၃၄၃။ ကြင်နာမှုက မကောင်းဖြစ်သွားတယ်
သူတို့ကို ခနကြည့်ပြီးနောက် ယွမ်ထန်ရှင်းသည် လုထန်ရိတို့အား ဖိတ်ခေါ်လိုက်သည်။ သူသည် အထဲသို့ဝင်ရန် တံခါးကိုဖွင့်ပေး၍ လင်းဝမ်ဝမ်နှင့် လုံချင်းယင်တို့အား “နင်တို့၂ယောက်လည်း ဒီကိုလာလေ။ ဘာကိစ္စလဲ ကြည့်ကြတာပေါ့”
“ဟုတ်ကဲ့” လင်းဝမ်ဝမ်သည် ယွမ်ထန်ရှင်းကို တစ်ချက်ကြည့်ကာ ခေါင်းငြိမ့်ပြီး လုံချင်းယင်ကို ကြည့်ကာ သူ့အားပြောသည်။ “သွားရအောင်”
ယွမ်ထန်ရှင်း၏အခန်းထဲတွင် ကောင်းချင်းမင်းနှင့် လုထန်ရိတို့သည် ဆိုဖာတစ်ခုပေါ်တွင် ထိုင်ကြသည်။ ယွမ်ထန်ရှင်းသည် လုံချင်းယင်နှင့် လင်းဝမ်ဝမ်တို့အား ခုံများပေးလိုက်သည်။ ကျန်သည့်သူများကတော့ လွတ်သည့်နေရာတွင် ရပ်နေကြသည်။
“ဘာအကြောင်းလဲ?” ယွမ်ထန်ရှင်းသည် လုထန်ရိကို ကြည့်ကာ မေးသည်။
“တကယ်တော့ ငါတို့ဒီအပြင်မှာ လူတစ်စုနဲ့ တွေ့ခဲ့သေးတယ်” လုထန်ရိက ပြောသည်။ “ငါတို့ကြောင့်ပဲလား တခြားကြောင့်လားတော့ မသိပင်မယ့် ထွက်တော့သွားပြီ။ ဒါပင်မယ့် သေချာတာကတော့ ဒီမိန်းကလေးနှစ်ယောက်အတွက် ရောက်လာတာ”
ယွမ်ထန်ရှင်းနှင့် တခြားသူများသည် အချင်းချင်းကြည့်ကုန်ကြသည်။ လုံချင်းယင်ကတော့ အေးတိအေးစက်ဖြင့် “နင်တို့ဒီရောက်နေတာကြာပြီ။ ပြောချင်တာက တိတိကျကျ ဘာလဲ? အဓိကကိုပဲ ပြောလို့မရဘူးလား?”
လင်းဝမ်ဝမ်သည် ခေါင်းငြိမ့်ကာ ပြောသည်။ “ဒီလူတွေက ငါတို့အတွက် ရောက်လာတာလို့ပြောတယ်။ ဘာဖြစ်လို့လဲ? ဘာဖြစ်လို့ ငါတို့ကို ပစ်မှတ်ထားနေတာလဲ? ငါတို့သူတို့ကို ဘာလုပ်မိလို့လဲ? ဒါမှမဟုတ် ဘာရည်ရွယ်ချက်ရှိလို့လဲ?”
လုထန်ရိသည် သူမကိုကြည့်ကာ ဖြေသည်။ “ခေါင်းဆောင်ဝူက ဒီသတင်းကို ပါးခိုင်းလိုက်တယ်။ ခေါင်းဆောင်ဝူနဲ့ ပူးပေါင်းတာကြောင့် ယန်းချောင်းက ဒီမိန်းကလေးနှစ်ယောက်ကို ပြန်ပေးဆွဲဖို့ လူတချို့ကို ခိုးလွှတ်ထားတယ်။ ဒီည သူ့လူတွေက လှုပ်ရှားနေပြီ ထင်တယ်။ ခေါင်းဆောင်ဝူက အခုမရှိတော့ ငါတို့လည်း ဒီနားမှာ တခြားလုပ်စရာရှိတာနဲ့ကြုံတုန်း သတင်းလာပို့တာ”
ကောင်းချင်းမင်းက ဖြည့်ပြောသည်။ “နင်တို့ ယန်းချောင်းကို ဆန့်ကျင်တာမျိုး လုပ်တာ မလုပ်တာကိုတော့ ငါတို့မသိဘူး။ ဒါပင်မယ့် ငါတို့သိတာကတော့ သူ့ညီမ ယန်းယန်ကို စိတ်ခုအောင် လုပ်လိုက်တာပဲ။ ငါတို့ရထားတဲ့ သတင်းအရဆိုရင် သူတို့ကို ပြန်ပေးဆွဲပြီးတော့ ဇွန်ဘီပိုးကို ကိုယ်ထဲထိုးထည့်ပြီးရင် ခေါင်းဆောင်ဝူကို အပြစ်ဖို့မှာ။ မင်းတို့နဲ့သူက ပူးပေါင်းထားတာမလို့ မင်းတို့ဘက်ကသာ ဇွန်ဘီပြဿနာပေါ်လာရင် သူကဒါနဲ့ပတ်သက်ပြီး လုပ်စရာတစ်ခု ရသွားမှာ”
“ဒီသတင်းက အမှန်လား?” ယွမ်ထန်ရှင်းသည် လုထန်ရိအား အလေးအနက်ထား၍ မေးသည်။
“ခုနက သေနတ်သံကို မင်းတို့ကြားမယ်လို့ ငါထင်ပါတယ်” လုထန်ရိက ပြောသည်။ “ခုနတုန်းက ဖြောင်ကောချန်လို့ခေါ်တဲ့သူနဲ့ ငါတို့တွေ့ခဲ့တဘ်။ သူက ယန်းချောင်းရဲ့ လက်ထောက်ပဲ။ သူက မိန်းမတွေကို မုဒိန်းကျင့်ရတာကိုကြိုက်တဲ့ တဏှာကြီးတဲ့ကောင်! သူဒီကိုပေါ်လာတာက ဒီမိန်းကလေးနှစ်ယောက်နဲ့ ဆိုင်မယ်ထင်တယ်”
ဒီလိုပြောကာ လင်းဝမ်ဝမ်နှင့် လုံချင်းယင်ကို တစ်ချက်ကြည့်၍ “ဘာဖြစ်လို့ နင်တို့က တခြားသူတွေနဲ့အတူ ထွက်မသွားတာလဲ? မိန်းကလေးနှစ်ယောက်အနေနဲ့ ဒီမှာနေခဲ့တာက သူများတွေကို ပိုပြီးတော့ ဒုက္ခခေါ်ပေးနေသလိုပဲ”
“နင့်ကိစ္စမဟုတ်ဘူး!” သူစိမ်းက သူမတို့အား အရှေ့မှာ လာဝေဖန်နေသဖြင့် လုံချင်းယင်သည် သူ့အားခြိမ်းခြောက်သည့်အကြည့်ဖြင့် အေးစက်စွာကြည့်ရင်း ပြောသည်။ သူမလို မဟုတ်သည့် လင်းဝမ်ဝမ်ကတော့ မျက်တောင်လေး တဖြတ်ဖြတ်ခတ်ကာ တိတ်သွားသည်။ ထို့နောက် လုံချင်းယင်က ဒေါသထွက်တော့မလို ဖြစ်နေသဖြင့် အမြန်ဖြောင်းဖျရသည်။
“ချင်းယင် သူပြောတာလည်း ဟုတ်တာပဲ။ ဒီမှာနေတာက အကိုထန်ရှင်းအတွက် ဒုက္ခခေါ်ပေးနေသလိုပဲ ဖြစ်နေမှာ။ နောက်တစ်ခေါက်ကျရင် သူတို့နဲ့ အတူလိုက်သွားပါ့မယ်”
လင်းဝမ်ဝမ်က ပြောသည်။ နောက်တစ်ခေါက်တွင်တော့ ယွမ်ထန်ရှင်းသည်လည်း အတူတူပြန်လိုက်မည်ဟု သူမက ယုံကြည့်နေသောကြောင့် ဖြစ်သည်။
လုံချင်းယင်သည် လင်းဝမ်ဝမ်ကို တစ်ချက်ကြည့်ကာ မျက်နှာလွှဲလိုက်သည်။
လုံချင်းယင်၏ ရန်လိုသည့်စကားများကြောင့် လုထန်ရိ၏ အပြုံးသည် ပျောက်မတက်ဖြစ်နေသည်။ သူ့စေတနာက ဝေဒနာဖြစ်ပြီဟု ခံစားလိုက်ရသည်။ “ငါတို့ကိစ္စမဟုတ်ပင်မယ့် နင်တို့က စခန်းနဲ့ ခေါင်းဆောင်ဝူကိုပါ ပြဿနာက ပတ်လာရင် ငါတို့ကိစ္စဖြစ်သွားပြီ။ အဲ့ဒါကြောင့် ကျေးဇူးပြုပြီး မြန်နိုင်သမျှ မြန်မြန် ထွက်သွားပေးကြပါ။ နင်တို့က ဒီကမကြိုဆိုဘူး!”
ထို့နောက် ထလိုက်ကာ ယွမ်ထန်ရှင်းအား “ငါတို့က သတင်းလာပို့ပေးပြီးပြီ။ ပြီးတော့ မကောင်းတဲ့သူတွေဆီက ဒီ၁ည ကယ်ပေးထားတယ်။ ဒါပင်မယ့် ဒီလိုကိစ္စတွေက ဒုတိယအကြိမ် တတိယအကြိမ် ဆက်ဖြစ်လာမှာပဲ။ ဆုံးဖြတ်ချက်ကို စိတ်ကြိုက်ချလို့ရပါတယ်။ မင်းတို့လူတွေထဲက တချို့ပျောက်လို့ကတော့ ငါတို့ခေါင်းဆောင်ဆီမှာ လာမတောင်းဆိုပဲ ယန်းချောင်းဆီကိုသာ သွားလိုက်ကြ!” ဒီလိုပြောကာ တံခါးဆီသို့ လှည့်ထွက်သွားသည်။
ကောင်းချင်းမင်းသည်လည်း ထရပ်လိုက်ကာ လုံချင်းယင်ကို ပြုံးကြည့်၍ “ကြည့်ရတာ ငါတို့ကြင်နာမှုက မကောင်းဖြစ်သွားပုံရတယ်။ ကမ္ဘာပျက်ပြီးတဲ့နောက် မိန်းမတွေက ပိုကျိုးကြောင်းစီလျော်မှု မရှိဖြစ်လာကြတာပဲ!” ဒီလိုပြောကာ လုထန်ရိ၏အနောက်သို့ လိုက်သွားသည်။
ယွမ်ထန်ရှင်းသည် ဆိုဖာကို နောက်မှီ၍ထိုင်လိုက်ကာ လက်ပိုက်ရင်း တစ်ခုခုကို အလေးအနက်ထား၍ တွေးနေပုံရသည်။
“ချင်းယင် ဘာဖြစ်တာလဲ? ဘာဖြစ်လို့ ဒေါသထွက်ပြောလိုက်တာလဲ? သူတို့က အကောင်းပြောတာပါ” လင်းဝမ်ဝမ်သည် လုံချင်းယင်ကို နားမလည်စွာ ကြည့်၍ပြောသည်။ သူမသည် လုံချင်းယင်မှာ ဘာဖြစ်လို့ ဒီလိုတုန့်ပြန်သလဲကို နားမလည်နိုင်ပေ။
လုံချင်းယင်က နှာခေါင်းရှုံ့ကာ ပြောသည်။ “ဘာမှမဖြစ်ဘူး! သူတို့အပြုအမှုကို မကြိုက်လို့။ ငါတို့ကပဲ သူများတွေကို ပြဿနာခေါ်ပေးရမဦးမယ်တဲ့လား? ဒါကလည်း ငါတို့ကိစ္စပဲ။ သူတို့က ငါတို့ကိစ္စကို လာဂရုစိုက်နေဖို့ မလိုပါဘူး!”
“ဟုတ်ပါပြီ။ သူတို့ပြောတာတော့ ခေါင်းဆောင်ဝူက လွှတ်လိုက်တာတဲ့။ သူတို့လည်း လာချင်လွန်းလို့ လာရတာ မဟုတ်လောက်ပါဘူး။ အခုတော့ နင်ကသူတို့ကို မချေမငံ့ဆက်ဆံလိုက်တယ်။ ပြီးတော့လည်း သူတို့ပြောတာကသာ အမှန်ဆိုရင် ငါတို့ကို မျက်စိကျနေတဲ့သူတွေရှိတဲ့ ဒီစခန်းထဲမှာ မနေသင့်တော့ဘူး” လင်းဝမ်ဝမ်က အသံပျော့ပျော့လေးဖြင့် ပြောသည်။
လုံချင်းယင်က သူမကိုစိုက်ကြည့်ကာ ဖြေသည်။ “ဪ! အခုတော့ နင်ပြောပြီပေါ့။ မနက်က ဘယ်သူနေကျန်ခဲ့ဖို့ ပြောတာလဲ? ငါလား?”
လင်းဝမ်ဝမ်သည် မျက်နှာညိုးသွားကာ “ငါပါ။ ငါ. . . ငါမှားသွားပါတယ် ဟုတ်ပြီလား? ငါအတ္တကြီးသွားတယ်။ အန္တရာယ်များမှန်းသိပင်မယ့် နင့်ကိုငါနဲ့အတူ နေကျန်ခဲ့ခိုင်းမိတာ။ ငါမှားသွားတယ်။ ပြီးတော့ ငါတောင်းပန်ပါတယ်။ ငါ့ကိုစိတ်မဆိုးပါနဲ့နော်”
လုံချင်းယင်သည် နှာခေါင်းရှုံလိုက်ကာ ပြောသည်။ “နင်သိသွားတာပဲ ငါဝမ်းသာပါတယ်။ နင်နေခဲ့ဖို့ရွေးခဲ့မှတော့ အကျိုးဆက်လည်း ရှင်းရမှာပဲ”
“ငါသိတယ်။ ငါသိတယ်။ ငါထပ်ပြီးတော့ တစ်ကိုယ်ကောင်းမဆန်တော့ပါဘူးနော်?” လင်းဝမ်ဝမ်သည် ခါးသက်စွာဖြင့် ပြောသည်။
“နင်တို့၂ယောက်က ဘယ်တုန်းက ဒီလောက်ရင်းနှီးသွားတာလဲ?” ယွမ်ထန်ရှင်းက ဖြတ်မေးသည်။
မိန်းကလေးနှစ်ယောက်က တခြားသူများကို ကြည့်မိသည့်အခါ သူတို့မျက်နှာများက ထူးဆန်းနေသည်။ သူတို့မျက်လုံးများထဲတွင်. . . ‘သူတို့ကြားမှာ ဘာဖြစ်နေတာလဲ? သူတို့ကွေးနေတာလား?’
“နင်တို့အကြည့်တွေကဘာလဲ? သူငယ်ချင်းကောင်းတွေက ဒီလိုပဲမလား? ငါတို့က ဒီတိုင်းမိန်းကလေး သူငယ်ချင်း၂ယောက်ပဲ။ နင်တို့လျှောက်ထင်မနေကြနဲ့။ နင်တို့အတွေးတွေက လွန်နေပြီမလား?” လင်းဝမ်ဝမ်က ပြောသည်။
ယွမ်ထန်ရှင်းသည် အကြည့်လွှဲလိုက်ကာ ပြောသည်။ “လုထန်ရိပြောတာကသာ အမှန်ဆိုရင် ငါတို့ပိုဂရုစိုက်ဖို့ လိုမယ်။ ငါတို့ဒီစခန်းက နောက်ခေါင်းဆောင်နဲ့ ပြဿနာမဖြစ်ချင်ဘူး။ အခုတောင် ပြဿနာတွေရှိနေတာ”
“ခုနက သေနတ်ဖောက်လိုက်တာက သူတို့နဲ့လား?” တူယွမ်ရှင်းက မေးသည်။
ယွမ်ထန်ရှင်းက ခေါင်းကိုခါကာ “ငါလည်းမသိဘူး။ ဒါပင်မယ့် ဖြစ်နိုင်တယ်။ သူတို့လို့တော့ ထင်ရတာမလို့ ငါတို့သတိအပြည့်နဲ့ နေသင့်ပြီ”
“ဒီကိစ္စနဲ့ပတ်သက်လို့ ငါတို့ဒီတိုက်ခန်းမှာ နေဖို့က လုံခြုံမယ် မထင်တော့ဘူး” လင်းဝမ်ဝမ်က ပြောသည်။
လုံချင်းယင်က သူ့ကိုကြည့်ကာ ပြောသည်။ “ငါနင်နဲ့အတူရှိနေတာပဲ။ ဘာကိုကြောက်နေတာလဲ?”
ယွမ်ထန်ရှင်းက ခေါင်းခါကာ ပြောသည်။ “ဝမ်ဝမ်ပြောတာက အမှန်ပဲ။ ချင်းယင် နင်တို့ပဲ ဒီမှာနေလို့ မဖြစ်တော့ဘူး။ အန္တရာယ်ကြုံရင် ငါတို့အချိန်မှီရောက်မလာနိုင်ဘူး။ ပြီးတော့လည်း နင်တစ်ယောက်တည်းနဲ့ အဆင့်၆တွေ တိုက်ခိုက်တာကို ကာကွယ်မပေးနိုင်ဘူး”
တူယွမ်ရှင်းက သဘောတူသည်။ “ဒါအမှန်ပဲ။ အဲ့ဒါကြောင့် ဒုခေါင်းဆောင်က သူတို့နဲ့အတူနေပြီး ကာကွယ်ပေးသင့်တယ်။ ကျွန်တော်တို့ကောင်တွေကိုတော့ မပူနဲ့” ဒီလိုပြောကာ တခြားသူများကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။
ထန်ရှင်းက ဘယ်လိုဖြေရမလဲ မသိတော့ပေ။ ‘တူယွမ်ရှင်းရဲ့ အချွန်နဲ့အချီကြီးမလိုက်တာကို ငါခံလိုက်ရပြီလား?’