၃၉၆။ ဆံပင်ကအစစ်
ဇွန်ဘီကောင်လေးသည် သူ့ခွက်ကို အမြန်သောက်ပြီးသည့်အခါ လင်းချင်းကို ထပ်ပေးသည်။
လင်းချင်းသည် သူမ၏လက်ထဲကရေဘူးကြီးကို ထိုးပေးလိုက်ကာ “ရော့ ယူလိုက် ယူလိုက်. . .ဖြည်းဖြည်းသောက်! နက်ဖြန်ငါ့ဆီကို ပြန်ယူလာဖို့တော့ မမေ့နဲ့”
ဇွန်ဘီကောင်လေးသည် ယူလိုက်ကာ လင်းချင်းပြောသည်ကို ကြားသဖြင့် ချက်ချင်းခေါင်းငြိမ့်ပြသည်။
လင်းချင်းက သူ့အားလက်ပြလိုက်ကာ “သွား. . .ဒီနေရာကို သေချာစောင့်။ သူစိမ်းတွေ အဝင်မခံနဲ့” သူမသည် ဇွန်ဘီကောင်လေးကို ဖယ်ခိုင်းလိုက်၍ စခန်းသစ်၏ ဆောက်လုပ်ရေးခွင်ထဲသို့ ကားမောင်းသွားဖို့ လုပ်သည်။
သူမ၏စကားကိုကြားသည့်အခါ ဇွန်ဘီကောင်လေးသည် တစ်ခုခုကို တွေးမိကာ ပြောပြသည်။ “ဂါး” ‘အခုတလော လူတစ်ချို့ လာကြတယ်. . .’
လင်းချင်းသည် ကားစက်နှိုးနေရင်းက ဇွန်ဘီကောင်လေးကိုကြည့်၍ မေးသည်။ “ဘယ်သူတွေလဲ?”
“ဂါး. . .” ‘မသိဘူး။ သူတို့ကို အဝင်မခံခဲ့ဘူး။ သူတို့က တိုက်ခိုက်ချင်တဲ့ပုံမရှိလို့ ထွက်သွားခိုင်းလိုက်တယ်’
လင်းချင်းသည် ကားပြတင်းပေါက်ပေါ်သို့ တံတောင်ဆစ်ကိုတင်ကာ မေးကိုပွတ်ရင်း တွေးကြည့်နေသည်။ ‘ဘယ်သူတွေလဲ? ဇွန်ဘီအမဲလိုက်အဖွဲ့တွေ ဖြစ်နိုင်တယ်။ ဒါပင်မယ့် ဒီနေရာက ဇွန်ဘီပြည့်နေတဲ့ ဇွန်ဘီမြို့တော်လေ။ သာမန်ဇွန်ဘီအမဲလိုက်အဖွဲ့က ဒီလောက်အန္တရာယ်များပြီး ဝေးတဲ့နေရာကို မလာလောက်ဘူး’
“ဂါး ဂါး. . .” ‘အရင်ဆုံး သူတို့က လှည့်ပတ်နေကြသေးတယ်။ ဘာလုပ်နေတာလဲတော့ မသိဘူး’ ဇွန်ဘီကောင်လေးက ပြောသည်။
လင်းချင်းက ခေါင်းငြိမ့်ကာ “ရပြီ။ ငါသိပြီ”
ဇွန်ဘီကောင်လေးသည် ရေဘူးကိုကိုင်ကာ အနားကသစ်ပင်ပေါ်သို့ တက်သွားပြီးနောက် ပျောက်သွားသည်။ လင်းချင်းကတော့ စခန်းသစ်ဆောက်လုပ်ရေးခွင်ထဲသို့ ကားမောင်းဝင်လာသည်။
လင်းချင်းက မောင်းဝင်လာပြီးနောက် ဇွန်ဘီအော်သံတစ်ခု ထွက်လာသည်။ ထို့နောက် ဘေးတွင်ပြန့်ကျဲနေသည့် ဇွန်ဘီတို့သည် အရင်လိုအုပ်စုလိုက်ကြီး ပြန်ဖြစ်သွားကာ လမ်းကိုပိတ်လိုက်ကြသည်။
လင်းချင်းသည် မိုင်အချို့မောင်းပြီးသည့်အခါ ဗစ်တိုးရီးယားဟိုတယ်ရှေ့သို့ ရောက်လာသည်။
ဟိုတယ်ထဲကသူများသည် လင်းချင်း၏ကားအသံကို မရောက်ခင်တည်းက ကြားခဲ့တာ ဖြစ်သည်။ ထို့ကြောင့် သူမအား မတားဘဲ ထွက်ကြည့်ကုန်ကြသည်။ လင်းချင်းသည် ယန်ကျင်းဟွာပိုင်ခဲ့သည့် သံချပ်ကာ ကားတစ်စီးကို မောင်းလာသည်ဖြစ်ရာ သူမက အပြင်ကို လှမ်းမြင်နိုင်သော်လည်း အပြင်ကလူများက သူမအား မမြင်နိုင်ပေ။
တော်သေးသည်က ဟိုတယ်ကလူများသည် ယန်ကျင်းဟွာထံမှ လင်းချင်းခိုးထားသည့် ဒီသံချပ်ကာကားများကို ရင်းနှီးနေ၍ ဖြစ်သည်။ ကားကိုမြင်သည့်အခါ အထဲတွင် လင်းချင်းရှိနေလောက်သည်ကို ခန့်မှန်းမိလိုက်ကြသည်။
လင်းချင်းသည် ကားကိုပါကင်ထိုးပြီးနောက် တံခါးဖွင့်၍ ဆင်းလာသည်။ လူအချို့က သူမအား ပျော်ရွှင်စွာဖြင့် ကြည့်လာသည်။
“မမချင်းချင်း!” အမိုးပေါ်ကနေ အဖြူသဏ္ဍာန်က သူမထံသို့ ခုန်ဆင်းလာကာ မြေပြင်ပေါ်သို့ သူမ၏ ကျစ်စာမြီးရှည်နှစ်ခုလို လွင့်မျောစေလျှက် ညင်သာစွာ ဆင်းသက်လာသည်။ လင်းချင်းသည် ချူးလီလီ၏ ပြေးဖက်ခြင်းကို မရှောင်ဘဲ ရပ်နေကာ အဖက်ခံလိုက်သည်။
“ဂါး!” မပျော်သည့်အသံတစ်ခုက အမိုးပေါ်က ထွက်လာသည်။
လင်းချင်းက ခေါင်းမော့ကြည့်လိုက်သည့်အခါ မုံမုံသည် သူမအား မကျေနပ်စွာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“မမချင်းချင်း အရမ်းနှေးတာပဲ ဘာဖြစ်လို့ ဒီလောက်ကြာနေတာလဲ?” လင်းချင်းအား ဖက်ပြီးသည့်နောက် ချူးလီလီသည် လက်များကို ဖြေပေးကာ မေးသည်။
လင်းချင်းက သူမအား နားမလည်စွာကြည့်ကာ “ငါ့နားမှာ နင်နေရတာ ဒီလောက်ကြိုက်မှန်း အရင်က ငါမသိခဲ့ပါလား? ၁၀ရက်တည်းပါ။ ဒါကအရမ်းမကြာဘူးမလား?”
“ဟွန့်!” ချူးလီလိသည် နှုတ်ခမ်းဆူကာ ပြောသည်။ “မကြီးမရှိရင် ဒီနေရာက ပျော်ဖို့မကောင်းဘူး”
ထို့နောက် လင်းချင်း၏ဆံပင်များကို ကြည့်ကာ “ဟင်? ဆံပင်တွေက ၁၀ရက်တည်းနဲ့ ပြန်ရှည်လာတာပဲ။ ပြီးတော့ အဆင့်ထပ်မြင့်သွားပြန်ပြီ အရှိန်အဝါလည်း ပြောင်းသွားတယ်”
ဒီလိုပြောပြီးနောက် လင်းချင်း၏လည်ပင်းနားကို မျက်နှာတိုးကပ်၍ အနံ့ခံကြည်ကာ မျက်လုံးများမှေးသွား၍ စွဲလမ်းစွာ ပြောသည်။ “အနံ့လေးက အရမ်းကောင်းတာပဲ!”
ချူးလီလီသည် လင်းချင်းကို ပတ်ကြည့်ပြီးနောက် သူမ၏ အစွမ်းနှင့်ကိုယ်ပြောင်းလဲခြင်းတို့၏ တိုးတက်နှုန်းကို အသားကျနေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း အခြားသူများသည် လင်းချင်း၏ ဆံပင်ကိုကြည်ကာ အံ့သြနေကြသည်။
“ဆံပင်တုကို ဘယ်ကရခဲ့တာလဲ? အတော်ကောင်းတာ အစစ်လိုပဲ”
လျူကျွင်းသည် ဟိုတယ်က ထွက်လာကာ ချန်းဝမ်ရှု၏ဘေးတွင်ရပ်ကာ သူမအား သိချင်စိတ်ဖြင့် မေးသည်။ တခြားသူများသည်လည်း ဒါကိုသိချင်နေတာ ဖြစ်သည်။
“ဆံပင်တု? မဟုတ်ဘူး။ ဒါဆံပင်အစစ်တွေ” ချူးလီလီသည် လင်းချင်း၏ဆံပင်ကို ဆွဲပြကာ ပြောသည်။
တခြားသူများသည် ဒါကိုကြားသည်နှင့် အံ့သြကုန်ကြသည်။ “ဟမ်? အစစ်လား? အတုမဟုတ်ဘူးလား? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ၁၀ရက်ပဲ ရှိသေးတာလေ။ ဆံပင်ရှည်မြန်တဲ့ဟော်မုန်း ဒါမှမဟုတ် ဆေးတစ်ခုခုထိုးလာခဲ့တာလား” တစ်ယောက်က မေးသည်။
လင်းချင်းသည် ဟိုတယ်ပေါက်သို့ လျှောက်လာကာ ဧည့်ကြိုခန်းထဲသို့ဝင်ကာ ပြောသည်။ “ဘာဟော်မုန်းမှ ထိုးခံရတာ မဟုတ်ပါဘူး။ ဒီတိုင်း ကိုယ်ကို ပြန်ကုထားလိုက်ရုံတင်ပါ” ဒီလိုပြောကာ သူမ၏ဗိုက်အား အလိုလိုထိမိသွားသည်။
“အဆင့်ထပ်မြင့်သွားပြီ! တကယ်တော့ နင်က အဆင့်၆. . .အဆင့်၇ ရောက်နေပြီးသားလား?” လင်းဖန်က သူမ၏အနားသို့ ရောက်လာကာ မေးသည်။
လင်းချင်းက သူ့အားတစ်ချက်ကြည့်၍ ရယ်ကာ “ဒါက. . .လီလီ ဘယ်လိုထင်လဲ?”
ဒီကလူများအနက် အဆင့်အမြင့်ဆုံးဖြစ်သည့် လီလီထံသို့ မေးခွန်းအား ပစ်ထုတ်လိုက်သည်။
ချူးလီလီသည် သူမ၏ဆံပင်အား ဆော့နေတာ ဖြစ်သည်။ လင်းချင်းမေးသည်ကို ကြားသည့်အခါ သူမအား ခေါင်းအစခြေအဆုံးကြည့်၍ “တကယ်တော့ အဆင့်ကို မမှန်းတက်ဘူး။ ဒါပင်မယ့် အရှိန်အဝါကတော့ ညီမလေးကို ဖိနှိပ်နိုင်နေပြီ။ ညီမလေးထက် အဆင့်မြင့်နေပြီလား?”
လင်းချင်းက ခေါင်းခါလိုက်သည်။ “တကယ်တော့ ငါ့အဆင့်က နင့်လောက် မမြင့်သေးဘူး။ လက်ရှိအစွမ်းကိုတော့ မပြောတက်ဘူး။ စမ်းကြည့်မှပဲ”
“အဆင့်မြင့်သွားတာက လှည့်စားနေသလိုမျိုး ရူးလောက်အောင်ကို မြန်လွန်းတယ်!” ချူးလီလီက ပြောသည်။
လင်းချင်းက ပြောသည်။ “တကယ်လည်း ငါလှည့်စားနေတာပဲ။ ဒီလိုမလုပ်ရင် ဘယ်လိုလုပ် စကားပြောနိုင်မှာလဲ?” သူမအား လှည့်စားနိုင်ဖို့ ကူညီပေးနေသည့် နွယ်လေးရှိသည်။
သူမသည် ဆိုဖာထံသို့ လျှောက်သွားကာ ချန်ယုတင်းကို ကြည့်၍ “နင့်မိန်းမက ထွက်လာလို့ရနေပြီ။ ခနစောင့်” ဒီလိုပြောပြီးနောက် လူတိုင်းရှေ့မှ သူမပျောက်သွားသည်။
ဒါကိုကြားသည့်အခါ ချန်ယုတင်းသည် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ လင်းချင်းပျောက်သွားသည့်နေရာကို မျက်လုံးကျွတ်ကျမတက် စိုက်ကြည့်နေတော့သည်။
“မြင်လား။ သူကောင်းသွားမှာပါတို့ ငါတို့ပြောသားပဲ။ မင်းကိုမှတ်မိနေလောက်မှာပါ” လင်းဖန်က ပြောသည်။
တခြားသူများသည်လည်း သူ့မိန်းမဖြစ်သူက ဘာတွေကို ကျော်ဖြတ်ခဲ့ရသလဲဆိုသည်ကို သိကြသည်။ သူတို့က အခုအချိန်တွင် စိတ်သက်သာအောင် ပြောပေးချင်သော်လည်း စကားမှားသွားမှာ စိုးနေကြသည်။
၂စက္ကန့်အတွင်းမှာ လင်းချင်းက တခြားအမျိုးသမီး တစ်ယောက်ဖြင့် ပေါ်လာသည်။
“ကျန်း!” ချန်ယုတင်းသည် လင်းချင်း၏ဘေးတွင် ဘာမှမထိခိုက်ဘဲ ရပ်နေသည့် ရှန်ယုကျန်းကို မြင်သည့်အခါ အကျယ်ကြီး အော်ခေါ်သည်။ ထို့နောက် မနေနိုင်တော့ဘဲ သူမထံသို့ လျှောက်သွားကာ လက်ကိုကိုင်၍ မေးသည်။ “ကျန်း ငါဘယ်သူလဲဆိုတာ သိလား?”
ရှန်ယုကျန်းသည် တခြားသူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချန်ယုတင်းကို ခေါင်းငြိမ့်ပြသည်။
“ကောင်းတယ်! ငါ့ကိုမှတ်မိနေသေးတာပဲ” သူမအား သူဖက်ထားလိုက်တော့သည်။
ရှန်ယုကျန်းသည် သူ့ခံစားချက်များကို အာရုံမခံနိုင်သော်လည်း သူ့အားပြန်ဖက်ထားရုံအပြင် ဘာမှမလုပ်နိုင်ပေ။ သူမသည် ငိုခြင်း သို့မဟုတ် စကားပြောခြင်းမျိုးမှ မလုပ်နိုင်တာ။
အခြားသူများသည် ဒီအချစ်ငှက်နှစ်ယောက်ကိုကြည့်ကာ အနည်းငယ် အားကျနေကြပြီ။ တစ်ယောက်က “မင်းရဲ့ကျန်းက. . .အခု. . .”
သူတို့သည် ရှန်ယုကျန်း၏ အခြေအနေကို သိချင်နေကြသည်။ အထူးသဖြင့် သူမသည် သာမန်လိုဖြစ်နေ၍ ဖြစ်သည်။ သူမ၏ မျက်လုံးများသည် မည်းမနေဘဲ တခြားအစိတ်အပိုင်းများသည်လည်း မပြောင်းသလိုပင်။
ချန်ယုတင်းသည် ခနရပ်သွားကာ သူမအားဖက်ထားခြင်းကို လွှတ်လိုက်၍ မျက်နှာကို တစိမ့်စိမ့်ကြည့်နေသည်။
“စိတ်မပူနဲ့! သူကဇွန်ဘီ တကယ်ဖြစ်သွားပြီဆိုပင်မယ့် မှတ်ဉာဏ်တွေ ရှိသေးတယ်။ ဘာဖြစ်ခဲ့သလဲကို မှတ်မိတယ်”
လင်းချင်းက ပြောသည်။