“ဘယ်လိုနေလဲ? နာသေးလား?” လင်းဝမ်ဝမ်သည် ဝေ့ကျန်းချန်အား ထူပေးနေစဉ် လုံချင်းယင်ကတော့ ဘေးကနေ ထိုလူအား စိုက်ကြည့်နေသည်။ ရှင်းလော့နှင့် တခြားလိုက်လာသည့် တပ်သားများကလည်း သူ၏အနောက်ကနေ ဝိုင်းရံကြည့်နေကြသည်။
“အဟွတ်. . .ငါအဆင်ပြေပါတယ်” ဝေ့ကျန်းချန်သည် ထလိုက်ကာ လက်တစ်ဖက်က သူ့ရင်ဘတ်ကို ကာထားသည်။ ချောင်းဆိုးပြီးနောက် သူ့ခေါင်းခါကာ ဖြေတာ ဖြစ်သည်။
လင်းဝမ်ဝမ်သည် တပ်သားကို လှည့်မေးသည်။ “ဒီလူကိုသိလား? ဘယ်သူလဲ?” ဒီလူသည် အရမ်းကို ထောင်လွှားလွန်းသည်။ သာမန်စွမ်းအားရှင်တစ်ယောက်သည် ဒီလောက်အာခံနိုင်မှာ မဟုတ်ဘူးဟု ယုံကြည်သည်။
“ခေါင်းဆောင်ယန်ရဲ့ ညီအငယ် ယန်ဟွေ့” တပ်သားက သူမ၏ အမေးကို ဖြေသည်။
တခြားသူများသည် ဒီလူအား သိနေသည့်အကြည့်ဖြင့် ကြည့်ကြသည်။ သူသည် အများပြည်သူမြင်ကွင်းတွင် မိန်းကလေးတစ်ယောက်အား ရဲရဲတင်းတင်းကြီးကို စော်ကားမော်ကား ပြောရဲနေခြင်းက မထူးဆန်းတော့ပေ။ သူ့တွင် ကျောထောက်နောက်ခံကောင်းရှိနေ၍ပင်။
“သွားရအောင်” လင်းဝမ်ဝမ်က ပြောသည်။ “ငါဘာပြဿနာမှ မဖြစ်ချင်ဘူး!”
သာမန်လူသာဆိုရင် သူမသည် လုံချင်းယင်အား ဒီလူဖြင့် တိုက်ခွင့်ပေးမှာ ဖြစ်သည်။ သို့သော်လည်း စခန်းခေါင်းဆောင်၏ ညီအငယ်ဖြစ်နေသည်။ တိုက်မိပါက ပြဿနာများကို ပိုဖြစ်စေလိမ့်မည်။ ထို့အတူ သူတို့သည်လည်း အခုအချိန်တွင် စခန်းခေါင်းဆောင်ဖြင့် မတိုက်ခိုက်နိုင်သေးပေ။
သူတို့ထွက်သွားဖို့ လုပ်သည့်အခါ အသက်၇နှစ်၈နှစ်အရွယ် ကောင်လေးသည် ဝေ့ကျန်းချန်၏ဘေးကနေ လင်းဝမ်ဝမ်ထံသို့ ပြေးလာသည်။ ဝေ့ကျန်းချန်သည် ရင်ဘတ်က နာကျင်နေသဖြင့် ကလေးက အနားသို့ ချဉ်းကပ်လာခြင်းကို သတိမထားမိပေ။ ထို့အတူ ကောင်လေးသည် သေးငယ်သဖြင့် သူ့အားသတိပြုမိဖို့ကလည်း ခက်ခဲသည်။
သူသည် လင်းဝမ်ဝမ်ထံသို့ ပြေးလာကာ လင်းဝမ်ဝမ်၏ စကပ်စကို အားကုန်သုံး၍ ကုန်းကာလှန်လိုက်သည်။ သို့သော်လည်း စကပ်က လန်မသွားခင် လက်တစ်ဖက်က ထိုကလေး၏ လက်ကိုအားဖြင့် ဖမ်းလိုက်သည်။
“အား!” လင်ဝမ်ဝမ်သည် ကောင်လေးက သူမ၏စကပ်ကို လာလှန်သည့်အခါ မအော်ဘဲ မနေနိုင်ပေ။
“အား!!! ငါ့ကိုလွှတ် လွတ်ပေး!” သို့သော်လည်း ကောင်လေး၏အသံက လင်းဝမ်ဝမ်ထက်တောင် ပိုကျယ်နေသည်။
ထိုအခါ လူတိုင်းသည် ဒီကောင်လေးမှာ လင်းဝမ်ဝမ်၏ စကပ်ကို လာလှန်ဖို့လုပ်ကြောင်း မြင်လိုက်ရသည်။ သို့သော်လည်း သူ့အား ယောက်ျားတစ်ယောက်. . .မဟုတ်သေး အမျိုးသမီးတစ်ယောက်က ရုတ်တရပ်ပေါ်လာကာ သူ့လက်ကိုဖမ်းကာတားထားလိုက်သည်။
“ဘယ်က ကလေးလဲ? မိဘတွေက ဘယ်မှာလဲ?” သူမက အော်မေးသည်နှင့် လူအုပ်သည် ဘေးသို့ကြည့်ကြကာ လူသွားလမ်းတစ်ခုဖြစ်အောင် ဘေးသို့ရှောင်ပေးကြသည်။ ခေါင်းကိုမော့ချီထားသည့် အသက်၃၀အရွယ် အမျိုးသမီးတစ်ယောက်သည် ချစ်ဖို့ကောင်းသည့် ကလေးမလေးကို လက်ကဆွဲကာ ထွက်လာသည်။
ထိုအမျိုးသမီးသည် လင်းချင်းက ကိုင်ဖမ်းထားသည့် ကောင်လေး၏လက်ကို ညွှန်ပြကာ “နင်က ဘယ်သူလဲ? ငါ့သားကို လွှတ်ပေးစမ်း”
ဒီလိုပြောသည့်အခါ တခြားသူများသည် ကောင်လေးက သူမ၏သားမှန်း သိသွားသည်။ သို့သော်လည်း သူမသည် လင်းဝမ်ဝမ်ကို မတောင်းပန်ဘဲ လင်းချင်းကိုတောင် သူမ၏သားကို ရပ်အောင်လုပ်၍ အော်နေသေးသည်။
“အရင်တောင်းပန်!” လင်းချင်းက မပြောရသေးခင် လုံချင်းယင်က အေးစက်စွာ အရင်ပြောလိုက်သည်။ ကောင်လေးရော အမေဖြစ်သူရောမှာ သူတို့လုပ်ရပ်က မှားသည်ဟု မထင်ပုံရနေသဖြင့် လင်းဝမ်ဝမ်တို့မှာ ပိုစိတ်တိုရခြင်း ဖြစ်သည်။
“တောင်းပန်ရမယ်? ဘာဖြစ်လို့လဲ? ငါ့သားလေးက နင်နဲ့လာဆော့ပေးလို့ နင်ကတောင် ကျေနပ်ရဦးမှာကို။ မတုံးစမ်းပါနဲ့!” အမျိုးသမီးက ပြုံးကာပြောသည်။
“နင်!!1” လင်းဝမ်ဝမ်သည် ဒေါသထွက်လွန်း၍ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမသည် စိတ်တိုလွန်း၍ ဘာကိုမှ မပြောနိုင်တော့ပေ။
တကယ်လို့ လင်းချင်းက ပေါ်လာ၍ မတားခဲ့လျှင် သူမ၏စကပ်သည် သူမသိချိန်တွင် အကုန်လန်သွားမှာ ဖြစ်သည်။ ဒီလိုသာဖြစ်ပါက ဒီကလူတိုင်းသည် သူမ၏အတွင်းခံကို မြင်ကုန်ကြတော့မည်။ ဒါဆိုရင် သူမသည် တခြားသူများကို ဘယ်လိုမျက်နှာချင်းဆိုင်ရတော့မည်နည်း?
အခုတော့ ကောင်လေး၏ အမေသည် သူမကို ပိုတောင်ဒုက္ခပေးနေသည်။ သူမသည် အပြစ်ရှိသလိုကို လုံးဝမဖြစ်ကာ ဒါကဖြစ်သင့်တာလို့တောင် ထင်နေသေးသည်။
လင်းချင်းက ကောင်လေး၏ လက်ကိုကိုင်ထားရင်း စိတ်ကိုဖတ်လိုက်သည်။ ထို့နောက် မျက်မှောင်ကျုံ့ကာ “အရွယ်ရောက်တဲ့သူတွေကို ဒီလိုလုပ်ဖို့ သူ့ကိုပြောထားတာပဲ!”
သူ့စကားကိုကြားသည့်အခါ လင်းဝမ်ဝမ်သည် အံ့သြသွားသည်။ ထို့နောက် လင်းချင်းသည် ကောင်လေး၏အမေကို လက်ညိုးထိုးပြကာ ပြောသည်။ “ဒီမိန်းမက သူ့ကိုဒီလိုလုပ်ခိုင်းထားတာ!”
“ဘာ!!!” လင်းဝမ်ဝမ်သည် သူမကြားသည်ကို မယုံနိုင်သဖြင့် မျက်လုံးပြူးကျယ်သွားကာ လင်းချင်းကိုကြည့်၍ ထိုမိန်းမကို လှည့်ကြည့်သည်။
“ငါ့ကိုလွှတ်! ငါ့ကိုလွှတ်! ငါ့လက်နာနေပြီ!” ထိုကောင်လေးသည် သူ့လက်ကိုရုန်းရင် လင်းချင်းအား ငိုတော့မလို မျက်နှာဖြင့် အော်သည်။ ထို့နောက် သူ့အမေကိုကြည့်ကာ “အမေ သားလက်ကို သူကချိုးနေတယ်! တကယ်နာတယ်!!!”
“ဟဲ့! ယောက်ျားလျာမ! ငါ့သားကိုလွှတ်စမ်း! ငါ့ပြောနေတာကို ကြားလား?” သူမ၏သားမျက်နှာထက်တွင် နာကျင်မှုကို မြင်ရသည့်အခါ အမျိုးသမီးသည် စိတ်ပူလာသည်။
လင်းချင်းက ခေါင်းငြိမ့်ကာ “ဟုတ်ပြီ!” ထို့နောက် သူမသည် ကောင်လေးအား လက်ကနေ ကိုင်မြှောက်လိုက်ကာ လွှတ်ပစ်လိုက်သည်။
“အား!!!” ကောင်လေးသည် ဆယ်မီတာလောက်က ပြတင်းပေါက်သို့ လွှတ်ပစ်ခံလိုက်ရသည်။
“ငါ့ကလေး!” လင်းချင်းက ကလေးကို ပြတင်းပေါက်နားသို့ လွှတ်ပစ်မည်ဟု မထင်သဖြင့် အမျိုးသမီးသည် သေမတက် ကြောက်သွားသည်။ ဒုတိယထပ်တွင် ဖြစ်သဖြင့် ကလေးကသာ ပြတင်းပေါက်ကနေ ပြုတ်ကျသွားလျှင် သေရင်သေ မသေရင် ကျိုးပဲ့မှာ အမှန်ပင်။
လူတိုင်းသည် လင်းချင်း၏ အပြုအမှုကြောင့် ကြောက်လန့်ကုန်ကြကာ မတုန့်ပြန်နိုင်ကြပေ။ ပြတင်းပေါက်သည် ထိုကနေ ဝေးသည်။ ဒါကို မျက်မှန်ဖြင့် အမျိုးသမီးက ဘယ်လိုများ ပစ်လိုက်သနည်း?
ကလေးကိုပစ်ပြီးနောက် လင်းချင်းသည် ချက်ချင်းလှုပ်ရှားသည်။ သူမသည် ပြတင်းပေါက်နားသို့ တန်းရောက်သွားကာ ကျသွားသည့် ကောင်လေး၏ ကော်လံကို လှမ်းဆွဲထားလိုက်သည်။ ထိုအခါ လူဆိုးကောင်လေးသည် ပြတင်းပေါက်တွင် တန်းလန်းကြီး ဖြစ်နေလေသည်။
“အား!!! အမေ! ဦးလေး! ကယ်ပါဦး!!!” ဘာဖြစ်နေသလဲကို သိသည်နှင့် ကောင်လေးသည် အကျယ်ကြီး အော်ဟစ်သည်။ ပြတင်းပေါက်တွင် တွဲလောင်းချခံထားရသည့်အခါ သူသည် မလှုပ်ရဲတော့ပေ။
“ငါ့သားလေး!” အမျိုးသမီးသည် အော်ရင်းပြေးသွားသည်။ လင်းဝမ်ဝမ်ကို ခုနက နှောင့်ယှက်နေသည့်လူသည်လည်း အမြန်ပြေးလာသည်။
“မလှုပ်နဲ့! နင်တို့ကပ်လာရင် ငါပစ်ချမှာ!” ပြတင်းပေါက်နားသို့ သူတို့မကပ်ခင် လင်းချင်းသည် လက်တစ်ဖက်ကိုမြှောက်၍ သူတို့ကိုတားသည်။
“နင်. . .ငါ့သားကိုပြန်ပေး! ငါ့ကလေးကို ပြန်ပေးစမ်း!!!” အမျိုးသမီးနှင့် ယန်ဟွေ့တို့ နှစ်ယောက်လုံး ရပ်သွားသည်။ အမျိုးသမီးသည် လင်းချင်းကြောင့် တွဲလောင်းချခံထားရသည့် ကလေးကိုကြည့်ကာ ကြောက်နေသည်။
သူ့လိုမဟုတ်ဘဲ ယန်ဟွေ့ကတော့ လင်းချင်းကို ဒေါသဖြင့် ကြည့်သည်. “မင်းရဲလိုက်တာ! ဒါဘယ်သူ့ကလေးလဲသိလား? သူသာတစ်ခုခုဖြစ်လို့ကတော့ မင်းတို့အသက်တွေနဲ့တောင် မလုံလောက်ဘူး!” ယန်ဟွေ့သည် လင်းချင်းမှာ သူ့ထက် ပို၍ရန်လိုတက်ကာ ရဲတင်းတက်ကြောင်းကို မသိပေ။
ဒီစခန်းတွင် ဘယ်သူကမှ ဒီနှင့်ဒီမိန်းမကို ဘာမှမလုပ်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့အကိုကြီးသည် စခန်းခေါင်းဆောင် ဖြစ်သောကြောင့် သူတို့သည် စခန်းကလူတိုင်းကို အနိုင်ကျင့်တက်ကြသည်။ သို့သော်လည်း လင်းချင်းမှာ ခေါင်းဆောင်ယန်၏ တူနှင့်ခြိမ်းခြောက်နေရဲသည်။
ထိုလူ၏အသံက ပျောက်သွားသည်နှင့် လူတိုင်းထင်သလိုပင် ခြေသံများစွာက ထွက်လာကာ စခန်းမှစစ်တပ်ဝတ်စုံဖြင့် စစ်သားနှစ်ဆယ်လောက်သည် အမြန်ရောက်လာကာ လင်းဝမ်ဝမ်တို့ကို သေနတ်ဖြင့် ဝိုင်းချိန်ထားကြတော့သည်။