၂၂၃။ နင်တို့ကိုလွှတ်မယ်
မိုးသည် နှစ်နာရီလောက်ကို ရွာနေသဖြင့် လင်းချင်းသည် နယ်မြေထဲသို့ပြန်လာကာ ကလေးမလေးဖြင့် စကားပြောရင်း ဟိုလူစုက အာလူးဖုတ်နေသည်ကို ထိုင်ကြည့်နေရသည်။
ကလေးမလေးသည် လင်းချင်းအား သူမ၏ အမကြီးဇွန်ဘီဖြစ်ကြောင်းကို ယုံသွားပုံရသည်။ သို့သော်လည်း ဘာဖြစ်လို့ အမကြီးဇွန်ဘီက ရုပ်ပြောင်းသွားသလဲကို နားမလည်နိုင်သေးသည်။ ကလေးမလေးက လင်းချင်း၏ မျက်နှာကို စပ်စုစွာဖြင့် ကြည့်နေသောကြောင့် သူမအား လင်းချင်းက စိတ်ရှည်စွာ ရှင်းပြလာသည်။ “ငါ့မျက်နှာကို ပြင်လိုက်တာ”
ထိုအခါ ကလေးမလေးသည် သံသယအပြည့်ဖြင့် ခေါင်းငြိမ့်ပြသည်။
လုထန်ရိသည် ခြောက်သွားသည့်အကျီကို ဝတ်ထားကာ ပန်ကန်တစ်လုံးတွေ့သဖြင့် ကင်ထားသည့် အာလူးများကို ထည့်လာရင်း လင်းချင်း၏အနားသို့ လျှောက်လာသည်။ အာလူးခွံများကို နွှာပေးရင်း လင်းချင်းကို မေးသည်။ “ဒါတွေက စားလို့ရမှန်း နင်ဘယ်လိုလုပ်သိတာလဲ? ငါတို့အကုန်လုံး ဇွန်ဘီဖြစ်မှာကို နင်မကြောက်ဘူးလား?”
လင်းချင်းသည် သူ့ကိုခေါင်းမော့ကြည့်ကာ တိတ်နေသည်။ လုထန်ရိက အနားသို့ကပ်လာသည်နှင့် ကလေးမလေးသည် လင်းချင်း၏အနောက်သို့ အမြန်ပြေးပုန်းကာ ခြေထောက်လေးများသာ ပေါ်နေတော့သည်။
လုထန်ရိသည် သူမကိုကြည့်ကာ နောက်ထပ်မေးခွန်းတစ်ခုကို မေးသည်။ “ငါတို့သွားရင် နင်ဘာလုပ်မှာလဲ? စီမံရေးရုံးကို ဒီမှာရှာဖို့ ကျန်ခဲ့မှာလား? လိုတာတစ်ခုခုရှိလို့လား?”
လင်းချင်းသည် သူ့ကိုခေါင်းငြိမ့်ပြသည်။ သူမသည် ဒီမြို့က အရင်းအမြစ်တွေအကြောင်းဖိုင်ကို ရှာချင်တာဖြစ်သည်။ ဒီလိုမှသာ ရိက္ခာများက ဘယ်နေရာတွင် သိုလှောင်ထားသလဲ ဆိုသည်ကို သိနိုင်မှာဖြစ်သည်။ ဒီစီမံရေးရုံးတွင် အလုပ်လုပ်ခဲ့ဖူးသည့်သူများကြောင့် ဂိုထောင်အချို့က ပြောင်နေလောက်မည် ဆိုသည်ကို သိသော်လည်း ကမ္ဘာပျက်ခေတ်ကြီး၏ အရေးကြီးအခြေအနေအောက်တွင် မထိဘဲကျန်ခဲ့သည့်ရိက္ခာများကတော့ ရှိနေဦးလိမ့်မည်။
လုထန်ရိသည် မျက်တောင်ခတ်လိုက်ကာ ဖော်ပြလို့မရနိုင်သည့် စိတ်ခံစားချက်များဖြင့် “နင်စခန်းကို ပြန်သွားမှာလား? ဒါမှမဟုတ် နင်ဘယ်မှာ အခြေချနေမှာလဲ?” သူမသည် စခန်းကိုပြန်မရသည့် အခြေအနေကို သူနားလည်သည်။ ပထမမေးခွန်းသည် မတွေးဘဲ မေးချလိုက်တာဖြစ်ပြီး နောက်မေးခွန်းကမှ သူတကယ်သိချင်တာ ဖြစ်သည်။
လင်းချင်းသည် သူ့အတွေးများကို သိသဖြင့် သူ့အားခေါင်းအစ ခြေအဆုံး အံ့သြစွာ ကြည့်လိုက်သည်။ အရင်ရက်များတည်းက လုထန်ရိသည် သူမကို စိတ်ရင်းဖြင့် ဂရုစိုက်နေကြောင်းကို သိနေတာဖြစ်သည်။ လုထန်ယုကို ဂရုစိုက်ပေးနေသည်ကို သိသော်လည်း ဘာဖြစ်လို့လဲကို နားမလည်ပေ။
လုထန်ရိနှင့် လုထန်ယုတို့၏ မောင်နှမဆက်ဆံရေးသည် ဆိုးဆိုးဝါးဝါးဖြစ်ခဲ့လေရာ ဘာဖြစ်လို့ ဂရုစိုက်ပေးနေသနည်း? လုထန်ယု၏စရိုက်ကြောင့် လင်းချင်းသည် သူကတကယ်ဂရုစိုက်လိမ့်မည်ဟု မထင်ခဲ့သော်လည်း ဘာဖြစ်လို့နည်း? သူမနှင့် စတွေ့တည်းကတော့ လုထန်ရိသည် သူမကို အော့နှလုံးနာနေသလိုမျိုး မလုပ်ပေ။
လင်းချင်းသည် လက်ပိုက်ကာ လုထန်ရိကို စိုက်ကြည့်ရင်း လုထန်ယု၏ မှတ်ညဏ်များကို ပြန်တွေးကြည့်လိုက်သည်။ အစက သူတို့၏ဆက်ဆံရေးသည် တကယ့်ကိုဆိုးဝါးခဲ့တာ ဖြစ်သည်။ စခန်းတွင် ပထမဆုံးအကြိမ် ပြန်တွေ့ကြတုန်းက သူတို့သည် တစ်ချက်သာကြည့်ကာ မသိသည့်သူများလို ရှောင်ထွက်သွားကြတာဖြစ်သည်။ လုထန်ရိကို စခန်းက လူများက အနိုင်ကျင့်နေသည်ကို မြင်သည့်အခါ လုထန်ယုသည် ဘာမှမကူညီဘဲ ကြည့်သာနေတက်သည်။
နောက်တော့ သူတို့သည် အချိန်တိုင်းကို မတွေ့ဖြစ်အောင် ရှောင်နေကြတော့သည်။ သို့သော်လည်း အာရုံကောင်းလှသည့် လင်းချင်းသည် ထိုအချိန်တုန်းက လုထန်ရိ၏ အကြည့်များကို သတိထားမိသွားသည်။ သူ့မျက်လုံးများထဲတွင် ဒေါသနှင့်မုန်းတီးခြင်းတို့ ပါနေသော်လည်း တစ်ခုခုကို မျှော်လင့်နေသလိုမျိုး ဖြစ်သည်။ သူကဘာကိုမျှော်လင့်နေတာလဲ? လင်းချင်းသည် သူမ၏အရှေ့က လုထန်ရိ၏ မျက်လုံးကို စိုက်ကြည့်လိုက်သည်။
အစက လင်းချင်းသည် စိုက်ကြည့်နေ၍ လုထန်ရိက မသက်မသာဖြစ်နေရာမှ မျက်လုံးကို တည့်တည့်ကြည့်လာတော့ လုထန်ရိသည် စိတ်ရှုပ်လာသည်။
လင်းချင်းသည် နေကာမျက်မှန်ကို အနည်းငယ်လျှောချကာ သူမ၏ မျက်ဝန်းနက်များဖြင့် သုံးစက္ကန့်လောက် စိုက်ကြည့်ပြီးမှ ပြန်တပ်လိုက်သည်။
“ဘာလဲ? ဘာဖြစ်လို့လဲ?”
လုထန်ရိသည် မမေးဘဲ မနေနိုင်တော့ပေ။
“ဘာကိုဂရုစိုက်?” လင်းချင်းက ပြောသည်။ ‘သူ့ကိုဂရုစိုက်နေတာလား? အရင်က နင်တို့ရင်းနှီးခဲ့တယ်လို့ ငါတော့မထင်ဘူး?’
လုထန်ရိသည် သူမကိုကြည့်ကာ ပြန်ဖြေသည်။ “နင်ပြောင်းလဲသွားတယ်မလား?”
‘အင်း. . .ငါကနင့်ရဲ့မကောင်းတဲ့အမ မဟုတ်ဘူးဆိုတာကိုပြောရင် ငါ့ကိုသတ်မလို့လား?’ လင်းချင်းကတွေးမိသည်။
ထိုအချိန်တွင် ကလေးမလေးသည် သူမအား နူးညံ့စွာ ပြုံးပြနေသည့် လုထန်ရိကို ခေါင်းလေးထွက်ကြည့်ကာ ချက်ချင်းပြန်ပုန်းသွားသည်။
လင်းချင်းသည် မျက်လုံးမှိတ်၍ အပြင်ကိုကြည့်လိုက်သည့်အခါ မိုးတိတ်သွားသည်ကို တွေ့ရသည်။ ထို့ကြောင့် ကလေးမလေးအား “ငါနင့်အဖေကိုသွားရှာမယ်။ ဒီမှာစောင့်”
ဒီလိုပြောပြီးနောက် ကလေးမလေးကိုကြည့်လိုက်သည်။ ကလေးမလေးသည် သူမအားမျက်လုံးတောက်တောက်လေးများဖြင့် ခနကြည့်နေပြီးမှ ခေါင်းငြိမ့်ပြသည်။ ထို့နောက် ယုန်ကိုပိုက်ကာ ဆိုဖာပေါ်တွင် သွားထိုင်နေသည်။
လင်းချင်းသည် လုထန်ရိကို “နင်တို့ကိုလွှတ်မယ်” ဒီလိုပြောပြီးနောက် အခြားသူများကို မေးငေါ့ပြကာ ထွက်သွားဖို့ ပြင်ခိုင်းလိုက်သည်။
လုထန်ရိသည် သူ့လူများဆီသို့သွားကာ ပြောသည်။ “အဆင်သင့်ပြင်ထားကြ။ ငါတို့သွားမယ်”
လင်းချင်းသည် သူ့နောက်ကနေ လိုက်လာသည်။ သူပြောပြီးသည့်အခါ လင်းချင်းသည် သူ့ပုခုံးပေါ်လက်တင်၍ နှစ်ယောက်လုံးပျောက်သွားသည့်အခါ အခြားသူများသည် အမြန်ထရပ်ကြသည်။ ထို့နောက် လင်းချင်းသည် ထပ်ပေါ်လာကာ နောက်နှစ်ယောက်ကို ခေါ်သွားသည်။ လင်းချင်သည် နယ်မြေထဲကို ဝင်လိုက်ထွက်လိုက်လုပ်၍ လူတိုင်းကို အပြင်ထုတ်ပေးလိုက်သည်။
သူမသည် ဒါကအလုပ်ရှုပ်သဖြင့် စိတ်ထဲကနေညည်းမိသည်။ ‘တကယ်လို့ မထဲဘဲ လူတွေကိုသာ အထဲကိုထည့်ရရင်. . .’
သူတို့သည် သုံးထပ်တိုက်၏အမိုးပေါ်တွင် ပေါ်လာသည်။ အမိုးသည် မိုးရွာထားသောကြောင့် စိုနေကာ လေထုထဲတွင် အစိုဓာတ်များ ရှိနေသေးသည်။
လင်းချင်းသည် အမိုးစွန်းကနေ လေထဲကို အနံ့ခံကြည့်သည်။ ဝူချန်းယွဲ့ကို မတွေ့ခင် ကောင်းကင်မှာ မိုးခြိမ်းသံများက ထွက်လာသည်။ လူစုသည် အမိုးပေါ်သို့ကျလာသည့် မိုးကြိုးများကို မော့ကြည့်ကြသည်။ လင်းချင်းသည် အသွက်ဆုံးဖြစ်ကာ အခြားအမိုးပေါ်သို့ ခုန်ကူးစဉ် အခြားသူများက ဘေးသို့အမြန်လှိမ့်ရှောင်လိုက်ကြသည်။
“ငါသွားတော့မလို့ပဲ။ ဒါပင်မယ့် မင်းကပေါ်လာပြီပဲ။ ကံကောင်းတာက ငါအဝေးကြီးမရောက်သေးလို့ မဟုတ်ရင် မင်းလွတ်ပြီ” အသံက အရင်ထွက်လာသည်။
ကြမ်းပြင်ပေါ်တွင်လဲနေသည့် သူများသည် မိုးကြိုးပစ်ချပြီးနောက် ထွက်လာသည့်အသံကြောင့် လှည့်ကြည့်ကြရာ အမိုးတစ်ခုပေါ်တွင် လင်းချင်းရှိရာ အမိုးကိုကြည့်နေသည့် ချောမောစွာ ပြုံးနေသည့်သူကို တွေ့လိုက်ရသည်။
“ခေါင်းဆောင်ကြီး”
“ခေါင်းဆောင်ကြီး”
သူတို့ခေါင်းဆောင်ကြီးကို မြင်သည့်အခါ လူစုသည် အတော်အံ့သြသွားသော်လည်း ဘာဖြစ်လို့ သူတို့ကို မိုးကြိုးဖြင့်ပစ်ချသလဲကို မသိတော့ပေ။ လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် လင်းချင်းလောက်မဟုတ်သော်လည်း အမြန်ရှောင်နိုင်ကြသည်။ သူတို့သည် အဆင့်ငါးစွမ်းအားရှင်များ ဖြစ်ကြသောကြောင့်ပင်။ သို့သော်လည်း သူတို့လူများလို သူတို့ခေါင်းဆောင်ကြီးက သူတို့ကို မိုးကြိုးဖြင့် ပစ်ချရသည့် အကြောင်းကိုတော့ မသိကြပေ။
ဝူချန်းယွဲ့က လင်းချင်းကို ပြုံး၍စိုက်ကြည့်နေသည်ကို မြင်သည့်အခါ သူတို့သည် လင်းချင်းဘက်ကို လှည့်ကြည့်ကြသည်။ ထိုအခါ လင်းချင်းက ထွက်ပြေးဖို့ လှည့်သွားသည်ကို သူတို့မြင်လိုက်ရသည်။
‘သူတို့ကြားမှာ တစ်ခုခုဖြစ်ခဲ့ပုံပဲ’ လူစုသည် ချက်ချင်းကို ကောက်ချက်ချလိုက်သည်။