May Honey Logo May Honey
Previous Next

၃၆၇။ ထူးဆန်းသည့်နွယ်များ

လင်းချင်းနှင့် ဝူယွဲ့လျန်တို့သည် ဘေးကနေ ပြန်မထချင်သည့် နွယ်လေးကို ထိုင်ကြည့်နေကြသည်။

“နွယ်လေး နင့်ဆံပင်ကျတော့ ထိန်းနိုင်ပြီးတော့ ဘာဖြစ်လို့ ခြေထောက်ကို မထိန်းနိုင်တာလဲ?”   လင်းချင်းက နားမလည်စွာ မေးသည်။

နွယ်လေးသည် မြေပြင်ပေါ်တွင် သူ့ခေါင်းပေါ်က နွယ်မျှင်လေးများကို လှုပ်စေကာ လင်းချင်း၏လက်ပေါ်ကို လာတင်၍ အမြစ်ခြေထောက်များကိုတော့ တစ်ဖက်တွင်ချထားသည်။   ‘နွယ်လေးခြေထောက်တွေက အမြစ်တွေ . . .အမြစ်. . .မြေကြီးထဲမှာပဲ အမြဲတမ်းနေပြီးတော့ မလှုပ်ဖူးဘူး. . .’

လင်းချင်းသည် ဝူယွဲ့လျန်ကို တစ်ချက်ကြည့်ကာ လင်းချင်းအား   “အသေးလေးတောင် နင့်ထက် ပိုမြန်အောင် ပြေးနိုင်တယ်။ ထတော့ မြန်မြန်”

နွယ်လေးသည် မြေပြင်တွင် ဟိုဟိုဒီဒီလှိမ့်နေရင်း သူ့ခေါင်းပေါ်က နွယ်မျှင်လေးများဖြင့် တစ်ကိုယ်လုံးကို ပြန်မတ်မတ်ထဖို့ လုပ်နေသည်။ 

နွယ်လေးက ခက်ခဲနေသည်ကို မြင်သည့်အခါ ဝူယွဲ့လျန်က သွားကူညီချင်သော်လည်း လင်းချင်းက ခွင့်မပြုပေ။
“မသွားနဲ့။ နင့်အပေါ်ကို လဲကျနိုင်တယ်။ သူက အလေးကြီးပဲ။ နင့်ကို ထိခိုက်သွားတာတောင် ဖြစ်နိုင်တယ်”

ဝူယွဲ့လျန်သည် နွယ်လေးကို တွေဝေစွာကြည့်ကာ လင်းချင်းကို တစ်ချက်ကြည့်ပြီး အခက်တွေ့သွားပုံရသည်။ 

ထိုအချိန်တွင် နွယ်လေးသည် အတော်ငြိမ်ငြိမ်ရပ်နိုင်ပြီဖြစ်သော်လည်း လမ်းတော့ မလျှောက်နိုင်သေးပေ။

“အရင်ဆုံး ခြေတစ်ဖက်ကိုမြှောက်ပြီး လှမ်းလိုက်။ နောက်တစ်ဖက်ကိုပါရွေ့ပြီး ငြိမ်အောင်ထိန်း။ စိတ်ရှည်ရှည်ထား။ ဖြည်းဖြည်း. . .ဒုတိယခြေ. . .တတိယခြေ. . .ဟုတ်တယ် ဒီလိုမျိုးပဲ. . .ဖြည်းဖြည်းလျှောက်. . .”

လင်းချင်းသည် တစ်နာရီလုံးကို နွယ်လေးအား ဘယ်လိုလျှောက်ရမလဲ သင်ပေးလိုက်ရသည်။ ထို့နောက်တွင်တော့ ဖြည်းဖြည်းချင်း လျှောက်တက်သွားပါသည်။ သို့သော်လည်း မပြေးတက်သေးပေ။ ပြေးဖို့ကြိုးစားသည်နှင့် ခြေထောက်၆ဖက်သည် အချင်းချင်းထုံးသွားကာ လဲကျတော့သည်။

နယ်မြေလေးထဲတွင် ရှန်ယုကျန်းသည် အပေါက်ဝတွင်ပုန်းနေရင်းက လင်းချင်းက နွယ်လေးကို လမ်းလျှောက်သင်ပေးနေသည်ကို သိချင်စွာဖြင့် ခေါင်းပြူကြည့်နေသည်။ သူမသည် အရမ်းကိုထွက်လာကြည့်ချင်သော်လည်း နွယ်လေး၏ အရှိန်အဝါကို ကြောက်ရွံ့သည်။ ထို့ကြောင့် ဒီမှာသာ ပုန်း၍ ကြည့်နေရုံအပြင် တခြားမရှိပေ။

နယ်မြေလေးထဲတွင် ဘာဖြစ်လို့ မင်းသမီးလေး ဝူယွဲ့လျန်က ရှိနေသလဲကို အရမ်းလည်း သိချင်နေသည်။ ဝူယွဲ့လျန်က နွယ်လေး၏အနားတွင် ပတ်ပြေးနေရင်း မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ရှိနေသည်ကို မြင်သည့်အခါ ပိုထူးဆန်းနေရတော့သည်။

‘ဝူယွဲ့လျန်က အော်တဇင်ကလေးမလား? အခုကျတော့ တခြားကလေးတွေလိုပဲ ပျော်ပျော်ကြီး ဆော့နေတာလား?’

ဝူယွဲ့လျန်က သူ့အဖေဖြစ်သူသည် သူမကို နယ်မြေထဲအထိ လာခေါ်လိမ့်မည်ဟု ပြောပြထားသဖြင့် နွယ်လေးသည် လင်းချင်းထံမှ လမ်းလျှောက်သင်ရင်း မျှော်နေသည်။ နွယ်လေးသည် လင်းချင်းထံမှတစ်ဆင့် အပြင်က အရှိန်အဝါ၊ အနံ့နှင့် အသံများကို အာရုံခံနိုင်နေပြီ ဖြစ်သည်။ အာရုံခံနိုင်စွမ်းသည် မီတာတစ်ရာပတ်လည်ဖြစ်သည်။

အပြင်ကမ္ဘာကို ထွက်မကြည့်သေးသော်လည်း ကောင်းသည့်အရှိန်အဝါနှင့် မကောင်းသည့်အရှိန်အဝါကိုတော့ ခွဲတက်နေပြီ။ လင်းချင်းကို နယ်မြေထဲကနေ မထွက်နိုင်ဘူးဟု ပြောထားခြင်းသည် လိမ်ထားခြင်း မဟုတ်သော်လည်း ထုတ်မပြောတာ တစ်ခုတော့ရှိသည်။ ခန္ဓာကိုယ်က အပြင်ကို မထွက်နိုင်သော်လည်း နွယ်များကတော့ ခိုးထွက်နိုင်သည်။ ဒီလိုလုပ်ဖို့ဆိုလျှင် လင်းချင်း၏ကိုယ်ဖြင့် ထိထားဖို့တော့ လိုအပ်သည်။

အခုအချိန်တွင် ယွမ်ထန်ရှင်းတို့သည် ဘယ်ကမှန်းမသိ ထူးဆန်းစွာ ထွက်လာသည့် ရှည်လျားသည့် ကျောက်စိမ်းဖြူရောင်နွယ်များကို ဧည့်ခန်းထဲကနေ စိုက်ကြည့်နေကြသည်။ ဒီနွယ်များသည် ဧည့်ခန်းထဲတစ်ခုလုံးနီးပါးကို မြွေလိုတွန့်လိမ်၍  လျှောက်သွားနေသော်လည်း သူတို့ကို တိုက်ခိုက်မည့်ပုံတော့ မပေါ်ပေ။ ဒီနွယ်များကို တစ်ချို့က ကြည့်ရတာ ရင်းနှီးလို့နေသည်။

“ဘယ်ကနေ. . .ဒါတွေ ရောက်လာတာလဲ?”

ဆိုဖာပေါ်တွင် ထိုင်နေကြသည့်သူများသည် ဧည့်ခန်းထဲက အရာများကို ဒီနွယ်က လိုက်ထိကြည့်နေသည်ကို ကြည့်နေကြသည်။ ထို့နောက် နွယ်တို့က သူတို့ထံသို့ ရောက်လာသည်။ 

ထိုအချိန်တွင်ပဲ တံခါးကို တစ်ယောက်က တွန်းဖွင့်လာသည်။ ရှင်းလော့သည် စိတ်လှုပ်ရှားစွာဖြင့်   “သတင်းပြောစရာရှိ. . .ဟမ်? ဒါတွေက ဘာတွေလဲ?”

ယွမ်ထန်ရှင်းသည် ခေါင်းကိုခါကာ   “ငါလည်းမသိဘူး။ ငါတို့ကို မတိုက်သေးဘူး။ ဘာလိုချင်လဲ ကြည့်နေတာ။ မကောင်းတဲ့ရည်ရွယ်ချက်တော့ ရှိပုံမရပါဘူး”

လင်းဝမ်ဝမ်က ရှင်းလော့ကို တစ်ချက်ကြည့်ကာ ကျောက်စိမ်းဖြူနွယ်များကို ပြန်စိုက်ကြည့်နေရင်း   “ဟိုမှာ ဘယ်လိုလဲ? ယန်းချောင်း သေပြီလား?”

ရှင်းလော့သည် ဆိုဖာနားသို့ သတိထားကာ လျှောက်လာသည်။ ထိုနွယ်များက သူ့ထံသို့ ရုတ်တရပ်ရောက်လာသဖြင့် မလှုပ်ရဲတော့ပဲ နွယ်များကို ကြည့်နေရင်းက လင်းဝမ်ဝမ်၏ မေးခွန်းကို ဖြေသည်။   “သေပြီ။ ကြားတာတော့ ရုပ်ဆိုးတဲ့မကောင်းဆိုးဝါးမျိုး ဖြစ်သွားတယ်တဲ့။ ပြီးတော့ ခေါင်းဆောင်ဝူရဲ့ မိုးကြိုးတောင်မှ သူ့ကိုထိခိုက်အောင်လုပ်မရဘူး။ နောက်ဆုံး ဒီစခန်းက တခြားခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်ရှောင်တို့ပါ ပေါင်းပြီးသတ်လိုက်ရတယ်”

ဒီလိုပြောပြီးနောက် လင်းဝမ်ဝမ်၏ ဆံပင်တိုကို စပ်စုစွာ သေချာကြည့်နေသည်။ သူမကို ဆံပင်ရှည်ဖြင့်သာ မြင်ရသည်က အသားကျနေသောကြောင့်ပင်။ သို့သော်လည်း ဒါနှင့်ပတ်သက်၍ ဘာမှတော့ မပြောပေ။

တခြားသူများသည်လည်း နွယ်များကို ကြည့်နေရင်းက ရှင်းလော့အား    “သူပုံစံပြောင်းသွားတာလား?”

နွယ်လေးသည် အခန်းထဲက ပစ္စည်းတိုင်းကို လိုက်ထိကြည့်ပြီးနောက် နွယ်များကို ပြန်ဆုတ်သွားသည်။ သိပ်မကြာခင်တွင် ယွမ်ထန်ရှင်းတို့ မျက်စိရှေ့မှောက်ကနေ နွယ်တို့က ပျောက်ကွယ်သွားတော့သည်။ 

နွယ်များက တဖြည်းဖြည်းချင်းဖြင့် ပျောက်နေရာမှ လုံးဝမရှိတော့မှသာ လူတို့သည် သက်ပြင်းချနိုင်ကြသည်။ တူယွမ်ရှင်းက
“သွားပြီလား?”

“ဒီလိုထင်တာပဲ”   တစ်ယောက်က ဖြေသည်။

တူယွမ်ရှင်းသည် ခနတွေးပြီးနောက် မသေချာစွာဖြင့်   “ဒါက လုမိန်းကလေးရဲ့ နယ်မြေထဲက နွယ်ပင်လို့ ငါထင်တယ်”

ထိုအခါ လုံချင်းယင်သည်လည်း နွယ်လေးကို ပြန်တွေးမိသွားသည်။ ယွမ်ထန်ရှင်းတို့က မတွေ့ဖူးသဖြင့် တူယွမ်ရှင်းကို သိချင်စွာဖြင့် ကြည့်ကြသည်။ 

ရှင်းလော့က ပတ်ဝန်းကျင်ကို သတိဖြင့်ကြည့်သည်။ မရှိတော့တာ သေချာမှသာ သက်ပြင်းချရဲသည်။ ထို့နောက် တခြားသူများအား
“ယန်းချောင်းက ဇွန်ဘီပိုးနဲ့ ပတ်သက်တဲ့ လျို့ဝှက်စမ်းသပ်မှုတစ်ခုကို လုပ်ခဲ့ပြီးတော့ စခန်းက လူသားတွေကိုပါ စမ်းသပ်ခံလုပ်ခဲ့တယ်လို့ ကြားတယ်။အရင်လတွေတုန်းက စခန်းကနေ လူရာကျော်ပျောက်သွားတာက ယန်းချောင်းက ဖမ်းသွားတာ။ အခုတော့ အကုန်လုံးကို ပြန်တွေ့ကြပြီ”

ယွမ်ထန်ရှင်းတို့သည် သူ့အား အံ့သြစွာ ကြည့်ကြသည်။   “လူသားတွေနဲ့ စမ်းသပ်မှုလုပ်တယ်? ဘယ်လိုစမ်းသပ်မှုလဲ? မကောင်းတာ တစ်ခုခုပဲ ဖြစ်ရမယ်။ အဲ့ဒါကြောင့် လူတွေကို ခိုးဖမ်းသွားတာ’   လင်းဝမ်ဝမ်က ဒေါသတကြီး ပြောသည်။

ရှင်းလော့က ခေါင်းငြိမ့်ကာ   “ဟုတ်တယ်။ ဇွန်ဘီသွေးကနေ ဇွန်ဘီပိုးကို ပြုပြင်စစ်ထုတ်ပြီးတော့ လူ့ကိုယ်ထဲကို ထိုးထည့်တာ။ သာမန်လူဆိုရင် ဆေးထိုးခံရတာနဲ့ ချက်ချင်းသေမယ်။ စွမ်းအားရှင်တွေကတော့ ပိုးကို ဖိနှိပ်ထားနိုင်မယ်”

ယွမ်ထန်ရှင်းက မျက်မှောင်ကျုံ့ကာ မေးသည်။   “ဘာဖြစ်လို့ စစ်ထားတဲ့ပိုးကို လူ့ကိုယ်ထဲကို သွင်းတာလဲ?”

“ငါ့အထင်တော့ စွမ်းအားတစ်ချို့ကို ရဖို့ဖြစ်မယ်”   ရှင်းလော့က ပြောသည်။   “နောက်ဆုံး သူမကောင်းဆိုးဝါးဖြစ်သွားတယ်။ မိုးကြိုးပစ်တာကို ကြောက်ဖို့မလိုတဲ့အထိပဲ။ ပြီးတော့လည်း ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုလောက်ပဲ အထိနာတော့တာ”

လင်းဝမ်ဝမ်က တွေးကာ ပြောသည်။   “ဒါဆိုရင် လူတွေက သူ့ကိုလက်နက် ဒါမှမဟုတ် ဗုံးနဲ့ပဲ သတ်လို့ရတာလား?”

ရှင်းလော့က ခေါင်းငြိမ့်ကာ   “အမှန်ပဲ။ ဗုံးက တကယ့်ကို ထိခိုက်စေနိုင်တယ်။ ဒါပင်မယ့်လည်း သူကအရမ်းမြန်လွန်းတယ်။ မပေါက်ခင် ရှောင်သွားနိုင်မှာကိုပဲ စိုးရိမ်ရမှာ. နောက်ဆုံးတော့ ဒုခေါင်းဆောင်ရှောင်က သူ့ခေါင်းထဲကို သံချွန်နဲ့ထိုးပြီး သတ်နိုင်ခဲ့တယ်”

ယွမ်ထန်ရှင်းသည် လုမိန်းကလေးပြောခဲ့သည့် အဆင့်၇မိတ်ဆွေကို သတိရသွားကာ မေးသည်။   “သူ့မိတ်ဆွေရော? ဒီလူက ဘယ်သူလဲ?”

ရှင်းလော့သည် သူ့ကိုကြည့်ကာ ဖြေသည်။   “အဆင့်၇ သတ္တူစွမ်းအားရှင်လို့ ကြားတယ်။ ဒါပင်မယ့် ယန်းချောင်းက အခြေအနေ မကောင်းတော့တာကို မြင်တာနဲ့ ထွက်ပြေးသွားတယ်”

“ထွက်ပြေးတယ်?”   တခြားသူများသည် အံ့သြသွားကြသည်။  
Previous Chapter 367 of 410 Next