May Honey Logo May Honey
Previous Next

၃၁၉။ အလကားကောင်ကြောင့် ဒုက္ခရောက်

နေ့လည်တွင် လင်းဝမ်ဝမ်နှင့် လုံချင်းယင်တို့က လင်းဟောင်နှင့် တူယွမ်ရှင်းတို့ကို တာဝန်ခန်းမတွင် ထားခဲ့ပြီးနောက် စျေးကိုသွားကြသည်။

ဒေသတိုင်းတွင် ကိုယ်ပိုင်စျေးရှိကြသည်။ ဒေသတစ်ခု၏စျေးက ကျေနပ်အောင် မလုပ်နိုင်သဖြင့် သူတို့သည် တခြားဒေသများ၏စျေးကိုပါ သွားကြည့်ကြတာ ဖြစ်သည်။ 

အုပ်ချုပ်ရေးရုံးများသည် များသောအားဖြင့် စီးပွားရေးဆိုင်ရာ အဆောက်အုံတွင်ရှိကြကာ တာဝန်ခန်းမက အုပ်ချုပ်ရေးရုံး၏ အောက်ဆုံးထပ်တစ်ခုလုံးကို နေရာယူထားသည်။ ပြည်သူ့လုံခြုံရေးရုံးနှင့် တခြားရုံးများသည်လည်း ဒီအဆောက်အဦးထဲတွင် ရှိကြတာ ဖြစ်သည်။

ထို့ကြောင့် သံသယရှိစရာမလိုအောင်ကို စျေးသည်လည်း အုပ်ချုပ်ရေးရုံးတွင်ဖြစ်ကာ ပထမထပ်ကနေ သုံးထပ်အထိ ဖြစ်သည်။ စခန်းသည် လူဦးရေထူထပ်သောကြောင့် စက်ရုံအဆောက်အဦးဟောင်းများနှင့် စီးပွားရေးလမ်းများသည်တောင် လူနေရာများ ဖြစ်လာကြသည်။

လင်းဝမ်ဝမ်နှင့် လုံချင်းယင်တို့သည် ပထမထပ်က စျေးသို့ တက်သွားကြသည်။ လူအများစုသည် ဒီနေရာတွင် စျေးခင်းကြကာ သူတို့နှင့်ကုန်သွယ်ဖို့ စောင့်လို့ရသည်။ ပရိဘောဂပစ္စည်းများကနေ သန့်ရှင်းရေးပစ္စည်းများအထိ အသုံးဝင်သည့်အရာမျိုးစုံကို ဒီနေရာတွင် တွေ့နိုင်သည်။ အဝတ်၊ ဖိနပ်၊ လက်ဝတ်ရတနာနှင့် အိပ်ခန်းအသုံးအဆောင်များကို ဒီနေရာတွင် တွေ့နိုင်သည်။

ကုန်သည်အများစုသည် အပြင်တွင် ဇွန်ဘီအမဲလိုက်ထွက်သည့် လူများထံမှ အသုံးဝင်သည့် ပစ္စည်းများကို စုဆောင်းကြတာ ဖြစ်သည်။ သူတို့ရသမျှကို စခန်းသို့ မအပ်လဲချင်သည့်သူများသည် ဒီနေရာတွင် လွတ်လပ်စွာ ကုန်သွယ်ခွင့်ရှိသည်။

အဝတ်၊ ဖိနပ်နှင့် အသုံးအဆောင်တို့သည် မိန်းကလေးများ စိတ်ဝင်စားတာ အများစုသာ ဖြစ်သည်။ ပုံမှန်အားဖြင့် လူအများစုသည် လက်ဝတ်ရတနာများကို သိပ်မဝယ်ကြတော့ပေ။

လင်းဝမ်ဝမ်နှင့် လုံချင်းယင်တို့သည် အဝတ်နှင့်ဖိနပ်ကို အဓိကရှာဖို့ လာကြတာ ဖြစ်သည်။ လူတို့သည် ဒီနေရာတွင် အဝတ်အသစ်စက်စက်များနှင့် အဟောင်းများကို တွေ့နိုင်သည်။ အသစ်များက အရမ်းအရမ်းကို စျေးကြီးသော်လည်း ဟောင်းလေ စျေးသက်သာလေ ဖြစ်သည်။

လင်းဝမ်ဝမ်နှင့် လုံချင်းယင်တို့နောက်တွင် ပြောက်ကျားဝတ်စုံတို့ကိုဝတ်ကာ ရိုင်ဖယ်များလွယ်ထားသည့် လူသုံးယောက်က နောက်ကနေ လိုက်လာသည်။ သူတို့နှစ်ယောက်သည် လှပသည်။ စျေးကလူအများစုသည် သူတို့အပေါ်ကို အရမ်းယဉ်ကျေးနေကြသော်လည်း ခြွင်းချက်တို့ကတော့ ရှိပေသည်။

“ဒီဖိနပ်တစ်စုံက ငါ့ဆိုဒ်။ ငါလိုချင်တယ်!”   ဒုတိယထပ်တွင် လင်းဝမ်ဝမ်က ဆိုင်တစ်ခု၏ရှေ့တွင်ရပ်ကာ ဖိနပ်တစ်ရံကိုကြည့်ပြီး ပြောသည်။

ဆိုင်ပိုင်ရှင်သည် အသက်သုံးဆယ်အရွယ်လူကြီး ဖြစ်သည်။ သူသည် ထိုင်ခုံတွင် ပျင်းရိစွာထိုင်နေရင်းက သူ့ဆိုင်အရှေ့သို့ မိန်းမလှလေး ရောက်လာသည့်အခါ အကြည့်တို့က ပြောင်းသွားသည်။ လင်းဝမ်ဝမ်သည် တကယ်ကြည့်လို့ကောင်းကာ နူးညံ့ပြီး တိတ်ဆိတ်သည့်ပုံရပေသည်။

သူသည် ချက်ချင်းထရပ်ကာ လင်းဝမ်ဝမ်၏ ငယ်ရွယ်သည့် မျက်နှာကို စွဲလမ်းစွာကြည့်၍ မျက်လုံးထောင့်များတွန့်သွားကာ သဘောတကျရယ်ရင်း   “မိန်းမလှလေးပါလား! မင်းကအရမ်းကို လှတာပဲ! မင်းမှာ ဘဲရှိလား မရှိဘူးလား ငါသိချင်တယ်”

ထိုလူသည် ရိုင်းစိုင်းစွာဖြင့် သူမအား ချစ်သူရှိမရှိကို မေးသည့်အခါ လင်းဝမ်ဝမ်၏ မျက်နှာထက်က အပြုံးဖျော့ဖျော့သည် ပျောက်သွားသည်။ သူမသည် ထိုလူအား အမှုအယာကင်းမဲ့စွာဖြင့် တစ်ချက်ကြည့်သည်။ ထိုလူ၏အကြည့်သည် သူမအား အဆင်မပြေဖြစ်စေသဖြင့် ဖိနပ်ကိုတောင် မလိုချင်တော့ပေ။

“ချင်းယင် ငါတို့တခြားနေရာကို သွားကြည့်ရအောင်!”   သူမသည် လုံချင်းယင်၏လက်ကိုကိုင်ကာ ထွက်သွားဖို့ ပြင်သည်။

“ဟေး. . .မသွားပါနဲ့။ စကားပြောရအောင်။ ဘာကိစ္စရှိလို့လဲ?”   ကောင်မလေးနှစ်ယောက်က ထွက်သွားဖို့လုပ်သည့်အခါ ဆိုင်ထဲကယောက်ျားသည် အမြန်ထွက်လာကာ သူတို့လမ်းတွင် လက်နှစ်ဖက်ဆန့်တန်း၍ ပိတ်ကာ ပြောသည်။

“လမ်းဖယ်စမ်း!”   လုံချင်းယင်သည် အေးစက်သည့်လေသံဖြင့် ပြောသည်။

ထိုယောက်ျားသည် လုံချင်းယင်ကို ခေါင်းအစခြေအဆုံးကြည့်ကာ မကြိုက်သည့်ပုံဖြင့် ခေါင်းခါသည်။   “ခန္ဓာကိုယ်ကတော့ လှပင်မယ့် မင်းမျက်နှာက အရမ်းကို ရွက်ကြမ်းရေကျိုဆန်လွန်းတယ်!”   သူသည်ကျွတ်သပ်လိုက်ကာ   “မင်းက လှတာလည်း မဟုတ်ဘဲနဲ့ ဘာတွေလာပြီးတော့ မာနကြီးပြနေတာလဲ? ဘယ်လောက် မာနကြီးကြီး ယောက်ျားတွေအောက်မှာ ငိုနေရတာပဲမလား?”

လင်းဝမ်ဝမ်သည် မျက်မှောင်ကျုံ့သွားသည်။ လုံချင်းယင်သည် လက်ကိုမြှောက်လိုက်ကာ နောက်တွင်လွယ်ထားသည့် ဓားရှည်ကို တစ်ဝက်ထုတ်လိုက်ကာ ဒီယောက်ျားကို အေးစက်သည့်အရှိန်အဝါဖြင့် ကြည့်လိုက်သည်။

ထိုလူသည် နောက်သို့အံ့သြစွာဖြင့် နှစ်လှမ်းလောက် ဆုတ်သွားသော်လည်း ကြောက်ပုံမပြပေ။ ထို့အစား သူသည် မယုံနိုင်စွာဖြင့်   “ဟေ့! မင်းဓားကြီးကို အမြဲဆွဲထုတ်မနေနဲ့ ဟုတ်ပြီလား? စခန်းမှာ လူသတ်မရဘူးဆိုတာကို မင်းသတိကပ်ထားဦး!”

သူနောက်သို့ ဆုတ်သွားသည့်အခါ လင်းဝမ်ဝမ်သည် သူ့ကိုရှောင်ကာ ထွက်သွားဖို့ လုပ်သည်။   “ဟေ့ မိန်းမလှလေး! မသွားပါနဲ့။ ငါမင်းကို မျက်စိကျနေတယ်ဆိုတာကို မင်းသိတယ်မလား။ အဲ့ဒါကြောင့် မင်းမှာယောက်ျားရှိမရှိကိုပြော။ ရှိတယ်ဆိုရင် အခုဖြတ်လိုက်!”   ထိုယောက်ျားသည် ရှေ့သို့တက်လာကာ လင်းဝမ်ဝမ်ကို တားသည်။

ထိုအခါ လင်းဝမ်ဝမ်၏အနောက်က လိုက်လာသည့် ဝေ့ကျန်းချန်သည် အရှေ့သို့ထွက်လာကာ ဒီလူအား ဘေးသို့ ဖယ်လိုက်သည်။   “အားနာပါတယ်။ ဘေးကိုဖယ်”

အရပ်ရှည်ကာ ထွားကျိုင်းသည့် ဝေ့ကျန်းချန်သည် ဘယ်သာမန်လူကိုမဆို ရှိန်သွားစေသည်။ သို့သော်လည်း ဒီလူကတော့ သူ့ကိုအတည်မတွေးပေ။ သူသည် ခေါင်းမော့ကြည့်ကာ အထင်သေးစွာဖြင့်   “ဘာလဲ? သာမန်လူလား? မင်းက အရမ်ရှည်ရုံနဲ့ မိုက်လှပြီ ထင်နေတာလား? သေနတ်ရှိရုံနဲ့ ငါကမင်းကို ကြောက်မယ်များ ထင်နေလား?”   ဒီလိုပြောကာ သူသည် ဝေ့ကျန်းချန်ကို လက်ဖြင့် တွန်းဖို့လုပ်သည်။

ဝေ့ကျန်းချန်သည် သူ့လက်ကို လျှင်မြန်စွာ ရှောင်လိုက်ကာ သူ့ကိုယ်အား အမြန်လှည့်လိုက်၍ သေနတ်ကို မောင်းတင်ရင်းဖြင့် ဒီလူကို ချိန်လိုက်သည်။

လင်းဝမ်ဝမ်သည် ဘာပြဿနာမှ မဖြစ်ချင်ပေ။ သူမသည် နောက်သို့ဆုတ်ကာ တခြားဘက်သို့ လှည့်ထွက်ဖို့လုပ်သည်။ သူတို့သည် တခြားဘက်သို့ အမြဲတမ်းထွက်ရနေသည် ဖြစ်သည်။ 

ဝေ့ကျန်းချန်က ထွက်လာကာ လင်းဝမ်ဝမ်က ထွက်သွားဖို့ လုပ်သည်နှင့် ဒီလူ၏ မျက်လုံးထဲတွင် အလင်းကဖြတ်ခနဲပေါ်လာသည်။ သူသည် သူ့အားချိန်ထားသည့် ဝေ့ကျန်းချန်၏ သေနတ်ကို အမြန်ဖမ်းလိုက်ကာ ဝေ့ကျန်းချန်က သတိမထားမိခင် လိမ်ပစ်လိုက်သည်။ သူသည် ဝေ့ကျန်းချန်ထက် အစပေါင်းများစွာ သန်မာသည်။

ထို့နောက် သေနတ်သည် ဝေ့ကျန်းချန်၏ လက်ထဲကနေ ကြမ်းပြင်ပေါ်သို့ ကျသွားသည်။ သေနတ်ကျသွား၍ ဝေ့ကျန်းချန်က လန့်သွားချိန်တွင် ထိုလူသည် ရှေ့သို့တိုးလာကာ သူ့ဗိုက်ကို ခြေဖြင့်လှည့်ကန်လိုက်သည်။

ဒုန်း!   အရပ်ခြောက်ပေကျော်ရှည်သည့် ဝေ့ကျန်းချန်သည် သုံးလေးမီတာလောက် လွှင့်ထွက်သွားကာ တိုင်ဖြင့်ပြေးဆောင့်မိသည်။

ဒါသည်အရမ်းမြန်ဆန်စွာ ဖြစ်သွားသဖြင့် ဘယ်သူကမှ မတုန့်ပြန်နိုင်လိုက်ပေ။ သူတို့သည် အရပ်ရှည်ကာ သန်မာသည့် ဝေ့ကျန်းချန်က ဒီလူထံတွင် အလွယ်လေးအကန်ခံလိုက်သည်ကို ကြည့်နေကြသည်။ အများစုက ဘာမှမပြောသော်လည်း ခပ်လှမ်းလှမ်းကနေ တိတ်တဆိတ်ကြည့်နေကြတာ ဖြစ်သည်။

လုံချင်းယင်သည် ချက်ချင်းဓားရှည်ကို ဆွဲထုတ်လာသည်။

ဝေ့ကျန်းချန်ကို ကန်ပြီးနောက် ထိုလူသည် သူ့ကိုယ်သူတည်ငြိမ်အောင် ရပ်လိုက်ချိန်တွင် သူ့လည်မြိုထက်သို့ ဓားထိပ်က ရောက်လာလေသည်။ သူသည် မလှုပ်ရှားသော်လည်း ဂရုမစိုက်သည့် လှောင်ရယ်သံဖြင့်   “ဟေး! ငါ့လည်ပင်းကို မင်းဖြတ်ရဲလို့လား? ငါဘယ်သူလဲသိလား?  ငါပြောပြမယ်။ မင်းငါ့ကို တစ်ခုခုထိခိုက်အောင် လုပ်ရဲလို့ကတော့ မကြာခင် မင်းသေသွားမယ်”

လုံချင်းယင်သည် မျက်မှောင်ကျုံ့ကာ လက်ကိုလှုပ်ဖို့ လုပ်လိုက်သော်လည်း ဒီလိုရွံ့ဖို့ကောင်းတာသိသာသည့်သူအား လည်မြိုဖြတ်ခြင်းကို လူတစ်ယောက်က တားလိုက်သည်။ 

လင်းဝမ်ဝမ်က သူမအား   “ချင်းယင် စိတ်အေးအေးထား!”

ထိုအချိန်တွင် လင်းဝမ်ဝမ်အား ထိုလူက ယုတ်မာစွာ ပြုံးရယ်ကြည့်ကာ   “အဟေး! မင်းမှာဘဲရှိလားလို့ ငါထပ်မမေးတော့ဘူး။ ဒီညမင်းငါနဲ့အိပ်ရင် မင်းလိုချင်တဲ့ ဖိနပ်တစ်ရံပေးမယ်။ အဝတ်တွေလည်း ပေးဦးမယ်။ မင်းကြိုက်တာသာရွေးယူ။ ဘယ်လိုလဲ?”

လင်းဝမ်ဝမ်သည် ဘာမှမပြောတော့ဘဲ လုံချင်းယင်၏လက်ကိုကိုင်ကာ ဝေ့ချန်းယန်ထံသို့ လျှောက်သွားသည်။ ဒီတစ်ခါတော့ သူမကို ဒီလူက မတားတော့သော်လည်း သူမ၏နောက်ကျောကို လောဘအပြည့်ဖြင့် ငမ်းငမ်းတက် စိုက်ကြည့်နေသည်။  
Previous Chapter 319 of 410 Next