက်မလို့ဟဲ့! ရေမလိုချင်ဘူးမလား?”
လင်းချင်းသည် ခွေးအရှေ့တွင် ထိုင်လိုက်ကာ သစ်ကိုင်းတစ်ခုကို ကောက်၍ ခွေးအား သစ်ကိုင်းဖြင့်ရွယ်ကာ ပြောသည်။
“ဝူ…ဝုတ်. . ..”
ခွေးကြီးသည် ခြိမ်းခြောက်ခံရသည်ကို မကြိုက်သဖြင့် လင်းချင်းကို သွားဖြဲကာ ပြန်ဟောင်သည်။ သူတို့ကြားက အကွာအဝေးသည် မဝေးသော်လည်း ခွေးကြီးမှာ လင်းချင်းကို ခုန်အုပ်ကာ မကိုက်ရဲပေ။
လင်းချင်းသည် ခွေးလည်ပင်းက နွယ်ကို စပ်စုစွာ ကြည့်လိုက်သည်။ နွယ်လေးက ပျောက်ကွယ်သွားနေသော်လည်း နွယ်ကတော့ မပျောက်သလို အရောင်တောင် မပြောင်းပေ။
သူမသည် ထရပ်ကာ ကန်ဘက်သို့ လျှောက်သွားသည်။ စတော်ဘယ်ရီခင်းကို ဖြတ်လာသည့်အခါ မခူးတာအတော်ကြာပြီ ဖြစ်ကြောင်း တွေ့ရသည်။ မှည့်နေသည့် စတော်ဘယ်ရီသီးတို့က အများကြီးပင်။
သူမသည် စတော်ဘယ်ရီသီး နှစ်လုံးကိုခူးကာ အကျီဖြင့်သုတ်၍ ပါးစပ်ထဲသို့ တစ်လုံးစားလိုက်သည်။ တစ်ကိုက်ဝါးလိုက်သည့်အခါ ချဉ်သည့်အရသာသည် ပါးစပ်ထဲကနေ တစ်ကိုယ်လုံးကို ပြန့်နှံ့သွားသည်။ သို့သော်လည်း ချဉ်သည့်အရသာကြောင့် သူမ၏ခေါင်းထဲမှ ထူးဆန်းကာ အနည်းငယ် ကျေနပ်သလို ဖြစ်လာသည်။
‘ဟမ်?’
လင်းချင်းသည် ခနပဟေဠိ ဖြစ်သွားကာ နောက်တစ်ကိုက် ထပ်ကိုက်စားလိုက်သည်။ သူမထင်သလိုပင် ချဉ်သည့်အရသာကြောင့် ကြက်သီးထသွားကာ သူမ၏ ခေါင်းထဲက ကျေနပ်မှုက ထွက်လာ၍ မကြာခင် ပျောက်သွားသည်။
လင်းချင်းသည် စားနေရင်း စွပ်ပြုတ်ပန်းကန်လုံးတွေ့သဖြင့် ကန်ရေကို ဒါဖြင့်ခပ်လာခဲ့ကာ သစ်တောထဲသို့ဝင်၍ ဇွန်ဘီခွေးရှေ့တွင် ထိုင်ကာချပေးလိုက်သည်။
“ရော့ ရေသောက်!”
တကယ်တော့ ဇွန်ဘီခွေးက ရေလိုလား မလိုဘူးလား သူမက မသိပေ။ သို့သော်လည်း တခြားဇွန်ဘီတိုင်းကတော့ ရေဆိုလျှင် ငမ်းငမ်းတက် လိုချင်ကြတာပင်။
ဇွန်ဘီခွေးသည် ရေဇလုံကို တစ်ချက်ကြည့်ကာ လင်းချင်းကို ပြန်ကြည့်၍ မထိပေ။ ထိုအချိန်တွင် ဇွန်ဘီခေါင်းဆောင်များ ပြန်ရောက်လာသည်ကို လင်းချင်းက အာရုံခံမိသည်။ ထို့ကြောင့် ထလိုက်ကာ ဇွန်ဘီခွေးအား
“ဒီမှာထားခဲ့မယ်။ သောက်မသောက်ကတော့ နင့်ဟာနင်ပဲ”
ဒီလိုပြော၍ သူမက ထွက်လာသည်။
သူမသည် အမိုးပေါ်သို့ ပြန်ရောက်သည့်အခါ အဆင့်၄ဇွန်ဘီနှစ်ကောင်က ပလတ်စတစ်ပုံးကြီးတစ်ပုံးစီကိုင်ကာ ရပ်နေကြသည်။ လင်းချင်းပေါ်လာသည့်အခါ သူမအား မျှော်လင့်တကြီး ကြည့်လာကြသည်။
လင်းချင်းသည် သူတို့ပုံးများကို ကြည့်လိုက်သည်။ ဒီပုံးများသည် သူမ၏နယ်မြေထဲကပုံးများနှင့် ဆင်တူကာ မကွဲနိုင်ပေ။ သူမက ခေါင်းငြိမ့်ကာ
“ဒါတွေက ရတယ်။ ရေချိုးပြီးရင် ဒါတွေကို နင်တို့နေရာကို ပြန်ယူသွားကြ။ နောက်သုံးလို့ရသေးတယ်”
စကားပြောပြီးနောက် သူမသည် ရေပုံးကြီးနှစ်ခုကိုယူ၍ ကန်ဘေးသို့ ဝင်သွားသည်။ ဖိနပ်ကိုချွတ်၍ ကန်ထဲသို့ ခြေပြောင်ဖြင့်ဆင်းကာ ပုံးနှစ်ခုကို ရေဖြည့်၍ ပြန်ထွက်လာသည်။
ဘုန်း! ဘုန်း!
လင်းချင်းသည် ရေပုံးနှစ်ခုကို ကြမ်းပြင်ပေါ်သို့ ချလိုက်ကာ အဆင့်၄ဇွန်ဘီနှစ်ယောက်ကို
“အဝတ်တွေချွတ်ပြီး ဝင်ကြ”
ဒီနှစ်ယောက်သည် ဘယ်လိုချွတ်ရမလဲနှင့် ဘယ်လိုပြန်ဝင်ရမလဲကို လင်းချင်းက နယ်မြေထဲတွင် သင်ပေးထားသောကြောင့် တက်သည်။ လင်းချင်းစကားဆုံးသည့်အခါ အဝတ်ချွတ်၍ သူတို့ပုံးကိုယ်စီထဲသို့ သူတို့ဝင်ကြသည်။