၂၉၄။ ညမှလာ
လင်းချင်းသည် သူမ၏ခေါင်းကို သုတ်လိုက်သည့်အခါ ထင်သလိုပင် ရွှဲနေသည်။ မျက်နှာက မည်းသွားကာ မုံမုံအား “ငါ့ကိုကိုက်လည်း ဘာမှမထူးဘူး။ လီလီက အခုထွက်မလာချင်ဘူး။ နင်ငါ့နောက် မလိုက်လို့မရဘူးလား? သူထွက်လာမှ ဆော့လေ! ချီးပဲ! နင့်ကိုနင်ထိန်းစမ်း! မဟုတ်ရင် နင့်ကိုချဖို့ ငါလီလီကို ပြောတော့မယ်!” ဒီလိုပြောကာ ဦးထုပ်ကို ပြန်ကောက်ဆောင်း၍ သစ်တောထဲက ထွက်လာသည်။
မုံမုံသည် သူမအား ဒေါသတကြီး စိုက်ကြည့်နေသော်လည်း ထပ်တော့ မတိုက်ရဲတော့ပေ။ သူကို အစဖျောက်ဖို့အတွက် လီလီအား လင်းချင်းက ခိုင်းမှာကို တကယ်ကြောက်သွားတာ ဖြစ်သည်။
“အား!” ဒေါသကို ဘယ်လိုထိန်းရမလဲ မသိသည့် မုံမုံသည် လက်နှစ်ဖက်ကို မြှောက်ကာ အနားက သစ်ပင်ကြီးကို အသားကုတ် ကုတ်ခြစ်တော့သည်။ ထိုအခါ သစ်ပင်သည် လှုပ်ယမ်း၍ သစ်ရွက်များက ကြွေကျတော့သည်။
ထိုအသံများကို ကြားသည့် လင်းချင်းသည် သစ်တောထဲမှ ထွက်လာစဉ် ကူကယ်ရာမဲ့စွာ ပြုံးမိသည်။ ထို့နောက် ဆီဆိုင်သို့ ဆက်လျှောက်လာသည်။
. . .
လီကျန်းတို့သည် သံအိုးကြီးတစ်ခုထဲတွင် ဝက်ဆန်ပြုတ် လုပ်နေကြတာ ဖြစ်သည်။ လင်းချင်းပြန်လာသည့်အခါ လင်းဟောသည် တစ်ပန်ကန်လာပေးသည်။ “ဒါတုံတုံအတွက်”
လင်းချင်းသည် ခေါင်းငြိမ့်ကာယူ၍ အမဲလိုက်အဖွဲ့ကို တစ်ချက်ကြည့်သည်။ အကုန်လုံးသည် ဝက်ဆန်ပြုတ်တစ်ခွက်စီ ထိုင်ထားကြကာ ထောင့်တွင်ထိုင်နေကြသည်။ သူတို့သည် အမြန်သောက်နေကြသည်မှာ ဆန်ပြုတ်တစ်ပန်းကန်လုံးကို ပါးစပ်ထဲသို့ အကုန်လောင်းထည့်ချင်နေကြပုံပင်။
လင်းချင်းသည် တုံတုံ၏ ပန်းကန်ကိုကိုင်ကာ နယ်မြေထဲသို့ ဝင်လိုက်သည်။ ထို့နောက် လျူကျွင်းထံသို့ လျှောက်သွားကာ “ဒါတုံတုံအတွက်”
လျူကျွင်းသည် ပန်းကန်ကိုယူလိုက်ကာ နွယ်လေးဖြင့် ကန်ဘေးတွင် ဆော့နေသည့် တုံတုံအား “တုံတုံ နေ့လည်စာ လာစားမယ်”
တုံတုံသည် ကန်ဘေးတွင် ထိုင်ကာ နွယ်လေး၏ နွယ်နှစ်ခုဖြင့် ဆော့နေသည်။ လျူကျွင်းအသံကို ကြားသည့်အခါ ချက်ချင်းတန်းမထသေးဘဲ နွယ်လေးအား “နွယ်လေး ငါနေ့လည်စာ သွားစားတော့မယ်။ နင်ရောစားမလား?”
နွယ်လေးသည် သူ့လက်ထဲသို့ နွယ်တစ်ခုကို တင်ထားရင်းက ‘နွယ်လေးက နေ့လည်စာစားပြီးသား. . .တုံတုံသာသွားစား. . .’
နွယ်လေးသည် လူသားအချို့စားပြီးသားဖြစ်သည်။ ဓားပြများ၏ စွမ်းအာင်များကိ စုပ်ယူကာ လင်းချင်းက သူမ၏ကိုယ်ကို လာပြင်မှာကို စောင့်နေတာ ဖြစ်သည်။ သို့သော်လည်း လင်းချင်းက ဒီလိုလုပ်ချိန် မရလောက်သေးသဖြင့် နွယ်လေးသည် စုထားလိုက်သည်။
“အင်း” တုံတုံသည် ခေါင်းငြိမ့်ကာ ထ၍လှည့်ပြောသည်။ “ဒါဆိုရင် ငါနေ့လည်စာ သွားစားလိုက်ဦးမယ်”
လင်းချင်းနှင့် လျူကျွင်းတို့သည် တုံတု့က ကန်ဘေးကနေ ပြန်လာသည်ကို ကြည့်နေသည်။ ရေကန်ထဲသို့ ပြုတ်ကျမည်ကို ဘယ်သူမှ မစိုးရိမ်ကြပေ။ နွယ်လေးရှိသောကြောင့် သူ့ကို ဘာမှအဖြစ်ခံမှာ မဟုတ်သည်ကို သိကြသောကြောင့် ဖြစ်သည်။
လင်းချင်းသည် ကန်ဘေးသို့လာကာ နွယ်လေးအား “နွယ်လေး အခုစွမ်းအား ဘယ်လောက်ရပြီလဲ?”
နွယ်လေးသည် လင်းချင်း၏ လက်ကိုရစ်ခွေကာ ‘အများကြီး. . .သူတို့ထဲက တစ်ယောက်မှာ စွမ်းအားတွေ အများကြီးရှိတယ်’
လင်းချင်းသည် အစွမ်းရောင်အစွမ်းရှိသည့် အော့ကို ပြောနေတာ ဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် စပ်စုစွာဖြင့် မေးသည်။ “ဪ? နင့်လို နွယ်တွေရှိတဲ့သူမလား?”
ထိုအခါ နွယ်လေးသည် သဘောမတူစွာဖြင့် နွယ်များကို ယမ်းခါကာ ‘မဟုတ်ဘူး! မတူဘူး! မတူဘူး. . .သူ့နွယ်တွေက နီနီကြီး. . .’
လင်းချင်းသည် ပြုံး၍ကြည့်ကာ “အရောင်မတူရုံတင်ပါ။ စိတ်အေးအေးထား”
‘မေမေ ဆင်းခဲ့လေ’ နွယ်လေးက ပြောသည်။ ‘နောက်ထပ်ကုပေးလို့ရပြီ. . .ဆံပင်တွေ ပြန်ထွက်လာလောက်တယ်. . .’
လင်းချင်းသည် ခနတန့်သွားကာ မသေချာစွာကြည့်ရင်း “ဒီလိုလုပ်နိုင်လား? စွမ်းအားအလုံအလောက်ရှိပြီလား?”
‘အင်း အင်း’ နွယ်လေးက စိတ်လှုပ်ရှားစွာ ဖြေသည်။
လင်းချင်းသည် ခနတွေးကာ ပြောသည်။ “ဒါဆိုရင်လည်း ဟုတ်ပါပြီ။ အခုတော့ မလုပ်နိုင်သေးဘူး။ ညမှလာခဲ့မယ်။ ခနနေရင် ငါသူတို့နဲ့ ခရီးဆက်သွားရဦးမယ်။ ညကျရင် နေဖို့နေရာတွေ့မှာ ပြန်လာခဲ့မယ်”
‘ဟုတ်ကဲ့’ နွယ်လေးက ဖြေသည်။
လင်းချင်းသည် ချူးလီလီတို့ထံသို့ ပြန်လျှောက်လာသည်။ စားပွဲပေါ်တွင် လက်ဖက်ရည်အိုးကို တွေ့သဖြင့် ရေသွားဖြည့်လိုက်ကာ နယ်မြေလေးနှစ်ခုရှိရာသို့ လာသည်။
သူမသည် ဒုတိယနယ်မြေလေးရှေ့သို့ ရောက်သည့်အခါ ဇွန်ဘီအချို့သည် ခေါင်းပြူထွက်ကြည့်နေသည်ကို မြင်ရသည်။ သူတို့သည် လင်းချင်းလာသည်ကို သိမှသာ ခေါင်းထွက်ကြည့်ဖို့ သတ္တိရှိကြသူများပင်။ အရင်တုန်းက သူတို့သည် နယ်မြေလေးထဲတွင် ခွေနေကြကာ အပြင်သို့ လုံးဝကို မထွက်ကြည့်ရဲကြပေ။
တုံတုံအား ဆန်ပြုတ်ပူပူကို မှုတ်တိုက်နေသည့် လျူကျွင်းည် ချူးလီလီအား “ဘယ်တုန်းက နောက်ထပ်နယ်မြေလေး ရသွားတာလဲ?”
“မသိဘူးလေ” ဆိုဖာပေါ်တွင် လဲနေရင်းက ဆံပင်ဖြင့်ဆော့နေသည့် ချူးလီလီက ဖြေသည်။ လျူကျွင်း၏ အမေးကြောင့် လင်းချင်းကို တစ်ချက်လှည့်ကြည့်သည်။
ထိုအချိန်တွင် ဒုတိယနယ်မြေလေး၏ အပေါက်ဝမှ လင်းချင်းသည် ကြောက်နေသည့် ဇွန်ဘီများအား နားမလည်စွာကြည့်ကာ “နင်တို့ နွယ်လေးကို တကယ်ကြောက်နေကြတာလား?”
ဇွန်ဘီအုပ်သည် ချက်ချင်းအော်သံဖြင့် တညီတညွတ်ဖြေကြသည်။ ‘ဟုတ်တယ်!’ ‘အရမ်းပဲ!’ ‘တကယ်ကြောက်ဖို့ကောင်းတယ်!’
လင်းချင်းသည် အပေါက်ဝတွင် ရေနွေးအိုးဖြင့် ရပ်နေရင်းက “ခွက်တွေထုတ်ကြ။ ရေမလိုချင်ဘူးလား?”
ထိုအခါ ဇွန်ဘီငါးကောင်သည် ချက်ချင်းခွက်များကို ထုတ်သည်။ အခု သူတို့တွင် အိတ်တစ်လုံးကိုယ်စီ လွယ်ထားကြတာ ဖြစ်သည်။ ထိုအိတ်ထဲတွင် လင်းချင်းပေးထားသည့် ခွက်နှင့် သူတို့ပစ္စည်းအချို့ကို ကိုယ်စီသိမ်းထားကြသည်။
လင်းချင်းသည် သူတို့ခွက်များကို ဖြည့်ပြီးသည်နှင့် ရေနွေးအိုးကို ကိုင်ထာထွက်သွားသည်။ ပထမနယ်မြေလေးကို ဖြတ်သွားရင်း သူမကြည့်လိုက်သည့်အခါ အဆင့်လေးဇွန်ဘီနှစ်ကောင်သည် ရေစိမ်နေကြသည်။
ဒီဇွန်ဘီနှစ်ကောင်ကိုတော့ လင်းချင်းနှင့် နွယ်လေးတို့သည် ကန်ရေခပ်ခွင့် ပေးထားကြသည်။ သူတို့ပုံးထဲက စွမ်းအားကုန်သွားသည်အထိ စိမ်၍စောင့်နေကာ အသစ်လဲရတာ ဖြစ်သည်။ သူတို့သည် ဖြည်းဖြည်းချင်း လှုပ်ရှားသည့် ဇွန်ဘီများ ဖြစ်သောကြောင့် နွယ်လေးသည် သူတို့ပုံးများကို ဆွဲယူကာ ရေဖြည့်၍ ပြန်ပေးလေ့ရှိသည်။ ဒီလိုဖြင့် သူတို့သည် ရေကို လွယ်ကူစွာလဲနိုင်သည်။
လင်းချင်းသည် လက်ဖက်ရည်အိုးကိုကိုင်ကာ နယ်မြေလေးရှေ့က ဖြတ်၍ လက်ဖက်ရည်အိုးကို စားပွဲပေါ်သို့ ချလိုက်သည်။ ထို့နောက် ဆိုဖာတွင်ထိုင်ကာ “နင့်လက်အောက်ငယ်သားနှစ်ယောက်က ကုသလို့ အဆင်သင့်ဖြစ်လောက်ပြီ။ ဒီည သူတို့ကို အမြူတေထွက်ရှာခိုင်းရမယ်”
ချူးလီလီသည် ဇွန်ဘီနှစ်ကောင်ကိုကြည့်ကာ ခေါင်းငြိမ့်သည်။
“ဒါကိုမေးမယ်နဲ့ မမေးရသေးတာ” လင်းချင်းက စပ်စုစွာ မေးသည်။ “ဒီနှစ်ယောက်က မသေခင်တုန်းက နင်နဲ့ဘယ်လို ပတ်သက်တာလဲ?”
ချူးလီလီသည် ခေါင်းငြိမ့်ကာ “အရင်က မဟုတ်ပါဘူး။ သူတို့နဲ့ ကမ္ဘာပျက်ပြီး သိပ်မကြာတဲ့အချိန်တုန်းက တွေ့တာ။ အဲ့အချိန်တုန်းက သူတို့ကရှင်နေသေးတယ်။ လူတွေနဲ့ ရင်းနှီးဖို့ ညီမလေး တစ်ခါကြိုးစားဖူးပင်မယ့် ကန်ထုတ်ခံရတယ်။ သူတို့က ကြောက်နေကြတာ။ ညီမလေးလည်း ဘာမှမလုပ်ရသေးပင်မယ့် အရင်စတိုက်ကြတယ်။ ဒီနှစ်ယောက်ကတော့ ညီမလေးကို မငြင်းဘူး။ သူတို့က ညီမလေးကို လက်ခံပေးဖို့ တခြားသူတွေကိုတောင် ပြောပေးကြပါသေးတယ်!”
လင်းချင်းသည် ဇွန်ဘီနှစ်ကောင်အား အံ့သြစွာကြည့်ကာ ချူးလီလီ၏ စကားကို ဆက်နားထောင်လိုက်သည်။
ချူးလီလီက ဆက်ပြောပြသည်။ “အဲ့ဒီတော့ သူတို့နောက်ကို ညီမလေး ခိုးလိုက်သွားခဲ့တယ်။ ရက်တချို့ကြာတော့ သူတို့နှစ်ယောက်ကို တခြားသူတွေက ဇွန်ဘီတားဖို့ ပစ်ထုတ်လိုက်ကြတယ်။ ညီမလေးကယ်ဖို့ လုပ်ပင်မယ့် သူတို့ကို ဇွန်ဘီတွေက ကိုက်နှင့်သွားပြီ။ အဲ့ဒါနဲ့ သူတို့ဇွန်ဘီဖြစ်သွားတော့ ညီမလေးက ဆက်ခေါ်ထားလိုက်တာ”
လျူကျွင်းနှင့် လင်းချင်းတို့သည် ချူးလီလီကို ကြည့်လိုက်သည်။ ဒီဇွန်ဘီနှစ်ကောင်ကို သူမသည် သွားလေရာနေရာတိုင်းကို ခေါ်သည်မှာ မထူးဆန်းတော့ပေ။
ချူးလီလီသည် ဆိုဖာပေါ်တွင် ဗိုက်ဖြင့်မှောက်လှဲလိုက်ကာ နယ်မြေလေးကို လှမ်းကြည့်ရင်း “နွယ်လေးက သူတို့မှတ်ဉာဏ်တွေကို ပြန်ဖော်ပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်”
လင်းချင်းသည်လည်း ဒီဘက်သို့ကြည့်ကာ ချူးလီလီကို လှည့်ကြည့်သည်။ လီလီသည် သူမ၏အနောက်သို့ လိုက်နေတာ နှစ်ကြာပြီဖြစ်သောကြောင့် မှတ်ဉာဏ်မရှိ ဒီဇွန်ဘီနှစ်ကောင်ဖြစ်နေတာတောင်မှ ခင်တွယ်နေမှန်းကို လင်းချင်းက နားလည်ပါသည်။