၄၀၉။ စိုက်ပျိုးဖို့မြေ
လင်းချင်းသည် လွတ်နေသည့်ခုံထံသို့ လျှောက်လာကာ ထိုင်လိုက်သည်။ သူမ၏ရှေ့က စားပွဲပေါ်တွင် ဖိုင်အချို့ကို တင်ထားသည်။ သူမသည် ဖိုင်ကိုဖွင့်၍ ဖြန်းကြည့်လိုက်သည့်အခါ မြေပုံအချို့နှင့် ဆောက်လုပ်ရေးဆိုင်ရာ ဆွဲထားခြင်းတို့ကို တွေ့ရသည်။
သူမသည် ဖိုင်တွေကိုဖတ်ကြည့်နေစဉ် ကျန်သည့်၃ယောက်သည် စကားစပြောဖို့ စောင့်နေသည်။ ထို့နောက် သူ့ဘေးတွင်ရပ်နေသည့် လင်းယု၏လက်ထဲမှ မြေပုံကို ယွမ်ထန်ရှင်းက ယူလိုက်ကာ စားပွဲပေါ်တွင် ဖြန့်ခင်းလိုက်သည်။ ထို့နောက် ဆောက်လုပ်ရေးခွင်ကိုပြကာ တချို့ပြဿနာများကိုပြော၍ စဆွေးနွေးကြသည်။
ဆောက်လုပ်ရေးခွင်က တချို့အဆောက်အဦးဟောင်းများမှ ဆောက်လုပ်ရေးပစ္စည်းများကို အသုံးပြုမှာ ဖြစ်သည်။ အဆောက်အဦးများကို ဖြိုချထားသဖြင့် အုတ်တို့ကို မျိုးစုံအသုံးပြုနိုင်မှာ ဖြစ်သည်။ ဒီခရိုင်ထဲက ဘိလပ်မြေစက်ရုံတချို့ကိုတွေ့၍ ဘိလပ်မြေတို့ကို ရခဲ့သော်လည်း မလုံလောက်သေးပေ။
“ပစ္စည်းတွေကို ငါစုလိုက်မယ်”
လင်းချင်းက ပြောသည်။
“နင်တို့က နံရံဆောက်ဖို့ပဲ လိုမယ်။ ဒီခရိုင်တစ်ခုလုံးထဲက လိုတာတွေကို ငါလိုက်သိမ်းမလို့ တွေးနေတာ။ ဆောက်လုပ်ရေးပစ္စည်းတွေက နံပတ်၁။ အစားအသောက်နဲ့ နေ့စဉ်အသုံးဆောင်အချို့ကိုလည်း ငါရှာလာခဲ့ပေးမယ်”
“ကျေးဇူးတင်ပါတယ်”
ယွမ်ထန်ရှင်းက ပြောသည်။
ထို့နောက် လင်းချင်းက စမေးသည်။
“နင့်လူထဲမှာ စိုက်ပျိုးရေး ပညာရှင် မပါဘူးလား? အခုငါတို့ရှိတဲ့အစာတွေက ကြာကြာခံမှာ မဟုတ်ပြီ။ ပြီးတော့ ထပ်လည်းစုရဦးမယ်။ ဒါပင်မယ့် ငါတို့စိုက်ပျိုးဖို့ ကိုယ့်မြေလိုမယ်”
“ဒါပင်မယ့် သီးနှံစိုက်ဖို့ မြေဆီလွှာက မကောင်းဘူး”
လင်းဖန်က ပြောသည်။
“မြေအများစုက ပိုးကူးစက်ခံထားရပြီ။ ဘယ်လိုလုပ် ငါတို့အစာရတော့မှာလဲ?”
“တကယ်လို့ ငါ့နယ်မြေထဲက ရေနဲ့သာ သီးနှံတွေကို လောင်းမယ်ဆိုရင် ပိုးသတ်နိုင်တယ်”
လင်းချင်းက ပြောသည်။
“မြေဆီလွှာကို မသန့်စင်နိုင်ပင်မယ့် အပင်တွေကိုတော့ သန့်စင်ပေးနိုင်တယ်”
“တကယ်လား?”
လင်းဖန်နှင့် ယွမ်ထန်ရှင်းတို့ မျက်လုံးများ တောက်သွားသည်။
“ဒီလိုဆိုရင် စိုက်ပျိုးဖို့ လူတစ်ချို့ ငါတို့ခေါ်လိုက်မယ်။ ဒါပင်မယ့်. . .ငါတို့မှာ စိုက်ဖို့ပျိုးစေ့မရှိဘူးမလား?”
“ငါ့မှာပျိုးစေ့တွေ ရှိတယ်”
လင်းချင်းက ပြောသည်။
“ငါ့မှာ ဟင်းသီးဟင်းရွက်အများစုရဲ့ ပျိုးစေ့ရှိပင်မယ့် ဆန်နဲ့ဂျုံတော့ မရှိဘူး။ တချို့ပျိုးစေ့တွေ စုလိုက်ရင် ကောင်းမယ်လို့ မျှော်လင့်ပါတယ်”
“မြေဆီလွှာ ပြဿနာကို နင်ရှင်းနိုင်ရင် ငါတို့ကိုယ်ပိုင်စိုက်လို့ ရပြီ”
ယွမ်ထန်ရှင်းက ပြောသည်။
“စိုက်ပျိုးရေးပညာရှင်ကို မလိုတော့ဘူး။ သက်ဆိုင်တဲ့စာအုပ်တွေကို ဖတ်ဖို့နားလည်သ၍ ဘာလုပ်ရမလဲ သိမှာပါ”
သူမခေါင်းငြိမ့်သည်။
အစည်းအဝေးသည် နှစ်နာရီ သို့မဟုတ် သုံးနာရီလောက်ကြာကာ သူတို့သည် မြေပုံကို တစ်ချိန်လုံးကြည့်၍ ဆွေးနွေးနေကြသည်။
ပင်လယ်မြို့တော်စခန်းတွင် ဝူချန်းယွဲ့သည် အစည်းအဝေးခေါ်ကာ သာမန်လူများကို လာမည့်ဆောင်းတွင်းအတွက် အစာလိုချင်ပါက ဟန်ကျိုးမြို့က စခန်းသစ်ထဲတွင် အလုပ်များရနိုင်ကြောင်း ပြောလိုက်သည်။ မကြာခင်တွင် တူယွမ်ရှင်း၏ခုံသည် လူပြည့်လာတော့သည်။ နေ့တိုင်းတွင် အလုပ်လာလျှောက်သည့် လူတန်းကြီးက ပြည့်နေသည်။
သို့သော်လည်း ဝူချန်းယွဲ့သည် သဘာဝလွန်စွမ်းအားရှင် အဆင့်၂နှင့်အထက်ကို စခန်းသစ်တွင် အလုပ်လျှောက်ခွင့် မပြုပေ။ အဆင့်၂အထက် စွမ်းအားရှင်တို့သည် ဇွန်ဘီများကိုသတ်၍ အမြူတေမျေားကို သိမ်းနိုင်ကြသည့်သူများ ဖြစ်သောကြောင့် ဖြစ်သည်။
ဒါပင်မယ့် တချို့လူတို့သည် ဇွန်ဘီသတ်ရမည်ထက် အုတ်သာသယ်ချင်ကြသည်။ ဇွန်ဘီသတ်ရသည်က အရမ်းအန္တရာယ်များသည် သူတို့တွင် အခွင့်ရေးရှိနေချိန်မှာ ဘာဖြစ်လို့ အုတ်မသယ်နိုင်ရမည်နည်း?
ဝူချန်းယွဲ့သည် စခန်းသစ်သို့ ကားအပြည့်လူတို့ကို ပို့ရတော့သည်။ ဒီအချိန်တွင် သူကလည်း လူအချို့နှင့်အတူ ရိက္ခာရှာဖို့ ထွက်သွားသည်။ ဒီတစ်ခါတော့ သူသည် မုန့်ယွဲ့နှင့် ရှောင်ယွင့်လုံကို ခေါ်မသွားတော့ပေ။ ဝူယွဲ့လျန်၊ ရှောင်လီချန်းနှင့် တခြားအဆင့်၅ တပ်ဖွဲ့ခေါင်းဆောင်တို့ကိုသာ ခေါ်သွားသည်။
ထိုနေ့တုန်းက မုန့်ယွဲ့အား သူ့စိတ်ရင်းကို အမှန်တိုင်းပြောမိပြီးနောက် အလုပ်ချိန်တွင်တောင်မှ မုန့်ယွဲ့သည် သူ့အားရှောင်နေတော့သည်။ သူ့အား သတင်းပို့ဖို့ ဖိုင်တင်ပြဖို့ ဆိုတာမျိုးကအစ ရှောင်ယွင့်လုံကို ခိုင်းတော့သည်။
ဝူချန်းယွဲ့သည် သူမက ဘယ်လိုခံစားရမလဲကို သိသဖြင့် လုပ်စေချင်သလို လုပ်ခွင့်ပေးထားသည်။
အောက်တိုဘာလကုန်ပိုင်း ဖြစ်သောကြောင့် စိုက်ပျိုးရေးအလုပ်သည် ခနနားထားသဖြင့် စိုက်ပျိုးရေးဌာနက လုထန်ရိသည် အားလပ်ချိန်များနေသည်။ ဝူချန်းယွဲ့က စခန်းသစ်သို့စိုက်ပျိုးရေးအဖွဲ့တစ်ခု လွှတ်မည်ဆိုသည်ကို ကြားသည့်အခါ ဟိုကိုလိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။ ဒီတစ်ခါတော့ သူ့သူငယ်ချင်းကောင်းကြီး ကောင်းချင်းမင်းသည် သူ့အနောက်သို့ မလိုက်လာနိုင်တော့ပေ။ သူတာဝန်ယူထားရသည့် အလုပ်များက သူ့အားအရမ်း အလုပ်ရှုပ်နေအောင် လုပ်ထားနိုင်တာကြောင့် ဖြစ်သည်။
လုထန်ရိ၊ ဟွမ်ရှို့၊ ကျန်းရှောင်ညန်နှင့် တစ်ချို့လူများသည် ဒီအလုပ်သမားများနှင့် တရားဝင်ပူးပေါင်းခြင်းမျိုး မလုပ်သော်လည်း တာဝန်တစ်ခု လုပ်ခဲ့သည်။ သူတို့သည် စခန်းကနေ ထွက်လာသည်နှင့် စခန်းသစ်သို့ တန်းသွားကြသည်။ ခေါင်းဆောင်ဝူက စခန်းသစ်တွင် အဆင့်မြင့်စွမ်းအားရှင်များ အလုပ်လုပ်ခွင့်မရှိဟု တားမြစ်ထားသော်လည်း သွားလည်လို့ မရဘူးဟုမှ မပြောတာ
ဝူချန်းယွဲ့သည် ကားထဲတွင် ထိုင်နေချိန်တွင် တခြားတပ်သားက ကားမောင်းနေသည်။ ရှောင်လီချန်းသည် ရှေ့ခုံကနေ နောက်ကိုလှမ်းကြည့်ကာ ပြောသည်။
“လုမိန်းကလေးက စခန်းသစ်ကို ပြန်ရောက်နေပါပြီ။ ခေါင်းဆောင် အဲ့ဒီကို မသွားဘူးလား?”
ဝူချန်းယွဲ့၏ လူများသည် လင်းချင်းက ပင်လယ်မြို့တော်စခန်းကနေ ထွက်သွား၍ သိပ်မကြာခင်တွင် သတိထားမိကြသည်။ သူမမောင်းသွားသည့် ကားသည့် ဒီလောက် မျက်စိကျစရာ ဖြစ်နေမှတော့ မတွေ့ဘဲ ဘယ်နေမည်နည်း။
ဝူချန်းယွဲ့သည် ခေါင်းခါကာ ပြောသည်။
“အလျင်မလိုနဲ့ ငါတို့အရင် ကျားရှင်းက လေတပ်စခန်းကို အရင်ရှာရမယ်။ ငါတို့လိုချင်တာရမှ သူ့ဆီကို အလည်သွားပြီးတော့ စခန်းသစ်က ဆောက်လုပ်ရေး အခြေအနေကို ကြည့်ရမယ်။ အခုမသွားဘူး”
“ကျားရှင်းမှာ တကယ်ပဲ လေတပ်စခန်းရှိလို့လား?”
ရှောင်လီချန်းက မေးသည်။
ဝူချန်းယွဲ့က အပြုံးဖြင့် ပြန်တုန့်ပြန်သည်။
“ရှိတယ်။ ငါဒါကို စစ်ပြီးတာ ကြာပြီ။ အရင်က ဘယ်သူမှ မပြောတာက ယန်းချောင်းက ငါတို့နဲ့ လိုက်လာမှာမလို့”
ရှောင်လီချန်းက ခေါင်းပြန်လှည့်သွားသည်။
အစက ဝူချန်းယွဲ့သည် လုမိန်းကလေး၏ အကြောင်းတို့ကို သူ့အားမေးသည်။ အခု ဘယ်မှာရှိနေသလဲ သိသွားတော့ သွားမရှာတော့ပေ။ ခေါင်းဆောင်ဝူက ဘာတွေးနေသလဲ ဆိုသည်ကို နားမလည်နိုင်တော့ပေ။
ဝူချန်းယွဲ့သည်လည်း ထူးဆန်းနေသည်။ သူလက်ထပ်ချင်သည့်သူသည် လျန်လျန်ကို ပြန်ပေးဆွဲသွား၍ သူ့အားမုဒိန်းကျင့်ခဲ့သူ ဖြစ်နေသည်။ ဒါကိုတွေးမိလေလေ သူမပျော်မရွှင်ဖြစ်လာလေလေပင်။ သို့သော်လည်း သူ့စကားနှင့် ဆုံးဖြတ်ချက်တို့ကို ချပြီးသားဖြစ်သောကြောင့် နောင်တရချင်နေမိသည်။ သူမကို လက်ထပ်ဖို့ ကတိပေးထားမှတော့ သူကတိတည်ရမည်။
ရုတ်တရပ် သူမကို သူကလက်ထပ်ဖို့ ဆုံးဖြတ်ထားသည်ကို သိသွားပါက ဘယ်လိုမျက်နှာထားမျိုး ဖြစ်သွားမလဲကို သိချင်နေသည်။ ထို့အတူ ဇွန်ဘီမိန်းကလေး၏ စရိုက်သည် လုံးဝကို ပြောင်းလဲသွားသောကြောင့် သူအနည်းငယ် စိတ်ရှုပ်နေသည်။
မိတ်ကပ်မပါသည့်အခါ သူမ၏ မျက်နှာကို မမှတ်မိခဲ့ပေ။
‘အရင်က မိတ်ကပ်တွေ ဘယ်လောက်တောင် လိမ်းထားခဲ့လို့လဲ?’
ဝူချန်းယွဲ့သည် တွေးကြည့်သော်လည်း အရင်က လုထန်ယု၏ မျက်နှာသည် သူ့စိတ်ထဲတွင် ဝေဝေဝါးဝါးသား မှတ်မိသည်။ သူ့စိတ်ထဲသို့ ချက်ချင်းပေါ်လာသည်မှာ ဖရိုဖရဲဆံပင်ဖြင့် အမာရွတ်ပြည့်နေသည့်သူ သို့မဟုတ် ဦးထုပ်တစ်လုံးနှင့် နေကာမျက်မှန်ကြီးကို တပ်ထားသည့်သူ ဖြစ်ခဲ့သည့် သူမ၏ပုံရိပ်တို့သာ။ သူရှင်းရှင်းလင်းလင်းကြီးကို အသေအချာမှတ်မိနေသည်က သူ့ရင်ခွင်ထဲတွင် ရှိနေခဲ့သည့် နူးညံ့သည့် မျက်နှာလေး ဖြစ်သည်။
ဝူချန်းယွဲ့သည် ဇွန်ဘီလုထန်ယု၏ စရိုက်ကို မမုန်းပေ။ ချစ်သည့်အထိ မဟုတ်သော်လည်း စိတ်ဝင်စားနေသည်။
အခုအချိန်တွင် သူ့ဘေးတွင် ထိုင်နေသည့် ဝူယွဲ့လျန်သည် သူ့အကျီစကို လာဆွဲသည်။ ဝူချန်းယွဲ့က ငုံ့ကြည့်လိုက်သည့်အခါ သူမ၏ မြက်ပုစဉ်းရုပ်လေးကို မြင့်မြင့်မြှောက်ပြလျှက် သူ့အား မျက်လုံးကြီးကြီးလေးများဖြင့် ကြည့်နေသည်။
“ဘာဖြစ်လို့လဲ?”
ဝူယွဲ့လျန်သည် သူ့မျက်နှာအနားသို့ မြက်ပုစဉ်းရုပ်ကို ကပ်ပြသည်။ ထိုအခါ ဝူချန်းယွဲ့သည် ဒီမြက်ပုစဉ်းကို ခေါက်ထားသည်က ပြေကျနေသည်ကို သတိထားမိသည်။ အချို့သစ်ရွက်များက ပြုတ်ကျနေသဖြင့် ပုစဉ်းတွင် ခြေအပိုများရှိနေသလိုပင်။
သူသည် ယူကြည့်လိုက်ပြီးနောက် ဒီအရွက်များကို ပြန်ထည့်လိုက်သည်။ ခနကြာသည့်အခါ အရင်လိုအရုပ်မျိုးဖြစ်အောင် သူက မလုပ်တက်တာကို သိလိုက်ရတော့သည်။ ပြုတ်ကျနေသည့် အရွက်များကို ပြန်ထည့်ထားနိုင်သော်လည်း မြက်ပုစဉ်းသည် ထူးဆန်းသည့်အသွင် ဖြစ်နေဆဲပင်။
ဝူယွဲ့လျန်သည် သူမ၏အဖေ လက်ထဲက မြက်ပုစဉ်းကို ကြည့်၍ စိတ်ရှုပ်နေပုံရသည်။ ဝူချန်းယွဲ့က မြက်ပုစဉ်းရုပ်ကို အားစိုက်လုပ်ပေးပြီးနောက် သူမကို ပေးသည်။
ရလဒ်ကတော့ သူမသည် သဘောမကျစွာ တစ်ချက်သာကြည့်၍ သူ့လက်ထဲသို့ ပြန်ထည့်ပေးသည်။
“ဖေဖေက ဒါကိုဘယ်လို ပြင်ပေးရမလဲ မသိဘူး။ ဒီလိုပဲ ဖြစ်နေမှာ။ သူ့ကို သမီးနောက်တွေ့မှ အသစ်ထပ်လုပ်ခိုင်းလိုက်လေ။ ဘယ်လိုလဲ? သူ့ကိုပိုကြီးပြီး လှတာမျိုး လုပ်ခိုင်းကြမလား?”
ဝူချန်းယွဲ့သည် ကလေးမလေးအား ပြုံးကာ ချော့သည်။
ဝူယွဲ့လျန်သည် သူ့အားတစ်ချက်ကြည့်ကာ သူ့လက်ထဲက မြက်ပုစဉ်းကို တစ်ချက်ကြည့်သည်။ ခနတွေဝေနေပြီးနောက် သူမသည် လက်သေးသေးလေးဖြင့် ယူလိုက်သည်။