၃၆၈။ ကလေးအကြောင်း
“ယန်းချောင်းကိုကူဖို့ ရောက်နေတာမလား? ဘာဖြစ်လို့ မကူညီတာလဲ?” ယွမ်ထန်ရှင်းက မေးသည်။
ရှင်းလော့ကာ ခေါင်းခါကာ “သေချာမသိဘူး။ ကြားတာကတော့ ခေါင်းဆောင်ဝူတို့က ယန်းချောင်းကို ပေါင်းတိုက်နေတုန်း ထွက်ပြေးသွားတယ်”
လင်းဝမ်ဝမ်က သူ့အားထူးဆန်းသည့် အမှုအယာဖြစ်သွားသည်။ သူမသည် ရယ်သင့်မသင့်ကို မသိတော့ပေ။ “ယန်းချောင်းက စိတ်မတိုဘူးလား?”
“ကျွန်တော်သာ သူဆိုရင်တော့ စိတ်တိုမှာပဲ” ရှင်းလော့က ပြောသည်။
ယွမ်ထန်ရှင်းက “နားလည်ရလွယ်ပါတယ်။ ယန်းချောင်းရဲ့ မဟာမိတ်က ကမ္ဘာပျက်ခေတ်ဓားပြ မလား? ဓားပြတွေဆိုတာ ဘယ်တော့မှ ယုံကြည့်လို့ရတဲ့သူတွေ မဟုတ်ဘူး။ ဓားပြက ယန်းချောင်းအတွက်နဲ့ သူ့အသက်ကို စွန့်စားရတာမျိုး လုံးဝလုပ်မှာ မဟုတ်ဘူး”
“သူ့အတွက် အသက်ကို စွန့်စားပေးရလောက်တဲ့အထိ ယန်းချောင်းကလည်း လုံလုံလောက်လောက် ပေးမထားလို့ နေမှာပေါ့” လင်းဝမ်ဝမ်က ပြောသည်။
ယွမ်ထန်ရှင်းက သူမကိုကြည့်၍ ခေါင်းငြိမ့်ကာ “အမှန်ပဲ”
“ခေါင်းဆောင်ဝူက နောက်ဆိုအလုပ်များတော့မှာပဲ။ အခုစခန်းမှာ ဖြစ်သွားတာက ဒီကလူတွေအပေါ်ကို အများကြီး သက်ရောက်မယ်။ ပြီးတော့ ဆောင်းလည်းဝင်တော့မယ်” ယွမ်ထန်ရှင်းဘေးတွင် ထိုင်နေသည့် တူယွမ်ရှင်းက လက်ပိုက်ကာ ပြောသည်။
“လုမိန်းကလေးနဲ့ ငါတို့တွေ့ရတည်းက ငါတို့အခြေအနေက ပိုကောင်းလာတယ်။ ငါတို့က အထောက်အပံ့တွေ စုစရာလည်း မလိုတော့ ဆောင်းဝင်မှာကို စိတ်ပူစရာကို မလိုတော့ဘူး” လင်းဝမ်ဝမ်က ပြောသည်။
ထိုအခါ တခြားသူများသည် သူတို့၏ စခန်းသစ်ဆောက်လုပ်ခြင်းကလည်း ပိုချောချောမွေ့မွေ့ဖြစ်လာသည်နှင့် လုမိန်းကလေးတွင် အထောက်အပံ့အများကြီး ရှိကြောင်းကိုလည်း သတိရကြတော့သည်။
. . .
နယ်မြေထဲတွင် လင်းချင်းသည် နွယ်လေးကို ဘယ်လိုလမ်းလျှောက်ရမလဲ သင်ပေးပြီးနောက် ဆိုဖာတွင်ထိုင်ကာ အငယ်လေးနှစ်ယောက် ကစားနေသည်ကို ကြည့်နေသည်။ အပြင်က အခြေအနေကို သူမသည် အာရုံခံပြီးနောက် ရှင်းလော့ပို့လာသည့် သတင်းကို ကြားလိုက်သည်။
“ငါအပြင်ခနထွက်လိုက်ဦးမယ်။ နင်တို့၂ယောက် ဒီမှာဆော့ကျန်ခဲ့။ နွယ်လေး အသေးလေးပေါ်ကို မလဲကျစေနဲ့နော်။ ငါပြန်လာလို့ အသေးလေးသာ အနာတရဖြစ်ကြည့်။ ငါနင့်ကို ဆော်ပလော်တီးတော့မှာ” ဒီလိုပြောကာ သူမက ပျောက်သွားသည်။ လင်းချင်းသည် နွယ်လေးကို ယုံကြည်ကာ လဲရင်တောင်မှ ဝူယွဲ့လျန်အပေါ်သို့ လဲမှာမဟုတ်ကြောင်းကို ယုံကြည်ပါသည်။
နွယ်လေးသည် သူ့ခေါင်းပေါ်က နွယ်မျှင်များကို လှုပ်နေသည်။ လင်းချင်းထွက်သွားသည်နှင့် ဝူယွဲ့လျန်၏ လက်ကိုကိုင်လိုက်ကာ ဆိုဖာပေါ်ကနေ အောက်သို့ဆင်းသည်။ ထို့နောက် ဆိုဖာကိုကိုင်ထိန်းကာ တရွေ့ရွေ့ဖြင့် လမ်းလျှောက်နေသည့်ပုံမှာ လိပ်တစ်ကောင်လို နှေးလှသည်။
ဝူယွဲ့လျန်သည် နွယ်လေးအနောက်ကနေ ဆိုဖာကို ပတ်လိုက်နေသည်။
နွယ်လေးက ဝူယွဲ့လျန်၏လက်ကိုကိုင်ထားရာမှတစ်ဆင့် ပြောသည်။ ‘ဘာဖြစ်လို့ နင့်ဖေဖေက မလာသေးတာလဲ? ငါတို့ တသက်လုံး စောင့်နေရတော့မှာလား. . .’
ဝူယွဲ့လျန်သည် နွယ်လေးကိုကြည့်ကာ စိတ်ထဲက ဖြေသည်။ ‘ဖေဖေက ဘယ်တော့လာမလဲ မသိဘူး။ ဖေဖေက မကြာခင် လာမယ်လို့တော့ ပြောတာပဲ’
နွယ်လေးက သက်ပြင်းချကာ လူကြီးလို လေသံဖြင့် ‘မေမေကို ကြုံရာ ယောက်ျားတစ်ယောက် ငါရှာပေးတော့မှာ။ အပြင်က ယွမ်ထန်ရှင်းဆိုတဲ့လူလည်း မဆိုးပါဘူး. . .ဒါပင်မယ့် နင်က ငါ့မေမေကို ကြိုက်တယ်ပြောမှတော့ နင့်ဖေဖေအတွက် ငါ့မေမေကို ချန်ထားပေးပါ့မယ်. . .ဒါပင်မယ့် နင့်ဖေဖေက အရမ်းနှေးတာပဲ. . .’
ဝူယွဲ့လျန်သည် နားမလည်စွာကြည့်ကာ မေးသည်။ ‘တကယ်လို့ နင့်မေမေက တခြားယောက်ျားနဲ့ ထွက်သွားရင်. . .ငါ့မေမေ မဖြစ်တော့ဘူးမလား?’
နွယ်လေးက သူမ၏ အမေးကို ဖြေသည်။ ‘သေချာပေါက် မဖြစ်တော့ဘူးပေါ့ဟ ဒီလိုဖြစ်ရင် မေမေက အဲ့ယောက်ျားနဲ့ ကလေးတစ်ယောက်ရမယ်. . .ပြီးတော့ အဲ့ဒါက ငါဖြစ်လာမှာ ဟိ ဟိ. . .ဒီအကြောင်းကို နင့်ဖေဖေနဲ့ ငါ့မေမေကို မပြောနဲ့. . .ဒါငါတို့ လျို့ဝှက်ချက် . . .သူတို့သိလို့မရဘူး. . .’
ဝူယွဲ့လျန်သည် သူမအား အံ့သြစွာကြည့်ကာ ‘ဟမ်? ဘာဖြစ်လို့ နင်က ကလေးဖြစ်လာမှာလဲ? ဒီကိုလာတာနဲ့ ငါ့ဖေဖေက နင့်မေမေနဲ့ ကလေးရမှာလား?’
နွယ်လေးက မျက်တောင်ခတ်ကာ ပြုံးသွားသည်။ ပြုံးသည်ဆိုသော်လည်း နှုတ်ခမ်းမရှိသဖြင့် မျက်လုံးများက လခြမ်းကွေးလို ဖြစ်သွားခြင်းသာ။ ‘ဟီး ဟီး ဟုတ်တယ် နင့်ဖေဖေလာရင် ငါ့မေမေနဲ့အတူ ကလေးရအောင် ငါလုပ်လိုက်မယ် . . .ပြီးရင် ငါက အဲ့ကလေးဖြစ်လာမယ်. . .ငါနင့်ကို မကြီးလို့ ခေါ်ရမှာ. . .နောက်ကျရင် ငါကနင့်ညီမလေး ဖြစ်လာလိမ့်မယ်’
ဝူယွဲ့လျန်သည် နွယ်လေးပြောတာတိုင်းကိုတော့ နားမလည်သော်လည်း နွယ်လေးက သူ့ညီမလေးဖြစ်လာမည်ဆိုသည်ကိုတော့ ကြားကာ အံ့သြသွားပြီး မျက်လုံးများက တောက်ပလာသည်။ ‘တကယ်လား? တကယ်လား?’
အရှေ့ကနေ လျှောက်နေသည့် နွယ်လေးသည် တစ်ကိုယ်လုံး လှည့်လာသည်။ တကယ်တော့ သူမက ခေါင်းသာလှည့်ချင်တာ ဖြစ်သော်လည်း လည်ပင်းက မရှိသဖြင့် တစ်ကိုယ်လုံးကို လှည့်လာရခြင်းသာ။
သူ့နွယ်ဆံပင်မျှင်လေးများကို လှုပ်ခါရင်း ဝူယွဲ့လျန်အား ‘တကယ်ပြောတာ တကယ်’
ထိုအခါ ဝူယွဲ့လျန်သည် ချက်ချင်းကို ပျော်မြူးသွားသည်။ သူမသည် လက်များကိုဆန့်ကာ နွယ်လေးကို ဖက်လိုက်သည်။ တော်သေးသည်မှာ နွယ်လေးက လမ်းလျှောက်ရာတွင်သာ ယိုင်တိယိုင်တိုင် ဖြစ်နေသော်လည်း မတ်မတ်တော့ ရပ်နိုင်ခြင်းသာ။ မဟုတ်လျှင် ဝူယွဲ့လျန်က သူမ၏အပေါ်သို့ လဲကျတော့မည်။
‘နင်ဒါကို အရမ်းပျော်သွားလား?’ နွယ်လေးက ဝူယွဲ့လျန်ကို မေးသည်။
ဝူယွဲ့လျန်၏ ချစ်ဖို့ကောင်းသည့် မျက်နှာလေးသည် အပြုံးကြီး ပြုံးနေသည်။ သူမ၏ တောက်ပသည့် မျက်လုံးများသည် လခြမ်းကွေးလေးလို ဖြစ်နေကာ နွယ်လေးအား ခေါင်းအမြန်ငြိမ့်ပြသည်။
‘နင်ဒီနေ့မလာရင် ငါတခြားတစ်ယောက်ကို အဖေတော်တော့မလို့။ ဒီလိုသာဆိုရင် နင့်ညီမလေး ငါမဖြစ်လောက်တော့ဘူး’ နွယ်လေးက ရုတ်တရပ် ဒါကို တွေးမိသွားသည်။
ဒီလိုပြောလိုက်သည့်အခါ ဝူယွဲ့လျန်၏ မျက်နှာပေါ်က အပြုံးသည် တောင့်ခဲသွားသည်။ ကလေးမလေးသည် နွယ်လေးကို စိုက်ကြည့်ရင်း နွယ်လေးက တခြားသူ၏ ညီမလေးဖြစ်သွားမည်ကို တွေးကြည့်နေမိသည်။
ဒီအတွေးဖြင့် သူမသည် မပျော်တော့ပေ။ နွယ်လေးကို ကြည့်ရင်း သူမ၏ ချယ်ရီလိုနှုတ်ခမ်းသေးသေးလေးများသည် အောက်သို့ညွှန့်ကျသွားကာ လခြမ်းကွေးလို မျက်လုံးတို့က နီရဲလာကာ မျက်ရည်တို့ ဝေ့တက်လာသည်။
ဒီလိုရုပ်လေးကို မြင်သည့်အခါ နွယ်လေးသည် မကောင်းတော့မည်ကို သိလိုက်သည်။ ‘အား ဒါမကောင်းတော့ဘူး’
ဝူယွဲ့လျန်က ငိုတော့မလို ဖြစ်သည့်အခါ နွယ်ပင်သေးသေးလေးသည် ကြောက်သွားသည်။ သူ့ခေါင်းပေါ်က နွယ်များကို ယမ်းခါရင်း ဝူယွဲ့လျန်ကို ချော့ရသည်။
‘ဟုတ်ပြီ ဟုတ်ပြီ မငိုနဲ့ မငိုနဲ့. . .တကယ်လို့ မေမေပြန်လာပြီး နင်ငိုတာမြင်ရင် ငါ့ဖင်ကို ရိုက်လိမ့်မယ်. . .ငါ့ဖင်က ဘယ်မှာလဲဆိုတာတော့ ငါလည်းမသိပင်မယ့်. . .’
ဖင်ဟူသည့် စကားကို ပြောပြီးနောက် နွယ်သေးသေးလေးသည် ခနခေါင်းရှုပ်သွားသည်။ သို့သော်လည်း ဝူယွဲ့လျန်ကို ချော့ရမည် ဖြစ်သောကြောင့် ဒါကိုဆက်မတွေးတော့ပေ။
‘လိမ္မာတဲ့ကလေးမလေး . . .နင်မြင်တယ်မလား ငါဒီမှာရှိနေတာ မြင်တယ်မလား? အဲ့ဒါကြောင့် တခြားယောက်ျားရဲ့ကလေး ငါမဖြစ်တော့ဘူးလေနော်. . .မပူနဲ့ မပူနဲ့. . .’
သို့သော်လည်း ဝူယွဲ့လျန်၏ နှုတ်ခမ်းတို့က ပိုတောင်ကွေးကျသွားသေးသည်။ သူမ၏ လက်သေးသေးလေးများကိုမကာ ကျလာသည့် မျက်ရည်များကို သုတ်နေသည်။ အသံတိတ်ငိုနေခြင်းပင်။
နွယ်လေးသည် ဘာလုပ်ရမှန်း မသိတော့ပေ။ ‘အမယ်လေး အမယ်လေး မငိုနဲ့ ကျေးဇူးပြုပြီး မငိုပါနဲ့. . . ငါဘာလုပ်ရမလဲ. . . မေမေရေ ကယ်ပါဦး’
လင်းချင်းက ယွမ်ထန်ရှင်းတိုနှင့် စကားပြောနေသည်မှာ သိပ်မကြာသေးပင်မယ့် နွယ်လေးက သူမကို ဆင့်ခေါ်လာသည်။ လင်းချင်းက နားမလည်ဖြစ်သွားကာ ဘာဖြစ်မှန်းကို မသိပေ။
နယ်မြေထဲသို့ ဝင်လိုက်သည့်အခါ ဝူယွဲ့လျန်က ငိုနေ၍ နွယ်လေးကလည်း သူမ၏အရှေ့တွင် လူးလှိမ့်နေသည်။
“နင်ဘာလုပ်နေတာလဲ? ငါသွားတာတောင် ၃မိနစ် မပြည့်သေးဘူ. . .အသေးလေးက ဘာဖြစ်လို့ ငိုနေရတာလဲ?’
နွယ်လေးသည် မြေကြီးပေါ်တွင် လူးလှိမ့်နေရာကထ၍ လင်းချင်း၏လက်ကို နွယ်မျှင်တစ်ခုဖြင့် လာထိပြီးနောက် ဝူယွဲ့လျန်ကိုလည်း နောက်နွယ်မျှင်တစ်ခုဖြင့် ရစ်ပတ်ထားလိုက်သည်။
‘မေမေ မေမေ အသေးလေးက ရုတ်တရပ် ထငိုတယ်. . .နွယ်လေးလည်း ဘာဖြစ်လို့ ငိုနေလဲဆိုတာ မသိဘူး. . .ကြည့်ရတာ သူ့ဖေဖေကို လွမ်းလို့ထင်တယ်’
ဒီလိုပြောကာ ဝူယွဲ့လျန်ဘက်သို့ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
ဝူယွဲ့လျန်သည် ငိုနေသော်လည်း ခုနတုန်းက နွယ်လေးပြောထားသည့် ကလေးအကြောင်းကို အမကြီးဇွန်ဘီအား လျို့ဝှက်ထားရမည်ဆိုသည်ကိုတော့ သတိရသေးသည်။
ထို့ကြောင့် ရှိုက်နေရင်း မျက်လုံးရဲရဲလေးများဖြင့် လင်းချင်းကို ခေါင်းငြိမ့်ပြသည်။ လင်းချင်းကို သူမ၏အဖေကို လွမ်းနေကြောင်း ပြောပြချင်သည်မှာကလည်း တကယ့်အမှန်ပင်။