၃၁၇။ ငတုံးတွေကိုစု
လင်းဝမ်ဝမ်သည် ဒီလူများအား မနှစ်မြို့ခြင်းမျိုး မပြဘဲ ပြုံးကာ မေးသည်။ “အားရှိရဲ့လား? အုတ်ခဲတွေသယ်နိုင်ကြလား?”
ထိုအခါ လူအချို့သည် ခေါင်းငြိမ့်ပြသည်။
လင်းဝမ်ဝမ်က ပြုံးကာဖြေသည်။ “အင်အားရှိနေသ၍ အစွမ်းတွေ မလိုပါဘူး။ ဒါပင်မယ့် တစ်ခုတော့ရှိတယ်. . .ကျွန်မတို့နဲ့ လိုက်ရဲတဲ့သတ္တိရှိမှ ဒီအလုပ်ကို ရနိုင်လိမ့်မယ်။ စိတ်တော့မပူကြပါနဲ့။ ကျွန်မတို့က အနည်းဆုံး ရှင်တို့ကို ထိခိုက်အောင် လုံးဝမလုပ်ပါဘူး!”
ထိုအခါ လူအချို့သည် တွန့်ဆုတ်သွား၍နောက် မေးသည်။ “တစ်ခုမေးပါရစေ။ အစာဘယ်လိုပေးမှာလဲ? အများကြီးတော့ မတောင်းဆိုပါဘူး။ တစ်နေ့ကို အနည်းဆုံး တစ်နပ်အဝကျွေးနိုင်မှ ငါတို့က အလုပ်လုပ်ပေးနိုင်မယ်”
သူတို့သည် ဘာမှမစားရဘဲ ဆာလောင်နေသည်မှာ အတော်ကြာပြီ။ သူတို့သည် အထူးဒေသC၏ လယ်ကွင်းထဲတွင် အလုပ်လုပ်ကြသော်လည်း သူတို့သည် အစားထိုးခံလိုက်ရတာ ဖြစ်သည်။ တစ်စုံတစ်ယောက် သူတို့၏အလုပ်ကို ယူသွားသဖြင့် သူတို့သည် အလုပ်မဲ့ကုန်ကြသည်။
သူတို့သည် အစွမ်းမရှိသည့် သာမန်လူများ ဖြစ်သည်။ တိုက်ခိုက်သူများ မဟုတ်သဖြင့် တိုက်ခိုက်ခုခံခြင်းများကိုလည်း မသိပေ။ ဘယ်ဇွန်ဘီအမဲလိုက်အဖွဲ့ကမှ သူတို့လို သာမန်လူများကို မခေါ်ကြပေ။ သူတို့သည် စခန်းအပြင်သို့ ထွက်ရမည်ဆိုရင်တောင် ဇွန်ဘီကိုက်ခံရ၍ အနှေးနှင့်အမြန် သေကြသူများပင်။
လင်းဝမ်ဝမ်က သူတို့ကို တစ်ချက်ကြည့်သည်။ တူယွမ်ရှင်းက “ဪ ဒါကတော့ သေချာတာပေါ့ဗျာ။ လိုက်ရဲတဲ့ သတ္တိသာရှိမယ်ဆိုရင် တစ်နေ့ကို တစ်နပ်တင်မကဘူး။ သုံးနပ်ကို ကျွေးမှာပါ. . .ပြီးတော့လည်း အလုပ်ကို သေချာလုပ်မယ်ဆိုရင် ဆန်နဲ့ဂျုံတွေ ထပ်ထောက်ပံ့ဦးမယ်!”
လူအချို့သည် မယုံကြည်နိုင်သဖြင့် မျက်လုံးများ ပြူးကျယ်သွားကာ တူယွမ်ရှင်းအား ကြည့်သည်။ ထို့နောက် လင်းဝမ်ဝမ်ကို “တ. . .တကယ်လား? ငါတို့ဆန်နဲ့ဂျုံကို တကယ်ရနိုင်တယ်လား?”
လင်းဝမ်ဝမ်က ခေါင်းငြိမ့်ပြကာ ပြောသည်။ “အမှန်ပဲ။ ဒါပင်မယ့် အလုပ်လုပ်ရမယ့်နေရာကိုတော့ မပြောပြနိုင်ဘူး။ ရောက်ရင်သိလိမ့်မယ်။ အခုမေးချင်တာက ငါတို့နဲ့လိုက်ဖို့ သတ္တိရှိကြလား?”
ဒီလူများသည် အချင်းချင်းကြည့်ကာ တွေဝေကုန်ကြသည်။ သူတို့အား အရင်တည်းက စောင့်ကြည့်နေသည့် သူတစ်ယောက်သည် ဝင်ပြောသည်။ “နေရာကိုကျတော့ မပြောဘူး။ တစ်နေ့ကိုသုံးနပ်? ဆန်နဲ့ဂျုံရမယ်? ပြောတာက သေချာရဲ့လား? ကိုယ့်ဟာကိုယ်ရော ပြောနေတာကို ယုံရဲ့လား?”
“ဟား ဟား ဟုတ်တယ်။ ငါဒီတာဝန်ကို အာရုံစိုက်မိနေတာ အတော်ကြာပြီ။ ကမ်းလှမ်းတာက စိတ်ဝင်စားဖို့ ကောင်းပင်မယ့် နင်တို့နောက်လိုက်မယ့်သူတွေအတွက် ဆန်နဲ့ဂျုံရော လောက်လောက်ငှငှရှိရဲ့လား? အုတ်ခဲတွေ သယ်နိုင်ရင် ရပြီလို့ကြတော့ ပြောတယ်။ ဘာအုတ်ခဲတွေကို ဘယ်မှာသယ်ရမလဲဆိုတာတော့ မပြောဘူး။ စားစရာမရှိတဲ့ ငတုံးတွေကို စုနေတာပဲမလား?”
“သူပြောတာ ဟုတ်တယ်။ ဆန်နဲ့ဂျုံရှိတယ်ပြောရင် ရှိတာကို ပြမှာလား? ဒါမှနင်တို့ပြောတာကို ငါတို့ယုံနိုင်မယ်”
“ငါသိချင်တာက မင်းတို့က ဘယ်သူတွေလဲ? ပြီးတော့ ဘာဖြစ်လို့ စျေးကြီးတဲ့ အစားအသောက်တွေ ရှိနေတာလဲ? ဒါတွေကို ဘယ်ကနေရလဲ? စခန်းက အဆင့်မြင့်တဲ့သူတွေကလွဲရင် ဘယ်သူက ဆန်တွေကိုမျှစားနိုင်မှာတဲ့လဲ?”
“အုတ်ခဲသယ်ဖို့က တကယ်ပင်မယ့် တကယ့်အစားအစာရှိမရှိရယ် ဆန်ပေးမပေးရယ်ကိုတော့ . . .သက်သေပြဖို့လိုတယ်!”
သံဿယသံများက နေရာတိုင်းကနေ ထွက်လာသည်။ လူအချို့သည် ဒုက္ခရောက်အောင် တမင်မွှေချင်သဖြင့် အသံကျယ်ကျယ်ပြောလာကြသည်။ ဒီအသံများကြောင့် တခြားနေရာကလူများသည်လည်း ပွဲကြည့်ရတော့မလားဟူသည့် စိတ်ဝင်စားမှုဖြင့် ဒီဘက်သို့ ကြည့်လာကြသည်။
လင်းဝမ်ဝမ်တို့သည် သူတို့ကို တစ်ချက်သာ ဖြန်းကြည့်လိုက်သည်။ ဒေါသထွက်လွယ်သည့် တူယွမ်ရှင်းသည် ဆိုးဝါးသည့် မှတ်ချက်များ ပေးနေကြသည့်သူများကို မအော်ဘဲ မနေနိုင်ပေ။ “မင်းတို့တော့ ဘာတွေပြောနေတာလဲ? ယုံချင်ရင်ယုံ။ မယုံချင်ရင်နေ။ ငါတို့ကိုတော့ လူလိမ်လိုဖြစ်အောင် လာပြောမနေကြနဲ့ ဟုတ်ပြီလား?”
လင်းဟောင်က အေးစက်စွာဖြင့် “မင်းတို့လို လူတွေကိုတော့ လာချင်ရင်တောင် ငါတို့က မငှားဘူး!”
ထိုလူများက အထင်သေးစွာ ရယ်ကြကာ “အဟား! တကယ်ကြီးကျလို့ ဒီကိုလာကြည့်ကြစမ်းပါ။ သူတို့က ငါတို့ကို မငှားဘူးတဲ့။ ငါတို့ကရော သူတို့ဆီမှာ အလုပ်လုပ်ချင်တာကျလို့!”
“ဟား ဟား. . .ဟုတ်ပါ့ကွာ!”
“ဟီး ဟီး ဟီး”
“ဟက်”
ရယ်သံများက နေရာတိုင်းက ထွက်လာသည်။ လင်းဝမ်ဝမ်နှင့် စကားပြောဖို့ အစကလုပ်ထားသည့်သူ အချို့သည်တောင် တွန့်ဆုတ်ကုန်ကြသည်။
“အင်း ငါတို့. . .တခြားအခွင့်အရေးကို ရှာမှပဲ”
“အမ်း ငါ. . .ငါမင်းပြောသလိုလုပ်မယ်”
လင်းဝမ်ဝမ်ထံသို့ တွန်းထုတ်ခံရသည့်သူကတော့ တခြားသူများကြောင့် ဘာမှမဖြစ်ပေ။ သူသည် ခေါင်းခါကာ “မဟုတ်ဘူး။ သူတို့ပြောတာ အမှန်ပဲလို့ ငါယုံတယ်”
“မင်းမရူးစမ်းပါနဲ့. . .တကယ်လို့. . .” သူကအလုပ်ကို လိုချင်နေသေးသည်ကို တွေ့ရသည့်အခါ သူ့နောက်ကလူက လက်တို့ကာ ပြောဖို့လုပ်သည်။ သို့သော်လည်း လင်းဝမ်ဝမ်ထံမှ အကြည့်ခံရသည့်အခါ စကားရပ်သွားသည်။
လင်းဝမ်ဝမ်သည် ခေါင်းကိုခါကာ အပြုံးဖွဖွဖြင့် “ရှင်တို့က အရူးတွေလား? ဒါမှမဟုတ် တကယ်တုံးကြတာလား? ဒီနေရာကို ဘယ်လိုထင်နေတာလဲ? မြေအောက်စျေးမလို့လား? ဒီကတာဝန်တိုင်းအတွက် ဆုရပိုင်ခွင့်တိုင်းကို အတည်ပြုပြီးသားမလား? ဒါမှမဟုတ် ဒီနေရာရဲ့စနစ်နဲ့ ဒီနေရာကို တာဝန်ရှိတဲ့သူတွေက ကျွန်မတို့ လူလိမ်တွေဆိုတာကို သိရင် ခွင့်ပြုပေးထားပါ့မလား? ဒီမှာအလုပ်လုပ်နေတဲ့သူတွေက ဘာမှမသိတဲ့ အသုံးမကျတဲ့သူတွေကို ရှင်တို့ထင်နေကြတာလား?”
သူ့စကားများသည် ဂုဏ်ယူသည့်အပြုံးဖြင့် ပြုံးနေကြသည့် ပြဿနာရှာသည့်သူများကို အောင်မြင်စွာဖြင့် ပါးစပ်ကို ပိတ်နိုင်လောက်သည်။
သူမပြောသည်က မှန်သည်။ ဒီနေရာသည် စခန်းတွင် အရေးကြီးသည့်နေရာဖြစ်လေရာ ဒီနေရာတွင် အလုပ်လုပ်သည့်သူများသည် စခန်းခေါင်းဆောင်၃ယောက်၏အောက်ကလူများပင်။ ထို့ကြောင့် ဒီနေရာကို သံသယဝင်ခြင်းသည် စခန်းခေါင်းဆောင်များ၏ လက်အောက်ငယ်သားများကို သံသယဝင်ခြင်းဖြစ်လေရာ စခန်းခေါင်းဆောင်များကို မေးခွန်းထုတ်နေသလိုပင်။
ဒါသည် လုံးဝကို အသရေဖျက်နေခြင်းပင်။ ခုနက မသင့်တော်သည့်စကားများကို ပြောနေသည့်သူများသည် အဆင်မပြေကြတော့ပေ။ သူတို့သည် ဒီအမျိုးသမီးငယ်မှာ ဒီလောက်စကားပြောကောင်းသူ ဖြစ်မည်မှန်း မထင်ကြပေ။
“ဒါ. . .ငါတို့ဒီလိုမပြောဘူး မင်းပြောတာ!”
လူပါးဝသည့်လူအချို့သည် ချက်ချင်းနောက်ဆုတ်သွားကြသည်။ လူအချို့ကတော့ ‘အရူးတွေ’ဟု တီတိုးပြောကြသည်။ ဒီစကားသည် ရန်ရှာသည့်သူများကို ပြောခြင်းပင်။
“ထွက်သွားကြ!” လင်းဟောင်က အေးစက်စွာပြောသည်။ “မင်းတို့ကို ငါမှတ်ထားတယ်. . .မငှားနိုင်ဘူး!”
ထို့နောက် လင်းဝမ်ဝမ်သည် အလုပ်ကိုလုပ်မည်ဟု ရည်ရွယ်ထားသည့် သာမန်လူများအား ပြောသည်။ “ဆုံးဖြတ်ချက်ကို လွတ်လွတ်လပ်လပ်ချ။ ငါတို့အတင်းမတိုက်တွန်းဘူး။ အလုပ်လုပ်မယ်လို့ ဆန္ဒရှိရင်တော့ ဒီဖောင်ကို ဖြည့်ပေးကြပါ” ဒီလိုပြောကာ သူမသည် စားပွဲပေါ်က ဖိုင်အထပ်လိုက်ကြီးကို ညွှန်ပြသည်။
လူအချို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ကုန်ကြသည်။ ထို့နောက် လင်းဝမ်ဝမ်ကို အခိုင်အမာယုံကြည့်သည့်သူသည် “ငါလုပ်မယ်!!!” သူသည်ထွက်လာကာ ဘောပင်ကိုယူ၍ ဖောင်ကိုစဖြည့်လေသည်။
သူကလုံးဝကို မတွေဝေသည့်အခါ အခြားသူများသည် အနည်းငယ်တုံ့ဆိုင်းသွားကြသည်။ ထို့နောက် သူတို့သည် ဖြည်းဖြည်းချင်း သူ့နောက်တွင်တန်းဆီကာ ဖောင်ကိုဖြည့်ကြသည်။
“ဟို. . .တစ်ခုလောက်မေးချင်လို့. . .ဘယ်ချိန်ထွက်မှာလဲ?” ဖောင်ဖြည့်ပြီးသည့်အခါ တခြားသူများဖြည့်နေသည်ကို ဘေးတွင်စောင့်နေရင်း လင်းဝမ်ဝမ်အား သူကမနေနိုင်စွာ မေးသည်။
“အခြေအနေအရ” လင်းဝမ်ဝမ်က ပြောသည်။ “မထွက်ခင် လူအလုံအလောက်စုသွားရမှာ”
“ဪ. . .ဘယ်အချိန်လောက် ဖြစ်နိုင်မလဲ? လူဘယ်လောက်ငှားမှာလဲ?”
လင်းဝမ်ဝမ်သည် သူ့အားဖွဖွပြုံးပြကာ “ရာလောက် ငှားဖို့ပဲ။ အခုအခြေအနေအရဆိုရင်တော့ ဒီလောက်လူတွေငှားဖို့ ဘယ်လောက်ကြာမလဲ မသိတော့ဘူး။ အခုတော့ ရှင်တို့အပါအဝင် ငါးဆယ်လောက် ရပြီ။ လူတစ်ရာရတာနဲ့ ကျွန်မတို့ထွက်မှာ။ ပထမတစ်ဖွဲ့ကို အဲ့ဒီကိုအရင်ပို့ပြီးရင် ထပ်လာငှားဦးမယ်”