၂၅၄။ မင်းတို့က အံ့သြစရာပဲ
လင်းချင်းထွက်သွားသည့်အခါ လီကျန်းတို့မှာ စိတ်သက်သာရာရသွားသည်။ သူတို့မြင်သည်ကို မယုံနိုင်သဖြင့် လင်းမိသားစုကို မေးခွန်များ မေးတော့သည်။
“တကယ်ကြီးဇွန်ဘီလား? ဘယ်လိုလုပ်ဖြစ်နိုင်တာလဲ? ဇွန်ဘီက စကားပြောနိုင်တယ်လား? ပြီးတော့လည်း ကျွန်တော်တို့လိုပဲ ဉာဏ်ရှိနေတယ်။ ဇွန်ဘီတွေသာ သူ့လိုဆိုရင် အနာဂတ်ကတော့ ကြောက်စရာပဲ”
“သူက သာမန်ဇွန်ဘီတွေနဲ့ မတူဘူး” အမျိုးသမီးလင်းက ပြောသည်။ “လူသားမစားသလို လူသားတွေကို ထိခိုက်အောင်လည်း မလုပ်ဘူး”
လင်းချင်း၏ နယ်မြေထဲတွင် လူအချို့ရှိနေသော်လည်း ချူးလီလီ၏ ပရိဘောဂများတွင် ဆိုဖာများစွာပါနေသဖြင့် လူထိုင်ရန် လုံလောက်သည်။ သူတို့အတွက် တစ်ခုတည်းသော အဆင်မပြေချင်းမှာ ထိုခုံများကို သေချာနေရာချထားတာ မဟုတ်သဖြင့် တစ်ခုံနှင့်တစ်ခုံ အလှမ်းဝေးနေခြင်းသာ။
“သူဘယ်လိုကယ်လာတာလဲ?” ချန်းဝမ်ရှုက မေးသည်။ “ပြီးတော့ ဘာဖြစ်လို့ နင်တို့က ကြိုးတုပ်ထားခံရတာလဲ?”
“မနေ့က ယန်ကျင်းဟွာနဲ့ တွေ့ခဲ့တယ်” လီကျန်းက ပြောသည်။ “ဘာမှမပြောဘဲ တန်းဖမ်းတာ။ လင်းယုပဲ လွတ်သွားတယ်”
အမျိုးသမီးလင်းသည် မျက်လုံးပြူးကာ အံ့သြသွားပြီး မေးသည်။ “ဘယ်လိုလုပ်ပြီး သွားတိုးတာလဲ? ပြီးတော့ နင်တို့ရဲ့ ကျန်တဲ့အသင်းသားတွေရော? လင်းယုပဲ လွတ်တာလား?”
လီကျန်းသည် မျက်နှာကြီးမည်းကာ အမျိုးသမီးလင်းကို ခေါင်းငြိမ့်ပြ၍ မျက်လွှာချကာ ပြောသည်။ “စခန်းကနေ ကျွန်တော်တို့ ထွက်လာတာ ၁လလောက်ရှိပြီ။ ပင်လယ်မြို့တော်စခန်းကို သွားတဲ့လမ်းမှာ တချို့တွေ သေပြီးတော့ ကျွန်တော်တို့ပဲ ကျန်ခဲ့တာ။ ပင်လယ်မြို့တော်စခန်းရောက်မှ ကျွန်တော်တို့စခန်းပျက်သွားတော့ အဒေါ်တို့လွတ်သွားတာကို သိရတာ။ အဲ့ဒါကြောင့် ပင်လယ်မြို့တော်စခန်းရဲ့ ခရမ်းရောင်မိုးကြိုးခေါင်းဆောင်က အဒေါ်တို့ကို ရှာဖို့ ကျွန်တော်တို့ကို သွားခိုင်းတာ”
“ကျွန်တော်တို့ရှာနေတာ လဝက်လောက်ရှိပင်မယ့် အဒေါ်တို့နဲ့မတွေ့ဘဲ ယန်ကျင်းဟွာနဲ့ တွေ့ပြီးတော့ ဒီလိုဖြစ်တာပဲ” လဲ့ယောင်က ပြောသည်။
လင်းဝမ်ဝမ်သည် သူတို့ငါးယောက်အား ရေတစ်ခွက်စီ ထည့်လာပေးရင်း သူတို့ထဲက သူစိမ်းကို လက်ညိုးထိုးပြကာ မေးသည်။ “ဒီသူငယ်ချင်းက ပင်လယ်မြို့တော်စခန်းကလား?”
ထိုလူသည် ယဉ်ကျေးစွာ ခေါင်းငြိမ့်ပြပြီး
“တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော့်နာမည်က ဟွမ်မင်း”
ထို့နောက် ဟွမ်မင်းသည် အခြားသူများ သတိမထားမိသည့် တောအုပ်အရှေ့က လက်နက်ဆင်ထားသည့် ကားများကို လက်ညိုးထိုးပြကာ
“ဒီကားတွေကို သူယူလာတာလား?”
အမျိုးသမီးလင်းသည် ထိုကားများကို တစ်ချက်လှည့်ကြည့်၍ ဂရုမထားစွာ ဖြေသည်။ “အင်း ခုနတုန်းက ဒီထဲကို ပစ်ထည့်သွားတာ။ ဒါကသူ့နယ်မြေဆိုတော့ သူ့အပြင် ဘယ်သူက ထည့်နိုင်မှာလဲ?”
အပြင်တွင်တော့ ယန်ကျင်းဟွာသည် ဆိုဖာပေါ်တွင် ဒူးပေါ်ကိုလက်တင်၍ ထိုလက်က နဖူးကိုထောက်ထားကာ ခေါင်းငုံ့ထိုင်နေသည်ကို လင်းချင်းက ကြည့်နေသည်။ “အရမ်းကောင်းတယ် မင်းတို့လူအများကြီးရှိတာကို ခိုးဝင်လာတဲ့သူက သူတို့အကုန်လုံးကို ကယ်သွားခွင့် ပေးလိုက်တယ်. . .မင်းတို့က အံ့သြစရာပဲ”
အခန်းထဲကလူများသည် သူ့မျက်နှာကို မမြင်ရသော်လည်း သူ့အသံမှ အေးစက်မှုကြောင့် သူတို့တစ်ကိုယ်လုံး အအေးဓာတ်များဖြင့် စိမ့်ချမ်းနေကြသည်။ အခန်းထဲက အခြေအနေသည် ရုတ်ချင်းပြောင်းသွားတာ ဖြစ်ပြီး သူတို့၏ ဆရာက စိတ်ဆိုးနေသည်ကို လူတိုင်းက နားလည်ကြသည်။
ရုတ်တရပ် ယန်ကျင်းဟွာ၏ ခြေထောက်အောက်မှ ရေခဲလွှာတစ်ခုထွက်လာကာ လီကျန်းတို့ကို စောင့်ခဲ့ရသည့် စစ်သားများထံသို့ ရောက်သွားသည်။ ကြောက်နေသည့် စစ်သားများသည် ချက်ချင်းနောက်ဆုတ်ဖို့ လုပ်သော်လည်း တစ်လှမ်းပဲ ဆုတ်လိုက်ရသေးသည်။ သူတို့၏ ခြေဖျားမှ ခေါင်းအထိ ခဲသွားကာ မျက်စိတစ်မှိတ်အတွင်းမှာ သူတို့သည် ရေခဲရုပ်များ ဖြစ်ကုန်ကြတော့သည်။ ရေခဲရုပ်ဖြစ်သွားသည်ကို မြင်သည့်အခြားသူများသည် မလှုပ်ရဲကြသလို အသက်ကိုတောင် ရဲရဲတင်းတင်းမရှုနိုင်ကြတော့ပေ။ အချို့ဆိုလျှင် ချွေးအေးများတောင် ကျနေပြီ ဖြစ်သည်။
လင်းချင်းသည် အခန်းထောင့်တွင် ရပ်နေသည်။ ညအချိန်အပူချိန်သည် နေ့အချိန်ထက် ဆယ်ဒီဂရီလောက် ပိုနည်းလေရာ ညသည် နေလို့ထိုင်လို့အဆင်ပြေအောင် အေးမြသည်။ သို့သော်လည်း အခုဒီအခန်းထဲတွင်တော့ လင်းချင်းသည် ချမ်းသလိုတောင် ဖြစ်နေသည်။
ထိုအချိန်တွင် ယန်ကျင်းဟွာသည် လက်များကို ဖြေလျှော့လိုက်ကာ “ရန်သူက အင်အားကြီးတော့ ငါတောင် ဘာမှမသိလိုက်ဘူး”
ထို့နောက် ရေခဲရုပ်များအနားသို့ ထသွားကာ “ဒါပင်မယ့် သူတို့ကို မင်းတို့ကို စောင့်ကြည့်ရမယ့် တာဝန်ရှိခဲ့တာမလို့ ဘာဖြစ်လို့ ငါကမင်းတို့ကို အရှင်ထားရမှာလဲ?” ဒီလိုပြောပြီးနောက် အနားက ရေခဲရုပ်ကို လက်ဖြင့်တိုက်ချလိုက်သည်။ ယန်ကျင်းဟွာ၏ အမှုအယာသည် ဘာမှမရှိသော်လည်း မျက်လုံးများက အရမ်းအေးစက်နေသည်။ သူသည် ရေခဲရုပ်များကို တစ်ရုပ်ပြီးတစ်ရုပ် တိုက်ချနေတာ ဖြစ်သည်။ သူလှည့်လိုက်သည့်အခါတွင်တော့ ကွဲသံများက ထွက်ပေါ်လာသည်။ ထို့နောက် ရေခဲရုပ်များသည် ကြမ်းပြင်ပေါ်သို့ ကျကွဲသွားက ဆူညံ့သံများက ဆက်တိုက် ထွက်ပေါ်လာသည်။ သို့သော်လည်း ဘာသွေးမှ မထွက်ပေ။
“ငါကဒီလူတွေနဲ့ လင်းဖန်တို့ကို ကြောက်အောင်ခြောက်ပြီးတော့ အားနည်းချက်ဖြစ်အောင် ဆွပေးမလို့။ ဒါပင်မယ့် ငါအစီအစဉ်ကို မင်းတို့က ဖျက်ပစ်တာပဲ”
အခြားသူများသည် ရေခဲရုပ်အကွဲအကြေများကို ကြည့်ပြီး ကြောင်အနေကာ ဘယ်သူကမှ ဘာအသံမှကို မထွက်ရဲကြတော့ပေ။ နောက်က လင်းချင်းကတော့ ဒီလူများကို အတွေးများကို ကြားနေရသည်။ ‘အရမ်းသွေးအေးတာပဲ!’ ‘ယန်ကျင်းဟွာရဲ့ ပုံစံအမှန်က ဒီလိုဆိုတာကို ငါအရင်က ဘာဖြစ်လို့ မသိခဲ့ရတာလဲ?’ ‘တောက်! မင်းသာ ငါ့မိသားစုတွေကို ဖမ်းမထားရင် ကပ္ပတိန်ကြီးတို့ကို လိုက်ဖမ်းဖို့ ငါမင်းနောက်ကို လိုက်စရာကို မရှိတာကွ!!!’
လင်းချင်းမှာ ဒီလူများက ယန်ကျင်းဟွာနောက်ကို ဆန္ဒမရှိဘဲ လိုက်နေရကြောင်းကို အံ့အားသင့်စွာ သိလိုက်ရသည်။ ယန်ကျင်းဟွာသည် ဒီစစ်သားများကို သူတို့မိသားစုများဖြင့် ခြိမ်းခြောက်ထားခဲ့တာ ဖြစ်သည်။
ဒီလိုအတွေးများသည် သာမန်စစ်သားများတွင်သာမက အဆင့်ငါးစွမ်းအားရှင်များသည်လည်း အတူတူပင်။
‘တောက်! ခေါင်းဆောင်က ဘာဖြစ်လို့ ဒီခွေးကောင်ကို အရမ်းကောင်းပေးခဲ့တာလဲ? တချိန်လုံး ဒီအကောင်ကို ကာကွယ်ပေးနေခဲ့ပင်မယ့် အခုတော့ ဒီကောင်က ဆန်ကုန်မြေလေးပဲ!!!’
‘အမှိုက်ပဲ! ငါတို့က မင်းအတွက်ဘာလဲ? ငါတို့လူတွေကို မင်းသတ်ချင်သလိုသတ်ပြီးတော့ ငါတို့ကို ခွေးလို လာဆက်ဆံနေတာလား?’
လင်းချင်းသည် ယန်ကျင်းဟွာကို ကြည့်လိုက်သည်။ သူမသည် သူနှင့်ပတ်သတ်၍ တကယ့်ကို ဘာမှမမှတ်မိတာပင်။ သူမကို နာကျင်အောင် သူကလုပ်ခဲ့သော်လည်း အခုသူနှင့် တွေ့နေရသည့်အခါ သူမတွင် ဘာခံစားချက်မှ မရှိတာ ဘာကြောင့်နည်း?
လင်းချင်းအခုသိရသလောက်ဆိုလျှင် ယန်ကျင်းဟွာသည် လင်းဝမ်ဝမ်ကြောင့် သူမကို အရင်နှစ်အချို့တည်းက အကွက်ကျကျချဉ်းကပ်ခဲ့တာ ဖြစ်သည်။ သူမကို ကယ်ချင်ယောင်ဆောင်ကာ အသက်သခင်ကျေးဇူးရှင်လို သူမ၏အနားတွင် နေခဲ့သည်။ လင်းဝမ်ဝမ်ကို လိုက်ပိုးပန်းနေရင်း လင်းချင်းနှင့်အတူ စခန်းထောင်ခဲ့သည်။ လင်းချင်းတို့၏ စခန်းအခြေကျသွားသည်နှင့် ယန်ကျင်းဟွာ လုံမျိုးရိုးတစ်ယောက်၏ အကူအညီယူကာ သူမကိုတိုက်၍ စခန်းကို အပိုင်သိမ်းခဲ့သည်။ ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်ကာ မစိုက်ခဲ့သည့် အခင်းကို ရိတ်သိမ်းသွားခြင်းပင်။ယန်ကျင်းဟွာ၏ ချောမောသည့် မျက်နှာသည် အခုတော့ အေးစက်ကာ ယုတ်မာနေသည်။ ချောမောသည့် မျက်နှာသည် သူ့၏ယုတ်မာသည့် စိတ်ထားကို ဖုံးမထားနိုင်ပေ။ လက်သန်းကိုထုတ်၍ နုနုယွယွသာ နေလိုက်ပါက သူသည် တကယ့်ကို အမျိုးသမီးတစ်ယောက်နှင့် တူလိမ့်မည်။
‘ဒီလိုချောနေတဲ့ရုပ်ကြောင့် ငါဆွဲဆောင်ခံလိုက်ရတာတော့ မဟုတ်ဘူးမလား?’ လင်းချင်းသည် စိတ်ထဲတွင် ရေရွတ်နေသည်။
ယန်ကျင်းဟွာသည် ဆိုဖာပေါ်တွင် ပြန်ထိုင်မနေတော့ဘဲ သူ့အရင်က အခန်းထဲသို့ လျှောက်သွားသည်။ သူ့လက်ထောက်သည် သူ့နောက်ကိုလိုက်ကာ တယ်လီစကုပ်ကို ပေးသည်။ သူသည် တယ်လီစကုပ်ကိုယူ၍ ကြည့်ရင်းဖြင့် “ထားလိုက်တော့ သူတို့ကို ကယ်သွားလည်းရတယ်။ ငါတို့က သူတို့နဲ့ ခြိမ်းခြောက်လို့ မရတော့လည်း ငါတို့က လျှပ်တပြတ်တိုက်ရသေးတာပဲ”
ဟိုတယ်ကိုကြည့်ပြီးနောက် တယ်လီစကုတ်ကိုချကာ အိပ်ခန်းထဲမှ ပြန်ထွက်လာ၍ သူ့လူများအား “ငါတို့အခု ထွက်ကြမယ်။ တိုက်ဖို့ ပြင်ဆင်ထားကြ ငါတို့ညပိုင်းဝင်စီးမယ်” ဒီလိုပြောပြီးနောက် အခန်းထဲကနေ အခြားသူများအရှေ့က ထွက်သွားသည်။
ယန်ကျင်းဟွာက စလှုပ်ရှားသည်နှင့် လင်းချင်းသည် ချက်ချင်းဆိုသလို အဆင့်ငါးကပ္ပတိန်တစ်ယောက်ဆီသို့ ချဉ်းကပ်လိုက်ကာ သူ့လက်ကို လှမ်းဆွဲလိုက်သည်။ ထို့နောက် ထိုလူသည်လည်း ပျောက်ကွယ်သွားသည်။