၃၅၀။ ဘာဖြစ်လို့ ရောက်လာတာလဲ?
လင်းချင်းသည် အဆောက်အဦးထဲတွင်း လျှောက်နေရင်း အနောက်ကနေ ဒီဘက်သို့လျှောက်လာသည့်သူပါသည်ကို ခံစားမိသည်။ သူမသည် နောက်သို့လှည့်ကြည့်လိုက်သည့်အခါ လူတစ်ချို့ကို တွေ့လိုက်ရသည်။
“ယန်မိန်းကလေး ဟေးဒီးစခန်းက လူတွေကို သတင်းပို့ဖို့ကို ကျွန်တော်တို့ကိုပဲ ပြောခိုင်းလိုက်လို့ ရပါတယ်။ ဘာဖြစ်လို့ ကိုယ်တိုင်လာတာလဲ?” လှေကားပေါ်တွင် လူငယ်က အရပ်ရှည်ကာ ပိန်သွယ်၍ လှပသည့် မိန်းကလေးကို မေးသည်။
“လာချင်လို့လာတာ” ယန်ဖန်ယုက ပြောသည်။ “နင်ကသေချာမပြောလိုက်မှာကို စိုးရိမ်လို့”
လူငယ်သည် အနည်းငယ်ဆွံ့အသွားသည်။ “ဒါက သတင်းလေးတစ်ခုပါပဲ။ ဘယ်လောက်များ ကျွန်တော်တို့က မှားနိုင်မှာမလို့လဲ? လာလိမ်နေတာပဲဗျာ။ ဒုခေါင်းဆောင်ချောချောကို တွေ့ဖို့လာတာမလား?” သူကပြောသည်။
ယန်ဖန်ယုသည် သူ့ကိုတစ်ချက်ကြည့်ကာ “ထုတ်ပြောစရာမလိုပါဘူး!”
“မိန်းကလေးလို လူမျိုးက ဘယ်သူ့ကိုကြိုက်ကြိုက် ရနေတာကို ဘာဖြစ်လို့ အပြင်လူကိုမှလဲ?” လူငယ်က မေးသည်။ “စခန်းမှာလည်း လူကောင်းတွေ အများကြီးပါပဲ။ သူတို့ကို စိတ်ကျအောင် လုပ်နေတာပဲ”
လမ်းလျှောက်နေရင်း ယန်ဖန်ယုသည် လူငယ်အား မျက်လုံးလှန်ကြည့်ကာ ဖြေသည်။ “ဒါတို့ကိစ္စပါ။ ငါအပြင်ကလူကို မကြွေဘူးဆိုရင်တောင်မှ စခန်းထဲက ဒီလူတွေကိုတော့ မစဉ်းစားနိုင်ပါဘူး!”
“ဘာဖြစ်လို့လဲ?” လူငယ်က နားမလည်ဖြစ်သွားသည်။
“အကြောင်းပြချက်မရှိဘူး” ယန်ဖန်ယုက ပြောသည်။ “အချစ်က ရောက်မလာသေးလို့ ဖြစ်နိုင်ပါတယ်” ဒီလိုပြောကာ လူငယ်လေးအား မျက်လုံးတစ်ဖက် မှိတ်ပြသည်။
လင်းချင်းသည် ကိုယ်ပြန်ဖော်တော့မလို့ ဖြစ်သည်။ သို့သော်လည်း ဒီ၂ယောက်က စကားပြောရင်း လျှောက်လာသဖြင့် သူမသည် ကိုယ်မဖော်ဘဲသာ ဆက်နေလိုက်ရသည်။ သူမသည် ဘေးကိုဖယ်ပေးလိုက်ကာ သူတို့နောက်ကနေ လိုက်၍တက်သွားသည်။
‘ဒီမိန်းမက ဘယ်သူလဲ? ငါတို့ထန်ရှင်းကို ကြံရဲတယ်ပေါ့! ငါ့ညီမလေးအတွက် သူ့ကိုသေချာတွေးပေးထားတာကို!’ လင်းချင်းသည် ဒီလိုတွေးကာ လိုက်လာသည်။ လင်းဝမ်ဝမ်၏ အခန်းရှေ့တွင် ဝေ့ကျင်းကျားနှင့် ရှင်းလော့တို့က စောင့်နေသည်ကို တွေ့လိုက်ရသည်။
“ဟမ်? ဘာဖြစ်လို့ ဒီမှာစောင့်နေတာလဲ? နင်တို့က လင်းမိန်းကလေးကို ကာကွယ်ပေးနေတာမလား?” ယန်ဖန်ယုက အံ့သြစွာ မေးသည်။
“ယန်မိန်းကလေး တွေ့ရတာ ဝမ်းသာပါတယ်။ ဒုခေါင်းဆောင်ကို တွေ့ဖို့လာတာလား?” ရှင်းလော့က သူတို့နှစ်ယောက်အား ခေါင်းငြိမ့်ကာ မေးသည်။
ယန်ဖန်ယုသည် ပြုံး၍ခေါင်းငြိမ့်ကာ “ဟုတ်တယ်။ သူ့ကိုတွေ့ဖို့လာခဲ့တာ”
“ခနလေး စောင့်ပေးပါ” ဝေ့ကျင်းကျားသည် လှည့်ထွက်သွားသည်။ တံခါးကိုခေါက်၍ တံခါးက ဖွင့်မလာခင် လှမ်းအော်ပြောလိုက်သည်။ “ဆရာ ဒုခေါင်းဆောင်ယန်က တွေ့ဖို့ရောက်လာပါတယ်”
ယွမ်ထန်ရှင်းနှင့် တူယွမ်ရှင်းတို့သည် ခနရပ်သွားကာ အချင်းချင်းကြည့်၍ ယွမ်ထန်ရှင်းက “ဘာဖြစ်လို့ ရောက်လာတာလဲ?”
တူယွမ်ရှင်းက ပုခုံးကိုတွန့်ကာ မေးသည်။ “သူ့ကိုမေး”
“ဝင်ခိုင်းလိုက်” ယွမ်ထန်ရှင်းက ပြောလိုက်သည်။ ထို့နောက် ယန်ဖန်ယုနှင့် သူမ၏လက်အောက်မှ တစ်ယောက်က ဝင်လာသည်။
ယန်ဖန်ယုသည် ယွမ်ထန်ရှင်းအား နွေးထွေးစွာပြုံးပြကာ နှုတ်ဆက်၍ “မဂ်လာ ညနေခင်းပါ ဒုခေါင်းဆောင်ယွမ်”
ယွမ်ထန်ရှင်းနှင့် တူယွမ်ရှင်းတို့ ၂ယောက်လုံး ရပ်လိုက်ကြသည်။ သူတို့အရှေ့က ခုံကိုလက်ညိုးထိုးပြကာ ယဉ်ကျေးစွာပြုံး၍ “ဒုခေါင်းဆောင်လို့ မခေါ်ပါနဲ့လို့ ပြောထားပြီးသားပဲဗျာ။ ထိုင်ပါဦဂ။ ဒီလိုညနက်မှ ရောက်လာစရာ အရေးကြီးအကြောင်း ရှိလို့လား?”
ယန်ဖန်ယုသည် ထိုင်လိုက်သည်။ သူမ၏ လက်အောက်ကသူသည် သူမနှင့် တစ်မီတာအကွာတွင်ရပ်နေသည်။ တူယွမ်ရှင်းက ရေတစ်ခွက်သွားယူကာ သူမ၏အရှေ့က စားပွဲပေါ်သို့ ချပေးလိုက်သည်။
“အင်း ဂရုစိုက်ဖို့ ပြောချင်လို့ပါ” ယန်ဖန်ယုက ပြောသည်။ “အထူးသဖြင့် ရှင့်အနားက မိန်းကလေးနှစ်ယောက်. . . သူတို့ကို စခန်းခေါင်းဆောင်၁ယောက်က ပစ်မှတ်ထားနေတယ်။ သူတို့ကို အခုစခန်းကနေ ခေါ်သွားချင်ရင်တောင် တို့အထင် မလွယ်လောက်တော့ဘူး။ ပြီးတော့လည်း ရှင်တို့ပါ ဒုက္ခများနိုင်တယ်။ အဲ့ဒါကြောင့် သတိပိုကြီးကြီး ထားသင့်တယ်!”
ယွမ်ထန်ရှင်းက ခပ်ဖွဖွပြုံးကာ “ဪ လင်းဝမ်ဝမ်ကို မျက်စိကျနေတဲ့ ယန်းချောင်းကို ပြောတာမလား။ ငါတို့သိထားနှင့်ပါပြီ။ ငါတို့မြန်နိုင်သမျှ မြန်မြန်ထွက်သွားကြတော့မှာပါ”
ယန်ဖန်ယုသည် သူ့အားအံ့သြစွာကြည့်ကာ “ဟမ်? ဘယ်လိုလုပ် ဒီလောက်မြန်မြန်သိတာလဲ? ဒါကိုသိတဲ့သူ မများသေးဘူး။ သတင်းပို့တဲ့သူ ရောက်လာနှင့်တာလား?”
ယွမ်ဖန်ယုက အဓိပ္ပါယ်ပါသည့်အပြုံးဖြင့် သူမ၏ မေးခွန်းကို ဖြေသည်။ “ဟုတ်တယ်။ ယန်မိန်းကလေး မရောက်ခင်ကတင် လူအချို့လာသွားတယ်။ ဒါပင်မယ့် ယန်မိန်းကလေး ရောက်လာတာကို အံ့သြသွားတယ်။ အခုက အတော်နောက်ကျနေပြီ”
ယန်ဖန်ယုသည် သူပြောသည်ကို ဂရုမစိုက်ပေ။ သူမ၏ မျက်နှာထက်တွင် ယုံကြည်မှုရှိသည့် အပြုံးဖြင့် “အခုတို့လုပ်တာက မလိုအပ်ဘူးလို့ ရှင်ပြောနေတာလား? ညနက်ကြီးကို ရှင့်ကိုအသိပေးဖို့ လာရတာကိုတောင် တို့ကိုကျေးဇူးမတင်ဘူးလား?”
ယွမ်ထန်ရှင်းသည် ခေါင်းခါကာ ပြောသည်။ “ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်မှာလဲ? ဒီလိုမပြောပါဘူးဗျာ”
ထိုအချိန်တွင် လင်းဝမ်ဝမ်သည် အိပ်ခန်းတံခါးကိုဖွင့်ကာ အပြင်ကိုလှမ်းကြည့်ရင်း သူမ၏အနောက်က လုံချင်းယင်အား အံ့သြစွာဖြင့ “ချင်းယင် အပြင်ကမိန်းမက ဘယ်သူလဲ?”
လုံချင်းယင်သည် ဓားရှည်ကိုသုတ်နေသည့်အဝတ်ကို စားပွဲပေါ်တွင်ထားကာ ဓားကိုဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး စားပွဲပေါ်တွင်တင်ကာ တံခါးနားသို့ လျှောက်လာသည်။
သူမသည် အပြင်ကို တစ်ချက်ကြည့်ကာ လင်းဝမ်ဝမ်ကို ကြည့်၍ “ငါမသိဘူး။ ဒါပင်မယ့် ဒုခေါင်းဆောင်ကို သူကြည့်နေတဲ့ အကြည့်ကိုတော့ ငါသိတယ်။ နင့်ရဲ့အချစ်ပြိုင်ဘက် ပေါ်လာပြီ ထင်ပါရဲ့”
“အင်း. . .ငါလည်းခံစားမိတယ်” လင်းဝမ်ဝမ်က ခေါင်းငြိမ့်ကာ ပြောသည်။ သူမ၏ မျက်လုံးထဲက အကြည့်သည့် အနည်းငယ်ရှင်းပြရခက်သွားသည်။ သူမတို့သည် တံခါးကိုစေ့လိုက်ကာ အပြင်တွင် ပြောနေသည်ကို ငြိမ်ငြိမ်လေး နားထောင်လိုက်ကြသည်။ မကြာခင်တွင် အပြင်က မိန်းမလှလေးသည် လုထန်ရိနှင့်တူညီသည့် ရည်ရွယ်ချက်ဖြင့် လာကြောင်းကို သိသွားကြသည်။
လုံချင်းယင်သည် မျက်မှောင်ကျုံ့ကာ “ဒီည သူများကိစ္စကို အာရုံစိုက်ကြတဲ့သူတွေ အတော်များတာပဲ။ ဒီမိန်းမက ဒုခေါင်းဆောင်အတွက် ရောက်လာတာဆိုတာ သေချာပင်မယ့် ခုနက ယောက်ျားကရော ဘယ်သူ့အတွက် လာတာလဲ?”
ထိုအခါ လင်းဝမ်ဝမ်သည် ခေါင်းထဲတွင် အတွေးတစ်ခုပေါ်လာသည်။ လုံချင်းယင်အားကြည့်ကာ “ဪ ခုနကလာတဲ့ ယောက်ျားနာမည်က လုထန်ရိနော်။ လုမိန်းကလေးရဲ့ နာမည်က လုထန်ယုဆိုတော့ နင်ပြောမှပဲ သူတို့ကြားမှ တစ်ခုခုဆက်သွယ်မှု ရှိနေသလိုပဲ”
လုံချင်းယင်သည် သူမကိုကြည့်ကာ ခေါင်းငြိမ့်ပြသည်။
ယန်ဖန်ယုသည် ကြာကြာမနေပေ။ တခြားလူများထံမှ သတင်းကို သိပြီးသားဖြစ်ကြောင်း သိသွားသဖြင့် ယွမ်ထန်ရှင်းနှင့် စကားခနတဖြုတ်လောက်ပဲပြောကာ သူမ၏လက်ထောက်နှင့်အတူ ပြန်သွားသည်။
သူမသည် လေးလက်မဒေါက်ဖိနပ်ကို ဝတ်လာတာ ဖြစ်သည်။ ဒီဒေါက်အမြင့်သည် သူမလမ်းလျှောက်ရာတွင် နည်းနည်းလေးမှတောင် မခက်ခဲစေပေ။ စခန်းက မိန်းမအားလုံးအနက် သူမတစ်ယောက်တည်းသည်သာ နေ့တိုင်းကို ဒေါက်အမြင့်ကြီးစီးတာ ဖြစ်သည်။
သူမသည် ဒေါက်အမြင့်ကြီးစီးထားသည့်တိုင် ဂရုစိုက်နေခြင်း လုံးဝမရှိဘဲ တည်ငြိမ်မြန်ဆန်စွာဖြင့် လျှောက်ထွက်သွားသည်။ သူမဒီလိုဖိနပ်မြင့်ကို စီးနေသော်လည်း သူမကို အနိုင်ကျင့်ရဲသည့်သူမှ သူမတို့စခန်းထဲတွင်မရှိတာကတော့ သေချာပေါက်ပင်။
လှပသည့် ယန်ဖန်ယုထွက်သွားသည့်အခါ လင်းဝမ်ဝမ်နှင့် လုံချင်းယင်တို့က အခန်းထဲကနေ ထွက်လာသည်။ လင်းဝမ်ဝမ်က ခုံတွင်ထိုင်ကာ သိချင်စွာဖြင့် “ဟိုမိန်းမလှလေးက ဘယ်သူလဲ?”
ယွမ်ထန်ရှင်းက “ဒီစခန်းရဲ့ ဒုခေါင်းဆောင်”
“သူက ဒုခေါင်းဆောင်လား?” လင်းဝမ်ဝမ်က အံ့သြသွားသည်။ “ဒီလောက်အရှိန်အဝါကောင်းတာ မဆန်းတော့ပါဘူး။ ခေါင်းဆောင်ဖြစ်နေတာကိုး။ အရမ်းလှတာပဲ။ သူ့ကိုကြိုက်နေတဲ့သူတွေများမှာ။ သာမန်လူတောင် မဖြစ်နိုင်ဘူး”
တူယွမ်ရှင်းသည် ဒီအကြောင်းကို စိတ်ဝင်စားသွားကာ “ဟုတ်တယ်။ သူ့ကိုကြိုက်တဲ့သူတွေ အများကြီးကို တန်းစီမယ်ဆိုရင် ဒီကနေ စခန်းအပေါက်ဝအထိတောင် ရောက်လောက်တယ်တဲ့။ သူက ဒီစခန်းရဲ့ အလှနတ်ဘုရားမလေးပဲ။ ပြီးတော့လည်း တစ်ယောက်တည်းဖြစ်နေသေးတယ်”
“နင်သွားရည်ကျနေပြီ!” လုံချင်းယင်က ပြောသည်။
တူယွမ်ရှင်းက မဲ့ပြုံးဖြင့် သူမကို တစ်ချက်ကြည့်ကာ “ဟီး ဟီး နင်သူ့ကို မနာလိုဖြစ်နေတာမလား?”
လုံချင်းယင်က မျက်လုံးလှန်လိုက်ကာ “ဆိုက်ကိုကောင်! ဘာကိုမနာလိုရမှာလဲ? အခုသူ့အရှေ့မှာ ယောက်ျားတွေ ဘယ်လောက်ပဲ တန်းစီနေပါစေ နောက်ဆုံးတော့ ၁ယောက်ပဲ ယူရမှာကို!”
ထိုအချိန်တွင် လင်းဝမ်ဝမ်သည် နောက်တစ်ခုကို တွေးနေတာ ဖြစ်သည်။ ‘လုထန်ယုနဲ့ လုထန်ရိကြားက ဆက်ဆံရေးက ဘာဖြစ်မလဲ? လုထန်ယုက ပင်လယ်မြို့တော်စခန်းက ဆိုပင်မယ့် ဘာဖြစ်လို့ ဒီကအိမ်ကို ပြန်မလာတာလဲ? ဒီစခန်းမှာ သူ့ကိုသိတဲ့သူတွေ ရှိတယ်မလား?’