May Honey Logo May Honey
Previous Next

၃၄၇။ မျက်လုံးအတွက် မျက်လုံး

လင်းချင်းသည် ဘေးကနေ ရပ်ကြည့်နေစဉ် စိတ်ဆိုးနေသည့် သူမ၏ မျက်လုံးထဲမှ အေးစက်သည့် အလင်းများ ထွက်နေသည်။ သူမသည် ကိုယ့်ကိုယ်ကိုသာ မထိန်းချုပ်နိုင်လျှင် သူမ၏ လူသတ်ချင်စိတ်သည် ကိုယ်ထဲကနေ ထွက်လာ၍ အခန်းထဲက ယောက်ျား၃ယောက်ကို ဦးတည်မိလိမ့်မည်။

‘ဒီကောင်က ငါ့ညီမ ဝမ်ဝမ်ကို ထိခိုက်အောင် တကယ်ကြီး ကြံစည်ရဲတာပဲ။ တော်သေးတာက စခန်းကို ငါအချိန်မှီပြန်ရောက်လာပြီးတော့ ဘာတွေဖြစ်နေသလဲ သိချင်လို့ ဒီဓားပြနောက်က လိုက်လာမိတာပဲ။ ငါသာဒီလိုမလုပ်မိရင် ဒီကောင်တွေက ငါ့ညီမကို ဆက်ထိခိုက်အောင် လုပ်ကြဦးမယ်!’

ယန်းဟွေ့သည် ဘာမှမပြောသော်လည်း လင်းချင်းမှာ သူ့ထံမှ ရက်စက်သည့် စိတ်ရိုင်းများကို သိသိသာသာကို ထောက်လှမ်းမိထားသည်။ သူတို့သည် သူမ၏ ညီမလေးအား မုဒိန်းကျင့်ချင်ရုံတင်မက ဝူချန်းယွဲ့ကို ထိခိုက်အောင်လုပ်ဖို့ ဇွန်ဘီလက်နက်အဖြစ်ပါ အသုံးချချင်နေကြသေးသည်။

လင်းချင်းသည် ပြတင်းပေါက်နားသို့ လျှောက်သွားလိုက်သည်။ ဒီနေရာက မှန်တံခါးများသည် ဖွင့်ထားလေရာ ဝရံတာသို့ ထွက်လို့ရနေသည်။    ‘ကောင်းတယ်! ငါ့ညီမကို ပစ်မှတ်ထားရဲမှတော့ နင်တို့မှာလည်း နှမရှိသေးတာကို မမေ့ကြနဲ့!’

လင်းချင်းသည် ဝရံတာသို့ တည်ငြိမ်စွာ လျှောက်သွားကာ လက်တန်းမှ တခြားအမိုးတစ်ခုပေါ်သို့ ခုန်ချလိုက်သည်။ အခန်းထဲက လူသုံးယောက်သည် ဇွန်ဘီတစ်ကောင်က သူတို့ပြောသမျှ အကုန်ကြားသွားသည်ကို လုံးဝမသိလိုက်ကြပါပေ။

အမိုးပေါ်ကနေ လင်းချင်းသည် ဒီဖက်သို့ ခုန်ကူးသွားကာ တခြားဝရံတာ တစ်ခုပေါ်သို့ တက်လိုက်သည်။ သူမသည် ဝရံတာတွင် ရပ်နေရင်းမှ ယန်းယန်နှင့် ကလေး၂ယောက်မှာ ဧည့်ခန်းထဲတွင် ရှိနေကြသည်ကို ကြည့်လိုက်သည်။ 

ယန်းယန်သည် ကလေး၂ယောက်အတွက် စားဖို့တစ်ခုခု ပြင်ပေးနေပုံရကာ သူမ၏ဘေးတွင် tabletဖြင့် ဂိမ်းဆော့နေသည့် ယောက်ျားတစ်ယောက်ရှိသည်။ လင်းချင်းသည် တိုက်ခန်းထဲကလူများကို တစ်ချက်ကြည့်ပြီးသည့်နောက် သူမ၏ဘေးက လက်နက်ကိုင်စစ်သားကို ကြည့်လိုက်သည်။

ဝရံတာတွင် ဒီတစ်ယောက်၊ ဧည့်ခန်းထဲတွင် တစ်ယောက်နှင့် တံခါးဝတွင် နှစ်ယောက်ရှိသည်။ ဒီအဆင့်ငါးစွမ်းအားရှင်များသည် ဒီမိသားစုကို စောင့်ရှောက်ပေးနေတာ ဖြစ်သည်။

“မေမေ့သားလေး ဒီကိုလာ ဒီမှာကြည့်စမ်း ဒါသားအကြိုက်ဆုံး ကြက်သွန်မိတ်ပန်ကိတ်မလား? သားအတွက် မေမေက ဖုတ်ခိုင်းလိုက်တာ။ လာစား”   ယန်းယန်သည် မွှေးနေသည့် ပန်ကိတ်များကို စားပွဲပေါ်သို့ တင်၍ပြောသည်။

သူမ၏အနောက်တွင် သက်လတ်ပိုင်းအရွယ် အိမ်ဖော်မိန်းမသည် သူမအား ကြောက်လန့်တကြား စိတ်ပူစွာဖြင့် ကြည့်နေသည်။ သူမက ကြောက်သည်မှာ အကယ်၍ ယန်းယန်၏သားကသာ ဒီပန်ကိတ်များကို မကြိုက်ပါက ချက်ချင်း ဒီပန်ကိတ်များဖြင့် သူမ၏မျက်နှာကို ပစ်ပေါက်ခံရမှာပင်။ 

သူမ၏ မျက်နှာတွင် အမာရွတ်များရှိနေကာ သူမ၏ခြေထောက်နားတွင် ပန်းကန်အကွဲစများနှင့် အမှိုက်တောင်းထဲတွင် ပန်ကိတ်အချို့က ရှိနေသည်။ သူမသည် အမှိုက်တောင်းထဲမှ ပန်ကိတ်များကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ ပါးစပ်ထဲတွင် သွားရည်ယိုနေပြီ ဖြစ်သော်လည်း သူမသည် လုံးဝကို မလှုပ်ရဲပေ။

ဒီမိသားစုက ချမ်းသာသည်။ မိန်းမသည် ဘယ်လိုချက်ပြုတ်ရမလဲ မသိသဖြင့် သူမအား အိမ်ဖော်အဖြစ်ငှားထားတာ ဖြစ်သည်။ သို့သော်လည်း သူတို့သည် သူမအား တစ်နေ့လျှင် ပေါက်စီ၂လုံးသာ အခကြေးအဖြစ် ပေးသည်။ ထိုပေါက်စီ၂လုံးကလွဲလျှင် သူမအား ဘာကိုမှ ယူခွင့်မပြုပေ။ အမှိုက်တောင်းထဲဟာများအစ ဖြစ်သည်။

အိမ်ဖော်သည် မှီခိုစရာ အားကောင်းသူ ရှိနေရုံဖြင့် အစာများကို ဖြုန်းတီးကြသည့် ယန်းယန်တို့ မိသားစုကို မုန်းတီးသည်။ အမှိုက်တောင်းထဲက ပန်ကိတ်များဆိုလျှင် အရွယ်ရောက်သူ ၃ယောက် ၄ယောက်အတွက် တစ်နပ်စာ လုံလောက်နေသည်။

လင်းချင်းသည် ယန်းယန်အား အေးစက်ကာ ရန်လိုမှုအပြည့်ဖြင့် ကြည့်လိုက်သည်။ ဧည့်ခန်းထဲတွင် ယန်းယန်သည် သူမ၏လက်ထဲမှ ပန်းကန်လုံးအသေးတစ်လုံးကို ကိုင်ထားသည်။ သူမသည် ပန်ကိတ်ကို တစ်ဖက်လက်ဖြင့်ဖဲ့ကာ ဆိုဖာပေါ်တွင် ခွေနေသည့် ကောင်လေးထံသို့ ခွံ့ကျွေးသည်။

“ဒီမှာ ငါ့သားလေးအတွက်။ မွှေးမနေဘူးလား? စားချင်လား?”
ယန်းယန်သည် ကောင်လေးအား ချော့မော့ကာ ကျွေးနေသည်။

ကောင်လေးသည် စောင်ခြုံထဲတွင် ကွေးနေကာ ဆိုဖာပေါ်တွင် ခွေနေခြင်း ဖြစ်သည်။ ယန်းယန်က သူ့နှာခေါင်းအနားသို့ ပန်ကိတ်ကို လာပြသည့်အခါ အနံ့ခံကြည့်ပြီးနောက် မကြိုက်သည့်ရုပ် လုပ်ပြသည်။ ထို့နောက် ယန်းယန်က သူ့အား တူဖြင့်ခွံနေသည်ကို လက်ဖြင့်ပုတ်ထုတ်လိုက်သည်။

“မစားချင်ဘူး. . .မကောင်းဘူး. . .”   ကောင်လေးသည် အကျယ်ကြီးအော်သည်။ ထို့နောက် စောင်အားခေါင်းမြီးပြန်ခြုံကာ ထွက်မလာတော့ပေ။

ယန်းယန်သည် ကောင်လေးကို စိတ်မဆိုးပေ။ သို့သော်လည်း ထိုပန်ကိတ်ပန်းကန်အား သူမ၏အနားတွင် ကြောက်လန့်စွာရပ်နေရှာသည့် အိမ်ဖော်မကို ကြမ်းတမ်းစွာ ပိတ်ပေါက်လိုက်သည်။

“နောက်ပန်ကိတ်သွားလုပ် ငါ့သားကြိုက်တာတစ်ခုခုကို နင်လုပ်မပေးနိုင်မချင်း ပြန်ရမယ်မထင်နဲ့!”
သူမသည် အိမ်ဖော်အား ဒေါသဖြင့်အော်ဟစ်သည်။

အိမ်ဖော်မသည် ဒါကိုကြိုသိပြီးသား ဖြစ်သည်။ ပန်းကန်က သူမထံသို့ ပျံလာသည်နှင့် လက်နှစ်ဖက်ကို အမြန်မြှောက်ကာ မျက်နှာအား ကာလိုက်သည်။ ထိုအခါ ပန်းကန်သည် သူမ၏ လက်ကိုထိသွား၍ ကျကွဲသွားသည်။

ပန်းကန်ဖြင့် ပေါက်ခံရပြီးနောက် အိမ်ဖော်သည် ယန်းယန်နှင့် ရန်မဖြစ်ရဲဘဲ ဒူးထောက်လိုက်ကာ ပန်းကန်အကွဲနှင့် ပန်ကိတ်များကို ရှင်းလိုက်ကာ အသံတုန်တုန်ဖြင့်   “ဟုတ်ကဲ့! ဟုတ်ကဲ့ ကျွန်မ. . .ကျွန်မ. . . အသစ်လုပ်လိုက်ပါ့မယ်! တခြားအသစ်. . .”

“သွား! ဘာဖြစ်လို့ ဒီမှာ လာဒူးထောက်နေသေးတာလဲ?”   ယန်းယန်က သူမအား အော်သည်။ သူမ၏စိတ်ထဲတွင် ဖြေလို့မရသည့် ဒေါသက ရှိနေသည်။ သူမ၏ သားကိုကြည့်လိုက်သည့်အခါ ဟေးဒီးစခန်းက မိန်းမကို အပိုင်းပိုင်းဖြတ်၍ ခွေးကျွေးပစ်ချင်သွားသည်။

‘ငါ့သားကို ဒီလောက်မခြောက်ရင် ဒီလိုဖြစ်နေပါ့မလား? အခုတော့ သနားဖို့ကောင်းတဲ့ ငါ့ကလေးက ဘာကိုမှ မစားနိုင်တော့ဘူး။ ရေပဲသောက်နိုင်တယ်။ ဘာပဲစားစား အစာဝင်တာနဲ့ ပြန်အန်ဦးမယ်’

သူမသည် ဘာလုပ်ရမယ် မသိသဖြင့် သူမ၏သား အကြိုက်ဆုံးဖြစ်ခဲ့သည့် ပန်ကိတ်များကို အိမ်ဖော်အား လုပ်စေတာ ဖြစ်သည်။ သို့သော်လည်း ရလဒ်ကတော့ အတူတူပင်။ 

သူမ၏အကိုကြီးသည် ဒီလူများကို အပြစ်ပေးဖို့ ကတိပေးထားသော်လည်း ထိုလူများသည် အခုအထိ အကောင်းတိုင်ရှိသေးသည်။ ဘာမှကိုမဖြစ်ပေ။ ထို့ကြောင့် ယန်းယန်သည် ပို၍မုန်းတီးလာရသည်။ သူမတွင် ဒေါသကိုထုတ်စရာမရှိသဖြင့် အိမ်ဖော်ကိုသာ ဒုက္ခပေးနေတာ ဖြစ်သည်။

ဧည့်ခန်းထဲတွင် ဂိမ်းဆော့နေသည့်သူကတော့ သူမတို့အော်ဟစ်နေသည်များကို လုံးဝကို လျစ်လျူရှုထားကာ ဂိမ်းထဲတွင်သာ အပြည့်အဝအာရုံစိုက်ထားသည်။

လင်းချင်းသည် ယန်းယန်၏အနားသို့ ကပ်လာ၍ သူမ၏အနောက်တွင် အေးစက်စွာဖြင့် ရပ်နေသည်။ ရုတ်တရပ် သူမသည် ယန်းယန်၏ ဆံပင်ကို စောင့်ဆွဲလိုက်သည်။ 

ထို့နောက် ယန်းယန်သည် ပျောက်ကွယ်သွားသည်။ ဘယ်သူကမှ သူမ၏ ပျောက်ကွယ်သွားခြင်းကို မမြင်လိုက်ကြပေ။ ဧည့်ခန်းထဲက စစ်သားသည် သူမအား ကြည့်မနေသလို ဝရံတာမှ စစ်သားသည်လည်း သူ့ရိုင်ဖယ်ကိုသာ သနေ၍ မမြင်ပေ။

ကောင်လေးသည်လည်း ဆိုဖာပေါ်တွင် စောင်ကို ခေါင်းမြီးခြုံထားလေရာ ၅နှစ်အရွယ် ကလေးမလေးကသာ သူ့အမေရှိခဲ့သည့်နေရာကို ငေးကြည့်၍
“မေမေ? မေမေ. . .မေမေ. . .”

ကလေးမလေး၏အသံကို ကြားသည့်အခါ ဧည့်ခန်းထဲကလူသည် ကလေးက ပျင်းနေ၍ဖြစ်မည်ဟု ထင်လိုက်သည်။ ထို့ကြောင့် အာရုံသိပ်မစိုက်ဘဲ ခေါင်းကိုတောင် မော့မကြည့်ပေ။

သို့သော်လည်း ဝရံတာက စစ်သားကတော့ ကလေးမလေး၏ အသံကိုကြားသည့်အခါ ခေါင်းထောင်ကြည့်သည်။ ယန်းယန်မရှိကြောင်းကို သူတွေ့သော်လည်း မီးဖိုချောင်သို့ ထွက်သွားတာ သို့မဟုတ် အိပ်ခန်းထဲသို့သွားသည်ဟု ထင်၍ ခေါင်းပြန်လှည့်သွားသည်။

. . .

ယန်းယန်သည် သူမ၏ ဆံပင်အား တစ်ယောက်က ဆွဲလိုက်သည်ကို ခံစားမိသည့်နောက် သူမထိုင်နေသည့် ဆိုဖာသည် ပျောက်သွားသည်။ ထို့နောက် သူမသည် အောက်သို့ပြုတ်ကျသွားသဖြင့် လန့်သွားသည်။

ခေါင်းမော့ကြည့်လိုက်သည့်အခါ သူမ၏အရှေ့က ကမ္ဘာသည် ပြောင်းလဲသွားသည်။ သူမသည် ဧည့်ခန်းထဲတွင် မဟုတ်တော့ကာ သူမ၏အရှေ့က ကလေးနှစ်ယောက်သည်လည်း မရှိတော့ပေ။ 

သူမသည် ထူးဆန်းသည့် ကြောက်ဖို့ကောင်းအောင် အုပ်ဆိုင်းနေသည့် သစ်တောကို ကြည့်လိုက်သည်။ သူမသည် အရမ်းကြောက်သွားသည်။ သူမသည် အိမ်တွင်မဟုတ်တော့သည်ကို သေချာမှတ်မိသော်လည်း ဘယ်လိုလုပ် ဒီနေရာသို့ ရောက်လာသနည်း?

သူမသည် ကြောက်လန့်တကြား လှည့်ကြည့်လိုက်သည့်အခါ ခြောက်ခြားသွားတော့သည်။ သူမသည် သွေးများပေကျံနေသည့် ဇွန်ဘီခွေးကြီးမှာ သူမ၏အနောက် တစ်မီတာအကွာတွင် ရှိနေကြောင်းကို တွေ့လိုက်ရသည်။

“ဂါ. . .”
ဇွန်ဘီခွေး၏ လည်ချောင်းထဲမှအသံကို ကြားလိုက်ရသည်။ ခွေးကြီးသည် တိုက်ခိုက်ဖို့အတွက် အသင့်ဖြစ်နေတာ ဖြစ်သည်။

Previous Chapter 347 of 410 Next