၂၇၅။ တစ်နေ့ကိုတစ်ခွက်
ချူးလီလီသည် ဇွန်ဘီခေါင်းဆောင်များဖြင့် အဖွဲ့စုနေစဉ်တွင် အောက်ထပ်ကနေ တစ်ယောက်က တက်လာသည်။
ဖန်ယုမင်းသည် အမိုးပေါ်သို့ တပ်လာကာ လှေကားနောက်ဆုံးထစ်သို့ ရောက်သော် လူသုံးယောက်က အပြင်တွင် တောင့်တောင့်ကြီး ရပ်နေကြသည်ကို မြင်လိုက်ရသည်။ ဖန်ယုမင်းသည် သူတို့ဆီသွား၍ စပ်စုစွာဖြင့် “ဟေ့! မင်းတို့ဒီကိုရောက်နေကြတာလား? ဘာတွေကြည့်နေကြတာလဲ?”
လီကျန်းတို့သည် သူ့အားတစ်ချက်လှည့်ကြည့်ကာ မဖြေဘဲ အပြင်ဘက်သို့သာ ဆက်ကြည့်နေကြသည်။ သူတို့အပြုအမှုကြောင့် ဖန်ယုမင်းသည် ပိုစိတ်ဝင်စားသွားကာ လီကျန်း၏ပုခုံးပေါ်သို့ လက်တင်၍ ခေါင်းကိုကဲကြည့်လိုက်သည်။ အမိုးပေါ်တွင် သွေးသံတရဲရဲဖြင့် ဇွန်ဘီအုပ်စုတစ်စုကို ရလဒ်အဖြစ် သူမြင်လိုက်ရတော့သည်။
“အား!!! ဇွန်ဘီတွေ!!!” သူသည် အော်ကာ လှည့်ပြေးဖို့လုပ်သည်။
လူသုံးယောက်နှင့်ဇွန်ဘီအုပ်သည် သူ့အော်သံကြောင့် လန့်ကုန်ကြသည်။ သူတို့လှည့်ကြည့်သည့်အခါ အောက်ထပ်သို့ အလျင်စလိုဖြင့် ဆင်းပြေးသွားသည့် သဏ္ဍာန်တစ်ခုကို သူတို့မြင်လိုက်ရသည်။ မျက်တောင်တစ်ခတ်အတွင်းမှာ ဖန်ယုမင်းသည် အစရှာမရအောင် ထွက်ပြေးသွားတော့သည်။
“တောက်! ငါနှလုံးရောဂါရတော့မယ်! ဒီလိုသွေးကြောင်တဲ့ကောင်ကတော့ ဇွန်ဘီတွေကို မကြောက်ရဘဲ သူ့ကိုလန့်နေရတာနဲ့ ငါတို့အနှေးနဲ့အမြန်သေတော့မှာပဲ!” လီကျန်းသည် ဖန်ယုမင်းကြောင့် အတော်လန့်သွားတာ ဖြစ်သည်။ လင်းဟောင်နှင့် လဲ့ယောင်တို့သည်လည်း ထုတ်သာမပြောတာ သူ့လိုပင်။
“သူကအမြဲတမ်း အရိပ်မကဲမသိဘူးလား?” လင်းဟောင်က မေးသည်။ “အမြဲတမ်းဇွန်ဘီတွေကို ကြောက်နေတက်တာလား? ဘယ်လိုများ ဒီအထိရောက်အောင် သူခရီးဆက်လာခဲ့တာလဲ?”
လီကျန်းသည် သက်ပြင်းချကာ ပြောသည်။ “ပြောနေစရာကိုမလိုတာ!”
“ပုံမှန်ဆိုရင် တစ်လမ်းလုံးကို အော်ဟစ်နေတာ!” လဲ့ယောင်က ပြောသည်။
ဇွန်ဘီလေးကောင်ရှေ့တွင်ရပ်နေသည့် လင်းချင်းသည် “ငါ့စကားကို နားထောင်မှာလား? နားမထောင်ဘူးလား? ဒါမှမဟုတ် ငါနဲ့တိုက်ချင်သေးလား?”
ဇွန်ဘီလေးကောင်သည် လင်းချင်းကို ရန်လိုစွာ စိုက်ကြည့်သော်လည်း တိမ်မည်းများကို တစ်ချက်ကြည့်ကာ ချီတုံချတုံဖြစ်နေကြသည်။ ထို့ကြောင့် စိတ်မရှည်တက်သည့် ချူးလီလီသည် ဆက်တိုက်အော်ပြောသည်။ “အား! အာယာယာ အာယာယာ!” ‘တော်ပြီ! လာကစားမနေကြနဲ့။ သူ့အမိန့်ကို နင်တို့နာခံရမယ်လို့ ငါပြောရင် နာခံလိုက်။ မနာခံရင် နင်တို့ခေါင်းကို ငါဖွင့်ပစ်မှာ!’
ဒီလိုပြောပြီးသည့်နောက် ဇွန်ဘီလေးကောင်အား သွားဖြဲပြကာ ရန်လိုသည့်ရုပ်ပြသည်။
“ဝူး” ဇွန်ဘီလေးကောင်သည် ချက်ချင်းကို အရမ်းကြောက်သွားကြသည်။ သူတို့သည် တစ်ချက်တွန့်သွားကာ မလှုပ်ရဲကြတော့ပေ။
ချူးလီလီက စိတ်မရှည်တော့သဖြင့် လင်းချင်းသည်လည်း အချိန်ထပ်မဖြုန်းတော့ပေ။ သူမသည် မြူခိုးနက်များကို ပြန်သိမ်းလိုက်ကာ ကောင်းကင်ကို ပြန်လင်းစေလိုက်သည်။ ထို့နောက် ခွက်အကွဲကို လွှတ်ပစ်လိုက်ကာ ခွက်သစ်တစ်လုံးကို လက်ထဲတွင် ရေဖြင့်ပေါ်လာစေသည်။ ရေခွက်ကိုကိုင်၍ ကလေးဇွန်ဘီအား “ဟုတ်ပြီ! နင်အရင်ဒီကိုလာ”
ကလေးဇွန်ဘီသည် လင်းချင်းကိုတစ်ချက်ကြည့်ကာ မလှုပ်ရဲဘဲ ချူးလီလီကိုသာ ကြည့်နေသည်။ ချူးလီလီသည် စကားကို မပြောချင်တော့သဖြင့် လက်သည်းများကိုသာ ထုတ်ပြလေသည်။
ကလေးဇွန်ဘီသည် ကြောက်သွားကာ လင်းချင်းဆီသို့ နာခံစွာဖြင့် လာသည်။ လင်းချင်းသည် သွေးပေနေသည့် ပါးစပ်နှင့်မေးကို တစ်ချက်ကြည့်ကာ ခွက်ကိုပေးလိုက်ရင်း “သောက်လိုက်” ‘ဒီကလေးရဲ့မေးက ပြုတ်တောင်နေတာကို ရေကိုဘယ်လိုလုပ်သောက်ပါ့မလဲ?’
ကလေးဇွန်ဘီသည် ခွက်ကိုသေချာယူကာ ချူးလီလီကို လှမ်းအကဲခတ်ကြည့်နေသည်။ ထို့နောက် အနံ့ခံကြည့်ပြီးနောက် ရေထဲက စွမ်းအားများဖြင့် ဆွဲဆောင်ခံလိုက်ရကာ ခေါင်းကိုမော့၍ လည်ချောင်းထဲသို့ ရေကိုလောင်းချသည်။ ရေကိုသောက်နေသည့်အသံကို ဆူညံ့စွာဖြင့် တစ်ခွက်လုံးကို အကုန်သောက်သည်။
ရေသောက်ပြီးသည့်အခါ မျက်လုံးကိုမှိတ်၍ ခံစားကြည့်သည်။ ထို့နောက် မျက်လုံးကို ပြန်ဖွင့်သည့်အခါ သူ့မျက်လုံးထဲရှိ အနီရောင်အလင်းသည် ဖြတ်ခနဲ ပိုတောက်သွားသည်။ ထို့နောက် လင်းချင်းအား ဒီလိုမျက်လုံးတောက်တောက်လေးများဖြင့် ကြည့်သည်။
လင်းချင်းသည် ခွက်ကိုပြန်ယူက လင်းဟောင်တို့အား ညွှန်ပြ၍ “ဟုတ်ပြီ။ နင်တစ်နေ့ကို တစ်ခွက်သောက်ရမယ်။ ပြီးတော့ ဒီအဆောက်အဦးထဲက လူတွေကို ထိခိုက်အောင် မလုပ်ရဘူး။ သူတို့ကို မထိခိုက်အောင် ကာကွယ်ပေးရမယ်”
ဖန်ယုမင်းကြောင့် လန့်သွားပြီးနောက် လင်းဟောင်တို့သည် အခုသတိသိပ်မရှိကြတော့ကာ ပွဲကြည့်နေသလို စိတ်မျိုးတောင် ဖြစ်နေကြသည်။
“အာယာယာ! အဟယာယာ!” ချူးလီလီသည် လင်းချင်းကို မကျေမနပ်စွာဖြင့် အမြန်နှိုးဆော်သည်။ ‘မြန်မြန်လေး! ညီမလေး ပြောင်းချင်နေပြီ!’ ပြောနေရင်း သူမ၏လက်ထဲက အမြူတေများကို လင်းချင်းအား ပြသည်။
လင်းချင်းသည် ခေါင်းငြိမ့်ကာ ကျန်သည့်ဇွန်ဘီခေါင်းဆောင်သုံးကောင်ကို တစ်ခွက်စီတိုက်သည်။ သက်ကြီးဇွန်ဘီအလှည့်သို့ ရောက်သည့်အခါ သူရေသောက်ပုံသည် တခြားဇွန်ဘီများနှင့် မတူပေ။ တခြားဇွန်ဘီများက ရေကိုအငမ်းမရ အလျင်စလို သောက်ကြသော်လည်း သက်ကြီးဇွန်ဘီသည်တော့ တစ်ငုံအရင်သောက်သည်။ ထို့နောက် တစ်ငုံမသောက်ခင်တိုင်း ခနနားနေသေးသည်။
‘ရေကအေးနေပါတယ်။ ဘာဖြစ်လို့ နားသောက်နေတာလဲ? မြန်မြန်သောက်မရဘူးလား? ရေကို လူကြီးလူကောင်းလို လာသောက်နေတာလား? ဒါပင်မယ့်. . .’
လင်းချင်းသည် စိတ်ထဲက အပြစ်တင်မိသည်။ သို့သော်လည်း ဒီအသက်ကြီးဇွန်ဘီသည် တကယ့်ကို အိန္ဒြေသိက္ခာအပြည့်ဖြင့် သောက်နေတာဖြစ်သည်။ ထို့အပြင် သူသည် ရေသောက်နေရင်း ပတ်ဝန်းကျင်ကို ကြည့်နေသေးသည်။ သူသည် ထိုင်စရာ ဆိုဖာသို့မဟုတ် ခုံရှာနေခြင်းမှန်း လင်းချင်းက သိလိုက်သည်။
‘ရေသောက်တာကို ခုံနဲ့ထိုင်သောက်ဖို့ လိုသေးလို့လား? အတော်ကောင်းတဲ့ ဘဝကို ရနေလို့လား? ဒီတိုင်းဇွန်ဘီဖြစ်နေတာလေ!’
လင်းချင်းတစ်ယောက်တည်းသာ အံ့သြရတာ မဟုတ်ပေ။ ဘေးက ပွဲကြည့်နေကြသည့် လူသုံးယောက်သည်လည်း ထူးဆန်းစွာ ကြည့်နေကြသည်။ ဇွန်ဘီတိုင်းက ရေသော်ကပြီးသည့်အခါ လင်းချင်းသည် သူတို့တစ်ယောက်စီအတွက် တစ်နေရာစီသွားဖို့ပြကာ တစ်ခုခုပြောသည်။
ထို့နောက် ချူးလီလီထံမှ အမြူတေများကို ယူလိုက်သည်။
“နွယ်လေးက အခုတလော အိပ်နေတာ။ ငါအရင်သွားနှိုးပြီးမှ နင့်ကိုလာခေါ်မယ်”
ချူးလီလီသည် ခေါင်းငြိမ့်ပြကာ လင်းချင်းပျောက်သွားသည်ကို ကြည့်နေသည်။ လင်းချင်းက နယ်မြေထဲသို့ ဝင်သည့်အခါ လူသားအနံ့များကို ရလိုက်သည်။ ထိုအနံ့များသည် လင်းဖန်တို့၏အနံ့များဖြစ်၍ လေထဲတွင်ရှိနေသေးကာ နယ်မြေထဲတွင် ဖြည်းဖြည်းချင်း ဖျော့ပျောက်နေပြီ ဖြစ်သည်။
လင်းချင်းသည် နယ်မြေထဲသို့ လေကဘယ်ကဝင်က ဘယ်ကိုထွက်သလဲ မသိပေ။ အမြူတေအများကြီးကို လက်ထဲတွင်ကိုင်လျှက် ကန်ဘေးတွင်ရပ်ရင်း ရေကန်ထဲသို့ အော်ပြောသည်။
“နွယ်လေးရေ ထတော့! ငါတို့အမြူတေတွေရပြီ!”
သူမသည် နွယ်လေး၏နာမည်ကို ခေါ်သော်လည်း ရေကန်ထဲမှာ ဘာမှကို ဖြစ်မလာပေ။
ရေကန်၏ မျက်နှာပြင်ကို ကြည့်ကာ ဘာလုပ်ရမလဲကို မသိတော့ပေ။ ‘နွယ်လေးကို နှိုးလို့မရဘူး။ ဘာလုပ်ရင်ကောင်းမလဲ? ပုံမှန်ဆိုရင် နယ်မြေထဲကို အမြူတေယူလာတာနဲ့ နွယ်လေးကသိပြီးလာယူတယ်။ ဒါပင်မယ့် ဒီတစ်ခါတော့ ငြိမ်နေပါလား? ကန်အောက်ခြေအထိ ဆင်းပြီးတော့ သွားပေးရမလား?’
“နွယ်လေး?” လင်းချင်းသည် နွယ်လေး၏နာမည်ကို ထပ်ခေါ်ကာ ခနစောင့်ကြည့်သော်လည်း နွယ်လေးက ပြန်မတုံ့ပြန်ပေ။
ငြိမ်နေသည့် ကန်ရေပြင်ကိုကြည့်ကာ လင်းချင်းသည် သက်ပြင်းချသည်။ ‘ငါဆင်းပဲကြည့်လိုက်တော့မယ်။ အောက်မှာဘယ်လိုရှိလဲကို ငါမစူးစမ်းရသေးဘူးပဲဟာ’
အမြူတေများကိုချကာ အဝတ်များကိုချွတ်သည်။ ထို့နောက် ကိုယ်တီးလုံးဖြင့် အမြူတေများကို ပြန်ကောက်ယူကာ ရေကန်ထဲသို့ ဆင်းသွားသည်။ ရေအေးတွင် စွမ်းအားပြင်းပြင်းပါသောကြောင့် သူမကို သက်တောင့်သက်သာဖြစ်စေသည်။ ချမ်းသလို မခံစားရဘဲ ရေထဲသို့ ဆက်ဆင်းသွားသည်။ ရင်ဘတ်လောက်ရေက ရောက်သည့်အခါ ငုပ်လိုက်သည်။ သူမသည် ရေထဲတွင် အသက်ရှုဖို့မလိုသဖြင့် ခြေနှင့်လက်များကို ကူးခပ်ကာ ကန်အောက်ခြေသို့ ကူးသွားလိုက်သည်။
ကြည်လင်နေသည့်ရေသည် သူမ၏မျက်လုံးထဲတွင် အရောင်အဆင်းမဲ့သည်။ သို့သော်လည်း မျက်လုံးမှေးကြည့်ပါက အစိမ်းပုပ်များကို မြင်နိုင်သည်။ နွယ်လေး၏ တည်နေရာကို အာရုံခံကာ သူမသည် အောက်ခြေအထိ ကူးခတ်လိုက်သည်။