၂၃၆။ နင်သေတဲ့နေရာ
“အား အာ ယာ ယာ ယာ အာ ယာ ယာ” ‘ကျွင်းကျွင်း စကားပြောနိုင်တယ်လား? မြန်လိုက်တာ ညီမလေးလည်း ပြောချင်တယ်’ လျူကျွင်းက စကားပြောနိုင်သည်ကို သိသွားသည်နှင့် ချူးလီလီသည်လည်း စိတ်လှုပ်ရှားကာ လင်းချင်းကို အော်ပြောသည်။
လင်းချင်းက ပြုံး၍
“နွယ်လေးကို အရင်မေးဖို့လိုတယ်။ သူ့စွမ်းအားတွေ ကုန်ပြီလား ငါမသိဘူး”
“ခေါင်းဆောင် နယ်မြေကို အခုတလော ကြည့်ဖြစ်သေးလား?” လျူကျွင်းကာ စပ်စုစွာ မေးသည်။ “အရင်က နေရာလွတ်အစွမ်းရှိတယ်ဆိုတာ မကြားမိပါဘူး။ ပြီးတော့ ရေကန်ထဲကဟာက ဘာလဲ?”
လင်းချင်းသည် ကျွင်းကျွင်းက သူမကို ‘ခေါင်းဆောင်’ဟု ခေါ်နေသည်ကို ကြားရသည်မှာ ထူးဆန်းနေသဖြင့် “အာ ငါ့ကိုဒီလိုမခေါ်ပါနဲ့။ တခြားသူတွေကြားရင် ထူးဆန်းနေလိမ့်မယ်”
ကျွင်းကျွင်းသည် ခနတွေးပြီးနောက် မေးသည်။ “ဟင်? ဒါဆိုရင် ဘယ်လိုခေါ်ရမလဲ? နာမည်ကိုခေါ်ရင်လည်း ထူးဆန်းနေမှာပဲ”
သူတို့စကားများကြောင့် နားရှုပ်နေသည့် ချူးလီလီသည် သူတို့ကို တအံ့သြကြည့်ကာ မေးသည်။ “အာ ယာ ယာ ယေး?” ‘ဘာတွေပြောနေကြတာလဲ?’
“ကျွင်းကျွင်းက ကိစ္စတော်တော်များများကို ပြန်မှတ်မိပြီ။ နင့်ကိုအခုရှင်းပြလို့ မရသေးပင်မယ့် နောက်သိလာမှာပါ” လင်းချင်းက ပြောသည်။ ထို့နောက် လင်းချင်းသည် မေးကိုလက်ဖြင့်ထိ၍ တွေးကာ “ငါ့ကို ကပ္ပတိန်လို့ အခုကစပြီး ခေါ်လို့ရတယ်။ ဒီဇွန်ဘီအုပ်ကို ငါကခေါင်းဆောင်နေသလိုမျိုးပဲဟာ”
လျူကျွင်းသည် သဘောတူညီစွာ ခေါင်းငြိမ့်ပြီး “ဟုတ်သားပဲ။ ဒါဆိုရင် ကပ္ပတိန်လို့ပဲ ခေါ်တော့မယ်”
“အာ ယာ ယာ ယေး?” ချူးလီလီသည် လင်းချင်းကို ကြည့်ကာ မေးသည်။ ‘ဘာဖြစ်လို့ မကြီးကမှ ကပ္ပတိန်လဲ?’
လင်းချင်းသည် သူမကို အဓိပ္ပါယ်ရှိစွာကြည့်ကာ ပြောသည်။ “ကပ္ပတိန်လုပ်ချင်လို့လား? ငါတို့ပြဿနာတိုင်းကို နင်ဖြေရှင်းပေးရမှာနော်။ အဆင်ပြေလို့လား?”
ထိုအခါ ချူးလီလီသည် ခနတွေးပြီး မျက်မှောင်ကျုံ့ကာ ခေါင်းခါသည်။ သူမသည် အများကြီးကို မသိသလို သူမ၏အစွမ်းသည်လည်း ကန့်သတ်ချက်ရှိသည်။ ပြဿနာများအတွက် သူမတွင် အဖြေမရှိပေ။ သူမသည် များသောအားဖြင့် တစ်ယောက်တည်း ပျောက်နေလေ့ရှိသောကြေင့် လင်းချင်းသည် သူမက အဖွဲ့ကိုခေါင်းဆောင်ဖို့ ပျင်းမည့်အကြောင်းကို ကြိုသိနှင့်သည်။
“နွယ်လေးကို တခြားဇွန်ဘီတွေကို ကုလို့ရမလား ငါသွားမေးလိုက်ဦးမယ်။ နင်ဒီမှာ ခနစောင့်” လင်းချင်းသည် နယ်မြေထဲသို့ ဝင်သွားသည်။ ကန်ဘေးတွင်ရပ်ကာ အော်သည်။ “နွယ်လေး ထွက်ခဲ့”
ရေမျက်နှာပြင်ထက်သို့ နွယ်များသည် တက်လာကာ သူမဆီသို့ရောက်လာသည်။ လင်းချင်းသည် ထိုင်ချလိုက်ကာ လက်လှမ်းပေးလိုက်သည်နှင့် သူမ၏လက်ကို နွယ်ကရစ်ပတ်လာသည်။
“နွယ်လေး နင့်စွမ်းအားတွေ အကုန်သုံးလိုက်ပြီလား? တခြားတစ်ယောက်ကို ကုပေးနိုင်သေးလား?”
‘အင်း. . .ဒါကတော့ ကုသဖို့လိုတဲ့ အစွမ်းပေါ်မူတည်လိမ့်မယ်။ ခုနက အမျိုးသမီးက သူ့ခေါင်းထဲက အစွမ်းတွေဖြစ်လာဖို့ရော မှတ်ဉာဏ်တွေ ပြန်ရဖို့ရော လုပ်လိုက်ရတော့ အတော်ကုန်သွားပြီ။ နွယ်လေးမှာ အခုကုဖို့ သိပ်မကျန်တော့ဘူး”
လင်းချင်းသည်လည်း ဒီလိုတွေးမိသည်ဖြစ်သောကြောင့် “ဟုတ်ပြီ။ နင့်စွမ်းအားတွေ အကုန်သုံးလိုက်မိရင် နင်အဆင်ပြေပါ့မလား?”
နွယ်များသည် ရေပေါ်တွင် လူးလှိမ့်ကာ ‘ဟီး ဟီး ဟီး ဟီး နွယ်လေးက ရပါတယ်။ နွယ်လေးက အဲ့ဒီစွမ်းအားတွေ မလိုဘူးရယ်’
လင်းချင်းသည် ရုတ်တရက်တစ်ခုကို သတိရသွားသဖြင့် မေးသည်။ “နွယ်လေး နင်ကျွင်းကျွင်းရဲ့ မှတ်ဉာဏ်တွေကို ဘယ်လိုပြန်ဖော်ပေးလိုက်တာလဲ? ငါလည်း အတိတ်မေ့နေတယ်လို့ နင်ထင်လား?”
သူမမေးသည်နှင့် နွယ်လေးသည် တန်းဖြေသည်။ “ဟုတ်တယ် ဟုတ်တယ် မေမေက အတိတ်မေ့နေတာ။ မေမေ မသိဘူးလား? နွယ်လေးက ပြန်ဖော်ပေးလို့ မရဘူး”
“ဘယ်လိုလုပ်သိတာလဲ?” လင်းချင်းက မေးသည်။
‘နွယ်လေးလည်း မသိပင်မယ့် မေ့မေ့ဦးနှောက်ရဲ့ တချို့အပိုင်းတွေကို တစ်ခုခုက ဖုံးထားတာ။ နွယ်လေးလည်း မဖြည်ပေးတက်ဘူး” နွယ်လေးက နားမလည်စွာ ဖြေသည်။
‘ငါ့ဦးနှောက်အပိုင်းက ဖုံးခံထားရတယ်? ဘာနဲ့လဲ? ဒါကြောင့် လွန်ခဲ့တဲ့ ငါးနှစ်က အကြောင်းအရာတွေကို မမှတ်မိတာလား? ကိုယ်ကလည်း မတူတော့တဲ့ အခြေအနေကြောင့် ဒီလိုဖြစ်နေတာလား?’ လင်းချင်းက မေးသည်။ “အဲ့ဒီနေရာကို ဖြည်ပြီးရင် မှတ်ဉာဏ်တွေ ပြန်ရမှာလား?”
‘ဒီလိုပဲထင်ပင်မယ့် မသေချာဘူး။ မေမေက နည်းတစ်ခုခုရှာပြီး စမ်းကြည့်ဖို့ လိုမယ်’ နွယ်လေးသည် သူ့နွယ်ထိပ်က သစ်ရွက်လေးများကို လှုပ်ခါရင်း ပြောသည်။
လင်းချင်းသည် မေးထောက်ကာ တွေးကြည့်ရင်း “ဘယ်လိုကြိုးစားသင့်လဲ? နင်တောင်မှ ငါ့မှတ်ဉာဏ်ကို ပြန်ဖော်မပေးနိုင်တာ”
နွယ်လေးသည်လည်း ဒါကိုတွေးနေပုံရသော်လည်း အဖြေတော့မရှိပေ။ ‘မေမေ တခြားတစ်ယောက်ကို မေးကြည့်ပါလား?’
လင်းချင်းသည် သက်ပြင်းချကာ ခေါင်းငြိမ့်လိုက်ပြီ “ဟုတ်ပါပြီ ကျေးဇူးတင်ပါတယ်နောက် နွယ်လေး”
‘မေမေ နွယ်လေးကို ကျေးဇူးတင်တာမျိုး မပြောပါနဲ့လား။ သူစိမ်းတွေကျလို့’ နွယ်လေးသည် မကျေမနပ်ဖြင့် ပြောသည်။
လင်းချင်းက ခေါင်းငြိမ့်ကာ “ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ ဒါဆိုရင် တခြားသူတွေကို သူတို့ကူညီနိုင်မလား ငါသွားမေးလိုက်ဦးမယ်”
“ဟုတ်ကဲ့”
လင်းချင်းသည် အခန်းထဲသို့ ပြန်ရောက်လာသည်။
“ဘယ်လိုလဲ?” လျူကျွင်းက သူမကိုလှည့်ကြည့်မေးသည်။ ချူးလီလီက လင်းချင်းအနားသို့ ရောက်လာကာ မျှော်လင့်တကြီးကြည့်သည်။
လင်းချင်းက ချူးလီလီကို အကူအညီမဲ့စွာကြည့်ကာ “မရဘူး။ နွယ်လေးက စွမ်းအားတွေ မလောက်ဘူးတဲ့။ ငါတို့နောက်တစ်ခေါက်စောင့်ရမှာပဲ။ စိတ်ရှည်ရမှာပေါ့”
ချူးလီလီသည် နှုတ်ခမ်းဆူ၍ စိတ်ပျက်သွားကာ “အာ ယာ” ‘အင်းပါ’
လင်းချင်းသည် သူတို့နှစ်ယောက်ကို လက်ညိုးကွေးပြ၍ ခေါ်ကာ “ဒီကိုလာဦး။ နွယ်လေးက ငါ့ဦးနှောက်ကို တစ်ခုခုက ဖုံးထားတယ်ပြောတယ်။ ဒါကြောင့် ငါအတိတ်မေ့နေတာ ဖြစ်မယ်။ ဒါကိုပြန်ဖော်လို့ရမယ့်နည်းမျိုး တွေးမိကြလား?”
လျူကျွင်းသည် သူမကို အံ့သြစွာကြည့်ကာ “ခေါင်းကလား? လုထန်ယုရဲ့ခေါင်းလား? နင့်ဝိဉာဉ်ရဲ့ ခေါင်းလား?”
“သေချာမသိဘူး” လင်းချင်းသည် စိတ်ရှုပ်စွာဖြင့် ခေါင်းခါပြသည်။
“ပြီးတော့ အစွမ်းရော။ မီးအစွမ်းရှိတာကို ဘယ်လိုလုပ် မြူခိုးဖြစ်သွားတာလဲ?” လျူကျွင်းက ထပ်မေးသည်။
သူမ၏အစွမ်းကို ပြောသည့်အခါ လင်းချင်းသည် သိချင်သွားသည်။ သူမသည် အရင်တုန်းက အဆိပ်ပါသည့် အနက်ရောင်မီးကို ထုတ်နိုင်သည်ဟု ကြားဖူးသည်။ ထို့ကြောင့် မေးလိုက်သည်။ “ငါ့အရင်အစွမ်းဟောင်းကို ပြောပြပါလား?”
လျူကျွင်းသည် လက်တစ်ဖက်ကိုပိုက်ကာ နောက်တစ်ဖက်ကို မေးကိုထိရင်း “အရင်အစွမ်းက အနက်ရောင်မီး။ အဲ့ဒါကြောင့် လူတွေက ငရဲမီးလို့ ခေါ်ကြတာ။ မီးက အကုန်လုံးကို အရည်ဖျော်ပစ်နိုင်တယ်။ မီးကိုထုတ်လိုက်တာနဲ့ သုံးမီတာပတ်လည်က အကုန်လုံးက ပျောက်ကုန်တာ။ အဆင့်၇ငါးယောက်နဲ့ ယှဉ်တိုက်ရတာ မဟုတ်ရင် ဘယ်လိုလုပ်ပြီးတော့ ရှုံးမှာလဲ?”
လင်းချင်းသည် သူမပြောသည့်မီးကို တွေးမိသဖြင့် တစ်ခုခုပျောက်နေသလို ခံစားရသည်။
“နင်က အရမ်းအစွမ်းထက်တာကို သံသယမဝင်နဲ့” လျူကျွင်းက ဆက်ပြောသည်။ “အဲ့ဒီနေရာကို သွားကြည့်လိုက်ရင် နင်တစ်ခုခုကို မှတ်မိရင်မှတ်မိလောက်မယ်”
“ဘယ်နေရာလဲ?” လင်းချင်းက မေးသည်။
“နင်သေတဲ့နေရာ” လျူကျွင်းက ပြောသည်။
‘ဘယ်နေရာမှာ ငါသေတာလဲ? ငါဘယ်လိုသေလဲတောင် ငါမှမမှတ်မိတာ။ မှတ်ဉာဏ်တွေကလည်း ကမ္ဘာမပျက်ခင်ညက ဖျားနေတဲ့အထိပဲ ရှိတာကို။ ဒါပင်မယ့် လျူကျွင်းပြောတဲ့နေရာမှာ ငါကအဆင့်၇ငါးယောက်နဲ့ တိုက်ပြီးတော့ သေသွားပုံရတယ်။ လူအများကြီးလည်း ဒီနေရာကို သိတာမဟုတ်ပင်မယ့် ဘယ်နေရာလဲသိအောင် ငါလုပ်ဖို့လိုနေပြီ’
သူမသည် ခေါင်းငြိမ့်ကာ ဖြေသည်။ “ငါလည်း ဒါကိုသိအောင်လုပ်ဖို့ပဲ။ အစက ဒါမျိုးတွေးမိပင်မယ့် မသေချာသေးတာ။ အခုတော့ နင်ပြောလိုက်မှ ပိုသေချာသွားပြီ”
လျူကျွင်းက ခေါင်းငြိမ့်သည်။
“ဟုတ်ပြီ” လင်းချင်းက “ငါတို့က အိပ်ဖို့မလိုပင်မယ့်လည်း နားဖို့လိုမယ် ထင်တယ်။ နက်ဖြန်ကျရင် ပြောင်းဖို့ကိစ္စ ငါပြောရဦးမယ်”