၂၄၆။ စိတ်ပူစွာစောင့်နေရခြင်း
နွယ်လေးသည် လင်းရှောင်လုအား ကန်ထဲသို့ ခေါ်သွားသည်။ ရေသည် တစ်မီတာလောက် နက်လာသည်နှင့် သူမအား ပိုများသည့်နွယ်တို့က တဖြည်းဖြည်းရစ်ပတ်လာသည်။ ထို့နောက်မှ လင်းချင်းနှင့် လင်းဖန်တို့ရှေ့တွင် ရေအောက်ထဲသို့ ခေါ်သွားသည်။
လင်းချင်းသည် လင်းဖန်၏ လက်သီးဆုပ်ထားခြင်းကိုကြည့်ကာ ဆိတ်ဆိတ်နေသည်။ လင်းရှောင်လုအား နွယ်လေးက ရေကန်အောက်ခြေသို့ ခေါ်သွားခြင်းကို သူမအာရုံခံနေလိုက်တော့သည်။ လင်းရှောင်လု၏ ကိုယ်ထဲမှ စွမ်းအားကို သေချာအာရုံမခံမိသော်လည်း ရေထဲရောက်သွားပြီးနောက် စက္ကန့်အချို့အကြာတွင် ငြိမ်စပြုလာသည်ကိုတော့ သူမခံစားမိသည်။
ထိုအချိန်တွင် သူမနှင့် လင်းဖန်တို့သည် ခွဲစိတ်ခန်းရှေ့တွင် ရပ်စောင့်နေကြသည့် မိသားစုဝင်များလို ဖြစ်နေသည်။ သူတို့စိတ်ထဲတွင် မျှော်လင့်ချက်ဖြင့် ပူပန်နေကြကာ စိုးရိမ်ရုံမှတပါး ဘာမှမလုပ်နိုင်ပေ။ သို့သော်လည်း လင်းချင်းသည် ကန်အောက်ခြေကို အာရုံခံရနေသဖြင့် လင်းဖန်လောက်တော့ စိုးရိမ်မနေပေ။
လင်းဖန်ကတော့ အိုးပူကြီးတစ်လုံးလို ဖြစ်နေကာ ကြောက်လန့်ခြင်းကို မနည်းထိန်းနေရသည်။ လင်းချင်းသည် သူဒီလောက်စိုးရိမ်နေသည်ကို ဒီတိုင်းကြည့်မနေနိုင်တော့သဖြင့်
“ရှောင်လုရဲ့ စွမ်းအင်တွေက ကန်ထဲကိုရောက်တော့ ငြိမ်နေပြီ။ နွယ်လေးက ဘာလုပ်ရမလဲ သိပါတယ်။ ရှောင်လုက အဆင်ပြေမှာမလို့ စိတ်ပူမနေနဲ့”
လင်းဖန်သည် လင်းချင်းကို မော့ကြည့်သည်။ သူမ၏စကားများကြားမှ သူစိတ်နည်းနည်း သက်သာရာရကာ သက်ပြင်းချသည်။ ထို့နောက် လင်းချင်းက သူ့စိုးရိမ်စိတ်များကို ဖြေပေးသည်ကို သတိထားမိသွားကာ သူမ၏မျက်ဝန်းနက်များကို ကျေးဇူးကြီးစွာစိုက်ကြည့်ရင်း “ကျေးဇူးတင်ပါတယ်”
လင်းချင်းက ခေါင်းငြိမ့်ပြကာ မျက်လုံးမှိတ်လိုက်သည်။ ထို့နောက် သူမသည် မျက်လုံးပြန်ဖွင့်ကာ “ရှောင်လုအခြေအနေက အခုငြိမ်သွားပါပြီ။ နွယ်လေးက သူ့ဆီက စွမ်းအားအပိုတွေကို စစ်ထုတ်ပေးနေပြီးတော့ အမြူတေဖြစ်လာအောင် နှိုးပေးနေတယ်။ အဲ့ဒါကြောင့် နည်းနည်းကြာလိမ့်မယ်။ စိတ်ရှည်ရှည်နဲ့ စောင့်ဖို့လိုမယ်”
လင်းဖန်သည် နားလည်စွာဖြင့် ခေါင်းငြိမ့်ကာ “ကန်အောက်ခြေကဟာတွေကို အာရုံခံနိုင်တယ်လား?”
“နည်းနည်းပါ။ ဒါပင်မယ့် သေချာတော့ မဟုတ်ဘူး” လင်းချင်းက ပြောသည်။
လင်းဖန်သည် သူမကိုကြည့်ကာ ဘာမှမပြောသော်လည်း ကန်ဘက်ကိုသာ လှည့်ကြည့်နေသ်။ သူစိတ်ရှည်ဖို့ နားလည်သော်လည်း နှစ်နာရီကြာသည့်အခါ ထပ်၍စိုးရိမ်လာပြန်သည်။ လင်းချင်းကို ခနခနကြည့်ကာ ဘာဖြစ်သလဲ မေးသည်။ လင်းချင်းက ရှင်းပြမှ ပြန်စိတ်ငြိမ်သွားသည်။
လင်းချင်းနှင့် လင်းဖန်တို့သည် ကန်ဘေးတွင် အတော်လေးစိတ်ငြိမ်သည်ဟု ပြောရသလို စောင့်နေကြသော်လည်း အပြင်ဘက်က လူများကတော့ စိတ်မအေးနိုင်ကြပေ။ လင်းချင်းက ဒီမျာမရှိသလို ချူးလီလီလည်းမရှိပေ။ နှစ်နာရီလောက် စောင့်ပြီးသည်နောက် ချန်းဝမ်ရှုတို့သည် စိုးရိမ်စိတ်ကြောင့် ရူးတော့မလို ဖြစ်လာသည်။
အနည်းဆုံးတော့ သူတို့သည် အကူအညီမဖြစ်သည်ကို သိသော်လည် လျူကျွင်းကို သွားခေါ်ကြသည်။ ဘေးအခန်းက ရှဲ့တုန်းသည် ထိုအခါ သူမကို စောင့်ရှောက်ဖို့ လိုက်လာရသည်။ ချန်းဝမ်ရှုတို့မိသားစုသည် စိတ်ပူပန်လွန်သွား၍ လျူကျွင်းကို ကျိုးကြောင်းမစီလျော်စွာဖြင့် တစ်ခုခုလုပ်လိုက်မည်ကို သူစိုးရိမ်တာ ဖြစ်သည်။
“ရှောင်လုရဲ့ ပြဿနာကို သူတကယ်ရှင်းပေးနိုင်လို့လား? နှစ်နာရီလောက်ကြာနေပင်မယ့် ဘာမှမကြားရသေးဘူးမလား? ဘာဖြစ်နေတာလဲဆိုတာကို ဘာဖြစ်လို့ ထွက်မပြောတာလဲ? ငါတကယ်စိတ်ပူနေပြီ” အမျိုးသမီးလင်းသည် လက်နှစ်ဖက်ကိုယှက်ထား၍ အခန်းထဲမှ ပြောသည်။
လျူကျွင်းသည် တုံတုံကို သူမ၏ပေါင်ပေါ်တင်ကာ ဆိုဖာပေါ်တွင် ထိုင်ရင်း “စိတ်အေးအေးထားပါ ကျွန်မတို့ကပ္ပတိန်မှာ နည်းလမ်းရှိမှာပါ။ မဟုတ်ရင် ရှောင်လုကို နယ်မြေထဲကို ဘယ်ခေါ်သွားမှာလဲ။ သူတို့ထွက်လာတာနဲ့ ရှောင်လုက အငယ်ဆုံးစွမ်းအားရှင်ဖြစ်သွားမှာ”
လျူကျွင်းဘေးတွင် ချန်းဝမ်ရျုသည် ဒူးပေါ်ကို လက်သီးဆုပ်တင်ထားကာ မျက်နှာကြီး ရှုံ့မဲ့နေသည်။ လျူကျွင်းသည် မှန်မှာပါဟု သူမကိုယ်သူမပြောရင်း မနည်းစိတ်ကို ဖြေသိမ့်နေရသည်။
လင်းဝမ်ဝမ်သည် ချန်းဝမ်ရှုကိုကြည့်လိုက် သူမ၏အမေကို ကြည့်လိုက် လျူကျွင်းကိုကြည့်လိုက် လုပ်နေသည်။ သူမသည်လည်း စိုးရိမ်နေတာ ဖြစ်သော်လည်း အခြားသူများကို ဘယ်လိုဖြေသိမ့်ပေးရမလဲ မသိသောကြောင့် ဆိတ်ဆိတ်နေကာ စိုးရိမ်စွာ စောင့်နေလိုက်သည်။
တစ်ချိန်လုံးငြိမ်နေသည့် လုံချင်းယင်သည် ဝင်ပြောလာသည်။ “ကျွင်းကျွင်းကို ငါယုံတယ်။ ရှောင်လုက အဆင်ပြေမှာပါ”
လင်းချင်းသည် သူမ၏အသက်ကို အကြိမ်ကြိမ်ကယ်ဖူးသလို နယ်မြေထဲကိုလည်း ခနခနရောက်ဖူးသည်။ အခုလျူကျွင်း၏သား တုံတုံသည်လည်း ကောင်းကောင်းမွန်မွန် ရှင်နေလေရာ လင်းချင်းက တစ်နည်းနည်းဖြင့် လင်းရှောင်လုကို ကူညီမည်ဟု သူမယုံကြည်တာ ဖြစ်သည်။
သူမ၏စကားကြောင့် အခြားသူများသည် အနည်းငယ်စိတ်အေးသွားကြသည်။ နှစ်နာရီလောက် ထပ်ကြာလာသည့်အခါ သူတို့သည် ထပ်၍စိတ်ပူလာကြပြန်သည်။ ချန်းဝမ်ရှုသည် ထရပ်ကာ ပြတင်းပေါက်ကနေ အပြင်ကို ငေးနေသည်။ အမျိုးသမီးလင်းကတော့ ထိုင်ခုံပေါ်တွင် သက်ပြင်းများ အကြိမ်ကြိမ်ချနေသည်။
လင်းဝမ်ဝမ်သည် လုံချင်းယင်အနားသို့လာကာ အသံတိုးတိုးဖြင့် “ရှောင်လုကို တကယ်နှိုးနိုင်ပါ့မလား? ပြီးတော့လည်း အစွမ်းက တကယ်နိုးပါ့မလား? ဘယ်လိုဖြစ်လို့ ရုတ်တရပ်ကြီး အစွမ်းကထလာတာလဲ? ဒါကမဖြစ်နိုင်ဘူး”
လုံချင်းယင်သည် သူမကိုကြည့်ကာ ဖြေသည်။ “ငါလည်းသေချာမသိဘူး။ ဒါပင်မယ့် ကန်ထဲမှာတော့ သက်ရှိတစ်ခုခုရှိတယ်။ ရှောင်လုကို နယ်မြေထဲကို ခေါ်သွားတယ်ဆိုတည်းက ငါ့အထင် အဲ့ကန်ထဲကဟာဆီက အကူအညီယူမလို့ ထင်တယ်” ယန်ချောင်းသည် ကန်ထဲတွင် ခြောက်ကပ်သွားခဲ့ဖူးသည်ကို အခုသတိပြန်ရသဖြင့် လုံချင်းယင်သည် ကြောက်ချွေးများပျံလာသည်။
လျူကျွင်းသည် သူတို့အား “ငါတို့က ဇွန်ဘီတွေဆိုတာ ငါမေ့သွားတယ်။ ငါတို့ကပ္ပတိန်မှာက အရမ်းကိုထက်မြတ်တဲ့ အစွမ်းရှိတယ်။ သူကရှောင်လုက အစွမ်းနိုးမယ်လို့ ပြောသွားတည်းက အမှန်ဖြစ်မှာပါ။ ပြီးတော့လည်း လုံချင်းယင်ပြောတာ အမှန်ပဲ။ နွယ်လေးကို ကပ္ပတိန်က အကူအညီတောင်းတာ နေမယ်။ နယ်မြေထဲမှာရှိနေတာကြာပြီဆိုတော့ ငါ့အထင် သူတို့ကူညီပေးနေတာ ထိရောက်နေလောက်ပါပြီ။ မကြာခင် ထွက်လာတော့မှာပါ”
သူပြောသည့်အခါ လူတိုင်းသည် မျှောင်လင့်ချက်ပြည့်လာကြသည်။ ‘သူပြောတာ အမှန်ပဲ ကြာပြီဆိုတော့ ပြဿနာကို ရှင်းနေလောက်ပြီ။ မကူညီနိုင်ဖူးဆိုရင် သူတို့ပြန်ထွက်လာတာက စောမှာ’
“နွယ်လေးက ဘယ်သူလဲ?” လင်းဝမ်ဝမ်က အံ့သြစွာ မေးသည်။
လုံချင်းယင်သည်လည်း လျူကျွင်းကို အဖြေသိချင်စွာဖြင့် မေးလာသည်။ “ကန်ထဲကဟာကြီးမလား?”
“အင်း ဟုတ်တယ်။ စိတ်မပူကြနဲ့” လျူကျွင်းသည် အပြုံးဖြင့် ခေါင်းငြိမ့်ပြသည်။ မျက်တွင်းမည်းကြီးများ မရှိတော့လေရာ သူမကို ကြည့်ရသည်မှာ အရင်ကထက် ပို၍အားအင်ရှိနေသလိုပင်။ အသားအရည်သည် ဖျော့နေသေးသော်လည်း သွေးကြောများက ထင်းနေလေရာ မျက်လုံးသာ တစ်ခုလုံးနက်မနေလျှင် သာမန်လူသားလိုပင်။ သူမ၏အပြုံးသည် နွေးထွေးသောကြောင့် လူတိုင်းသည် ဒီအပြုံးထံမှ အနွေးဓာတ်ရသွားကြသ်။
သူတို့သည် နောက်ထပ်နှစ်နာရီလောက် စိတ်ရှည်စွာ စောင့်ပြီးသည့်အခါ မှောင်လာပြီ။ ထိုအချိန်တွင် လင်းချင်း၏ နယ်မြေထဲတွင် အပြောင်းအလဲဖြစ်လာသည်။ ကန်အောက်ခြေမှ တုန်ခါမှုတစ်ခုက ထွက်လာသဖြင့် ရေမျက်နှာပြင်သည် လှိုင်းများထန်လာသည်။
“ဒါပဲ ရပြီ” လင်းချင်းသည် ကန်အလည်ကို လှမ်းကြည့်နေရင်းက ရုတ်တရပ်ပြောသည်။ လင်းဖန်သည် ဒီသတင်းကြောင့် စိတ်ရွှင်လန်းသွားကာ လင်းချင်းအား “ဒါဆိုရင် ရှောင်လုက”
လင်းချင်းသည် သူ့အားပြုံးကြည့်ကာ ခေါင်းငြိမ့်ရင်း “အဆင်ပြေတယ် ခုနကတုန်သွားတာက အမြူတေ တည်သွားလို့။ အခုနွယ်လေးက အပေါ်ကို ပြန်ပို့ပေးနေပြီ”
ထိုအခါ လင်းဖန်သည် အများကြီးကို စိတ်အေးသွားကာ ကန်အား မျှော်လင့်တကြီး ကြည့်နေသည်။