May Honey Logo May Honey
Previous Next

၂၁၇။ ကလေးမလေးကို ကယ်ခြင်း

ဇွန်ဘီမငယ်သည် ထပ်မငိုတော့ဘဲ မျက်နှာကို ဒူးနှစ်ဖက်ကြားအပ်၍ ဒူးကိုဖက်ထားရင်း အလွန်တရာဝမ်းနည်းနေသည့်ပုံဖြင့် ထိုင်နေသည်။

လင်းချင်းသည် အတော်ထူးဆန်းသလို ခံစားရသည်။ မျက်လုံးဖွင့်၍ ကလေးမလေးကို ကြည့်သည့်အခါ မျက်နှာတွင် ခြစ်ရာအချို့ကလွဲ၍ အခြားထိခိုက်ဒဏ်ရာမရှိပေ။   ‘ထူးဆန်းလိုက်တာ ဇွန်ဘီက ကလေးမလေးကို ထိခိုက်အောင် လုပ်ချင်ပုံမရဘူး။ ဒါပင်မယ့် ဘာဖြစ်လို့ ကလေးမလေးက သူနဲ့အတူရှိနေတာလဲ? ကလေးမလေးကို ငါခေါ်ထားလိုက်တာနဲ့ ဘာဖြစ်လို့ ရတနာအခိုးခံရတဲ့သူလို ဇွန်ဘီကလုပ်နေတာလဲ? ကလေးလိုပဲ’

ထို့အပြင် လင်းချင်းသည် ဇွန်ဘီမငယ်ထံမှ မကောင်းသည့် ရည်ရွယ်ချက်ကို မထောက်လှမ်းမိပေ။ ကလေးမလေးကို ခိုးခံလိုက်ရတာတောင် စိတ်ဆိုးခြင်းမရှိဘဲ ငိုနေရုံသာ လုပ်နေတာ ဖြစ်သည်။

လင်းချင်းသည် ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားသည်။ ဇွန်ဘီတွေမှာ လူသားဆန်မှု ရှိမည်ဟု မထင်ခဲ့သော်လည်း သူမသည် ရှဲ့တုန်း၊ ကျွင်းကျွင်းနှင့် ချူးလီလီတို့ဖြင့် တွေ့ဆုံရသည့်နောက် ယုံကြည်လာသည်။   ‘အပြင်က ဇွန်ဘီက ချူးလီလီလို အခြေအနေမျိုး ဖြစ်မယ်’

သူမသည် ကုတင်ဘေးမှာ ထိုင်တွေးနေတုန်း ကလေးမလေးက မျက်လုံးဖွင့်လာသည်။ လင်းချင်းသည် လှည့်ကြည့်သည့်အခါ ကလေးမလေးက သူမအား စိတ်ရှုပ်သည့် မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်နေသည်။

ကလေးမလေးသည် သူမကို ခနကြည့်ပြီးနောက် စိတ်ရှုပ်မှုက ကြောက်လန့်ခြင်း ဖြစ်သွားသည်။ ကလေးမလေးသည် မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ ချက်ချင်းပဲ ထထိုင်၍ နောက်သို့ရွေ့သွားသည်။

ကလေးမလေးက ဒီလိုဖြစ်သည့်အခါ လင်းချင်းသည် ကုတင်ပေါ်က ပြုတ်ကျမည်ကို စိုးရိမ်၍ ပုခုံးကို လက်ဖြင့်ဆွဲထားလိုက်သည်။ ကလေးမလေး၏ ကြောက်လန့်ခြင်းကို အာရုံခံမိမှ လင်းချင်းသည် သူမကို မမှတ်မိကြောင်းကို သိလိုက်သည်။ ဒါသည်ဖြစ်သင့်သည်။ အခုဆိုလျှင် သူမသည် ဦးထုပ်နှင့် မျက်မှန်တပ်ထားကာ မျက်နှာက အမာရွတ်များသည်လည်း ပျောက်သွားပြီ။

ပုခုံးကို အကိုင်ခံရသည့်အခါ ကလေးမလေးသည် ကြောက်ရွံ့တုန်လာသည်။ သူမသည် ကားကပြောင်းပြန်လန်သွား၍ မှောက်သွားခြင်းကို မှတ်မိနေသေးသဖြင့် အခုအရမ်းကို သက်သောင့်သက်သာ ဖြစ်မနေတော့ပေ။

လင်းချင်းသည် ကလေးမလေး၏ ခြေထောက်ပေါ် လက်တင်လိုက်သည့်အခါ တစ်ကိုယ်လုံးက တောင့်ပြီး တုန်နေသည်ကို သိလိုက်ရသည်။ ပြင်းထန်သည့် ကြောက်လန့်မှုကို လင်းချင်းသည် ကလေးမလေး၏ ခြေထောက်မှတစ်ဆင့် သိလိုက်ရသည်။

ကလေးမလေးသည် မငိုသော်လည်း ဒူးများကို ကွေးလာကာ ခေါင်းကိုအပ်လိုက်သည်။ လင်းချင်းသည် ပထမဆုံးအကြိမ် ကယ်တုန်းကလိုမျိုး ဖြစ်နေတာ ဖြစ်သည်။ ကလေးမလေးသည် စိတ်ထိခိုက်လုနီးပါး ဖြစ်နေသည်။

လင်းချင်းက ဘာမှမလုပ်ရဲတော့ပေ။ ကလေးမလေးက ကုတင်ပေါ်က ဆင်းဖို့မလုပ်သည်မှာ သေချာတော့မှ လင်းချင်းသည် လက်ကိုဖယ်လိုက်သည်။ ကလေးမလေး၏ခေါင်းကို ပုတ်ပေးချင်သော်လည်း ပိုကြောက်သွားမှာကို စိုးရိမ်ရသည်။ သူမသည် ခနတွေးပြီးနောက် မီးခိုးရောင်ယုန်ကို သတိရသွားသည်။ ထို့ကြောင့် ချက်ချင်းထကာ စတော်ဘယ်ရီခင်းနားက မြက်ခင်းထဲသို့ အမြန်ပြေးသည်။

ဟိုလူစုသည် ရေအမြန်ချိုးပြီး၍ ဘောင်းဘီဝတ်ပြီးနေကြပြီ။ သို့သော်လည်း အကျီကို သဘတ်အဖြစ်သုတ်ထားသောကြောင့် စိုနေသဖြင့် အပေါ်ပိုင်းကို မဝတ်ရသေးပေ။ ရေချိုးပြီးမှ ညစ်ပတ်နေသည့်လူစုသည် သန့်ပြန့်သွားကြသည်။

လင်းချင်းသည် စတော်ဘယ်ရီသီးခင်းနားကိုပြေးကာ တစ်ခုခုရှာနေသည်ကို သူတို့မြင်လိုက်ရသည်။ လုထန်ရိနှင့်အခြားသူများသည် ဝူယွဲ့လင်းနားသို့ သွားကြည့်လေရာ သူတို့စခန်းမှ မင်းသမီးလေးဖြစ်ကြောင်း သေချာသွားသည်။ စခန်းခေါင်းဆောင် သုံးယောက်အနက် ဝူချန်းယွဲ့မှာသာ သမီးလေးတစ်ယောက်ရှိသည်။ ထို့ကြောင့် ဝူယွဲ့လင်းသည် သူတို့စခန်း၏ မင်းသမီးလေး ဖြစ်လာသည်။

“သူက တကယ့်ကို ငါတို့မင်းသမီးလေးပဲ။ ဒါပင်မယ့် ဘယ်လိုဖြစ်လို့”   လုထန်ရိသည် ဝူယွဲ့လင်းကို ကြည့်ကာ စိတ်ရှုပ်နေသည်။ သူသည် လင်းချင်းကို ခေါင်းထောင်ကြည့်သည့်အခါ သူမက မြက်တောထဲတွင် တစ်ခုခုကို ရှာနေပုံရသည်။   “ဘာလုပ်နေတာလဲ?”

ကောင်းချင်းမင်းသည် လင်းချင်းကို ကြည့်ပြီးနောက် ခနကြာမှဖြေသည်။
“ငါ့အထင် ယုန်ကိုရှာနေတာ ဖြစ်မယ်။ ခုနက မီးခိုးရောင်ယုန်ကို ငါတို့မြင်တယ်မလား?”

လုထန်ရိသည် စိတ်ရှုပ်နေဆဲပင်။ သူသည် ကောင်းချင်းမင်းကို ကြည့်ကာမေးသည်။   “ယုန်လား? ဘာဖြစ်လို့ ယုန်ကိုရှာနေတာလဲ?”

ကောင်းချင်းမင်းသည် ပုခုံးကိုတွန့်ကာ ဖြေသည်။   “ငါလည်းဘယ်သိမလဲ။ ဒီတိုင်းမှန်းကြည့်တာ”

ရှဲ့တုန်းသည် အနားသို့လာသည်။ လင်းချင်းသည် ယုန်ရှာခြင်းမှာ မင်းသမီးလေးနှင့် သိသောကြောင့် ဖြစ်ကြောင်းကို သူသိသည်။ ကလေးမလေးသည် လင်းချင်းကို မမှတ်မိနိုင်ကြောင်းကိုလည်း သူနားလည်သည်။ လင်းချင်း၏ ရုပ်ရည်က သိသိသာသာကို ပြောင်းလဲသွားသောကြောင့်ပင်။ ကြောက်လန့်နေသည့် ကလေးမလေး ဝူယွဲ့လင်းကိုကြည့်ကာ အပြင်တွင် ဘာဖြစ်ခဲ့သလဲကို သူတွေးကြည့်နေမိသည်။

မကြာခင်တွင် လင်းချင်းသည် မီးခိုးရောင်ယုန်ဖြင့် ပြန်လာသည့်အခါ လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် အံ့သြသွားကြသည်။ ကောင်းချင်းမင်း မှန်းသည်က မှန်သည်။ လင်းချင်းက တကယ့်ကိုယုန်သွားရှာတာပင်။

လင်းချင်းသည် ယုန်ဖြင့် ကုတင်ဆီသို့ ပြန်လာသည့်အခါ လူတစ်စုက ကုတင်နားကနေ သူမကို စပ်စုစွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ရှဲ့တုန်းနှင့် လင်းချင်းတို့သည် အချင်းချင်း ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က နားလည်မှုရစဉ် အခြားသူများက စိတ်ရှုပ်ဆဲပင်။

လင်းချင်းသည် အနားသို့သွားကာ ကုတင်ပေါ်တွင် မထိုင်တော့ဘဲ ယုန်ကို ကုတင်ပေါ်သို့ ညင်သာစွာ တင်ပေးလိုက်ကာ နောက်သို့နှစ်လှမ်းဆုတ်နေလိုက်သည်။ ယုန်သည် လူများကို မှတ်မိနေသည်။ ပထမတော့ ကုတင်ပေါ်ကနေ အမွေးပွလုံးလို လှိမ့်ဆင်းဖို့ လုပ်သော်လည်း နှာခေါင်းရှုံ့ကာ အနံ့ခံပြီးနောက် ဝူယွဲ့လင်းဆီသို့ တိုးသွားသည်။

“ဟင်? မပြေးဘူးလား? ဘာဖြစ်လို့ ကလေးနားကို ကပ်နေတာလဲ?”   ဟွမ်ရှို့သည် ကလေးနားသို့ ယုန်မှာကပ်သွားသည်နှင့် အသံတိုးတိုးဖြင့်ပြောသည်။

လုထန်ရိတို့သည် အဖြေမသိသဖြင့် လင်းချင်းကို တစ်ချက်ကြည့်လိုက်သည်။ အစက ယုန်သည် သူတိုကိုမြင်တုန်းက မြက်ခင်းထဲသို့ ချက်ချင်းဝင်ပြေးသွားသည်။ ဆိုလိုသည်မှာ လူများကို ကြောက်သည်။ အခုတော့ မင်းသမီးလေးနားသို့ ကပ်သွားနေသည်က ထူးဆန်းသည်။   ‘မင်းသမီးလေးကို မကြောက်ဖူးလား? ကလေးဖြစ်နေလို့လား?’

ယုန်သည် ဝူယွဲ့လင်းနားသို့ ကပ်သွားမှ လင်းချင်းသည် သက်ပြင်းချနိုင်သည်။ ထိုအချိန်တွင် လူစုသည် အနားကပ်ဖို့ မလုပ်ပေ။ သူတို့အကုန်လုံးသည်လည်း အနားသို့ကပ်ပါက ကလေးက ပိုကြောက်မည်ကို နားလည်ကြသည်။ ကလေးသည် အခုအရမ်းကြောက်နေပုံရသဖြင့် သူတို့က သူမကို မေ့သွားအောင် ထပ်မလုပ်သင့်ပေ။

မီးခိုးရောင်ယုန်သည် ကလေးမလေးနားသို့ ခုန်ဆွခုန်ဆွဖြင့် သွားသည်။ ယုန်သည် စိတ်ခံစားချက်များကို မသိသော်လည်း ကလေးမလေး၏အနံ့ကိုတော့ သိသည်။ ထို့ကြောင့် သူ့ခေါင်းလေးဖြင့် ကလေးမလေး၏ ဒူးခေါင်းကို တိုးဝှေ့လိုက်သည်။

ကလေးမလေးသည် သူမ၏ခြေထောက်ကို အမွေးလုံးတစ်ခုက လာတိုးနေသည့်အခါ ကြောက်သွားပြန်သည်။ ယုန်သည် ခေါင်းဖြင့် သူမခြေထောက်ကို တိုးနေလေရာ အနည်းငယ်ယားယံစေသည်။ သို့သော်လည်း မလှုပ်ရဲသေးဘဲ ကိုယ်ကပို၍တောင့်သွားသည်။ ယုန်ကတော့ သူမဆီမှ တုန့်ပြန်ခြင်းကို မရသည့်အခါ ခြေထောက်ပေါ်သို့ ခုန်တက်၍ ထိုင်နေတော့သည်။

လူစုသည် ဘာပြောရမှန်းကို မသိပေ။ လင်းချင်းက စိတ်မပူတော့ဘဲ စတော်ဘယ်ရီခင်းသို့သွားကာ မှည့်နေသည်များကိုခူး၍ ရေဆေးကာ ကုတင်နားသို့ ပြန်လာသည်။

ခနကြာမှ ကလေးမလေးသည် တဖြည်းဖြည်းငြိမ်သွားကာ ခြေထောက်ပေါ်က အမွေးလုံးကြောင့် အာရုံပြောင်းသွားပြီး သိပ်မကြောက်တော့ပေ။ သူမသည် ခေါင်းကိုဖြည်းဖြည်းချင်း မော့ကြည့်သည့်အခါ မီးခိုးရောင်အမွေးလုံးကို မြင်လိုက်ရသည်။

‘ဟင်? ဒီအမွေးလုံးက ရင်းနှီးနေသလိုပဲ’
ဤသို့ဖြင့် ဝူယွဲ့လင်းသည် ကြောက်နေသည်ကို ရုတ်တရက်မေ့သွားကာ ခြေထောက်ပေါ်က အမွေးလုံးကိုသာ ခိုးကြည့်၍ စူးစမ်းနေတော့သည်။

Previous Chapter 217 of 410 Next