May Honey Logo May Honey
Previous Next

၂၇၈။ ချူးလီလီ၏အလှည့်

ဇွန်ဘီမကို အဝတ်ဆင်ပြီးသည့်အခါ လင်းချင်းသည် ဇွန်ဘီထီးကို ဝတ်ပေးဖို့ လှည့်လိုက်သည်။ သူမသည် သူ့ကိုယ်ကို မကြည့်မိအောင် သတိထားကာ ထိုင်ချလိုက်ပြီး ဇွန်ဘီထီး၏ ဖုံးကွယ်အပ်သည့်အစိတ်အပိုင်းကို မမြင်ရအောင် လက်ဖြင့်ကာထားသည်။

“အဟမ်း!”   လင်းချင်းသည် မျက်နှာကိုလွှဲကာ အတွင်းခံကိုကိုင်ပေးထားသည်။ သူမဘာမှ မပြောရသေးခင် ဇွန်ဘီထီးသည် အတွင်းခံထဲသို့ ခြေတစ်ဖက်ထိုးထည့်သည်။ 

ဇွန်ဘီနှစ်ကောင်သည် ဉာဏ်တော့ရှိကြသည်။ လင်းချင်းက သူတို့ကို ဝတ်ခိုင်းလိုက်သည့်အခါ သူတို့သည် နားမလည်ဖြစ်သွားကာ ဘယ်လိုစဝတ်ရမလဲကို မသိပေ။ သို့သော်လည်း လင်းချင်းက တစ်ခါလုပ်ပြသည်ကို မြင်သည့်အခါ သူတို့သည် ဘယ်လိုဝတ်ရမလဲကို သိသွားကာ မှတ်ထားကြသည်။ သင်ယူနိုင်စွမ်းကတော့ အထင်ကြီးစရာကို မြင့်လွန်းသည်။

ဇွန်ဘီနှစ်ကောင်အား ဝတ်ပေးပြီးသည့်အခါ သူတို့သည် လူသားနှင့်တူသွားကြသည်။ လင်းချင်းသည် သူတို့နှစ်ယောက်အား နယ်မြေထဲက ထုတ်လာသည်။ နှစ်ရက်လောက်ကြာအောင် ရေထဲတွင် စိမ်ခံထားရသည့်အခါ လင်းချင်းသည် သူတို့အား အပြင်ထွက်၍ လေကောင်းလေသန့်ရှုဖို့ အချိန်သင့်ပြီဟု တွေးလိုက်သည်။

အပြင်ထွက်လာကြသည့်အခါ မုံမုံသည် အမိုးပေါ်တွင် ထိုင်နေကြောင်းကို လင်းချင်း တွေ့လိုက်ရသည်။ လှေကားဆောင်၏အမိုးပေါ်တွင်ထိုင်ကာ တိမ်ထူနေသည့် ကောင်းကင်ကို ငေးနေသည်။ လင်းချင်းနှင့် ဇွန်ဘီနှစ်ကောင် ထွက်လာသည့်အခါ သူမသည် ချက်ချင်းအောက်သို့ ပြန်လှည့်ကြည့်သည်။

“ဂါး!”
‘နောက်ဆုံးတော့ ထွက်လာပြီပဲ!’

“လီလီ ဘယ်မှာလဲ?”   လင်းချင်းသည် သူမကိုမေးသည်။ 

မုံမုံသည် အမိုးပေါ်ကနေ ခုန်ချကာ သူမနားသို့ အမြန်ဆင်းလာကာ အော်သည်။
“ဂါး! ဂါး! ဂါးဂါးဂါး!”
‘လူလိမ်မ! တစ်နေ့ကို ရေသုံးခွက်တိုက်မယ်လို့ ငါ့ကိုကတိပေးထားတာ! အခုအကြွေးတင်နေပြီ! တနေ့ကိုသုံးခွက်။ နှစ်ရက်ဆိုရင် ခြောက်ခွက်။ သုံးရက်၊ လေးရက်၊ ငါးရက်. . . ၁၅ခွက် အကြွေးတင်နေပြီ!’

လင်းချင်းသည် သူမကိုဆွံ့အစွာ ကြည့်လိုက်သည်။ မုံမုံသည် သူမက မေးနေသည်ကို မဖြေဘဲ လင်းချင်းက သူမကို ရေမတိုက်သည်ကိုသာ ဂရုစိုက်နေတာ ဖြစ်သည်။

“ငါးရက်လား? ငါနယ်မြေထဲမှာ ငါးရက်တောင် ရှိနေခဲ့တာလား?”   လင်းချင်းက သူမ၏နယ်မြေထဲတွင် ငါးရက်လောက်ကုန်သွားမည်ဟု မထင်ခဲ့မိပေ။

မုံမုံသည် သူမကိုကြည့်ရင်း အော်သည်။   “ဂါး!”   ‘ရေ! ရေ! ရေ!’

“ဟုတ်ပြီ! ဟုတ်ပြီ! တော်တော့! ငါနင့်ကိုရေပေးမယ်!”   လင်းချင်းသည် သူမကိုကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် ဖြေသည်။ ပြောနေရင်းတွင် သူမ၏ လက်ထဲ၌ ရေမုတ်ကြီးတစ်ခုက ပေါ်လာသည်။ ထိုထဲကရေသည် သုံးခွက်စာကို မကပေ။

ချက်ချင်းကို မုံမုံသည် သူမ၏လက်ထဲက ရေမုတ်ကိုယူကာ လှည့်ထွက်သွားဖို့ လုပ်သည်။ လင်းချင်းသည် သူမကို လှမ်းမခေါ်ရသေးခင် လေထဲမှ အဖြူသဏ္ဍာန်တစ်ခုသည် ဖြတ်ပြေးလာကာ လင်းချင်း၏ဘေးသို့ ရောက်လာသည်။

“အာယာ!”   ‘ညီမလေးက ဒီမှာ!’   ချူးလီလီက လင်းချင်းကို အော်ပြောသည်။

လင်းချင်းသည် သူမကို တစ်ချက်ကြည့်ကာ   “အင်း နွယ်လေးက အဆင်သင့်ဖြစ်ပြီ။ စွမ်းအားတွေအကုန်လုံးကိုလည်း စုပ်ထားတယ်။ ကန်ထဲကို ဆင်းရင် နင့်စွမ်းအားတွေကို စစ်ပေးပြီးတော့ နင့်ကိုယ်ကိုပြန်ပြင်၏ ခန္ဓာကိုယ်က လုပ်ဆောင်ချက်တွေ ပြန်အလုပ်လုပ်အောင် လုပ်ပေးလိမ့်မယ်”

“အာ ယာ ယာ ယာ”   ချူးလီလီသည် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းငြိမ့်သည်။   ‘မြန်မြန်လေး’

“ဒီနားမှာနေ။ အဝေးကြီးကို လျှောက်သွားမနေနဲ့”   လင်းချင်းသည် ဇွန်ဘီနှစ်ကောင်ကို လှည့်ပြောသည်။ ထို့နောက် သူမသည် ချူးလီလီ၏ လက်ကိုကိုင်ကာ သူမနှင့်အတူ ပျောက်သွားသည်။

လင်းချင်းနှင့် ချူးလီလီတို့ ပျောက်သွားသည့်အခါ ဇွန်ဘီနှစ်ကောင်သည် အမိုးပေါ်ကနေ ချက်ချင်းခုန်ဆင်းသွားကြသည်။ ဒီလိုလုပ်ခြင်းမှာ မုံမုံ၏ အရှိန်အဝါသည် သူတို့အတွက် မတရားကြောက်ဖို့ကောင်းနေကာ အနီးနားတွင်လည်း အင်အားကြီးမည့် ဇွန်ဘီများ၏ အရှိန်အဝါကို ခံစားမိနေသောကြောင့် ဖြစ်သည်။ လင်းချင်း၏ ခွင့်ပြုချက်မရှိဘဲ မလှုပ်ရှားရဲသော်လည်း လင်းချင်းထံမှ အမိန့်ရသည်နှင့် မုံမုံနှင့် ဝေးရာကို ပြေးတော့သည်။

မုံမုံသည် လင်းချင်းနှင့် ချူးလီလီတို့ ပျောက်သွားခြင်းကို သိပ်အာရုံမစိုက်ပေ။ သူမသည် ကန်ရေကိုသာ အငမ်းမရသောက်နေသည်။ 

နယ်မြေထဲသို့ ရောက်သည့်အခါ ချူးလီလီသည် အဆင့်မြင့်သွားသည့် နယ်မြေကို အံ့သြတကြီး ကြည့်နေကာ    “ဝါ”   ‘ကြီးလာတယ်’

လင်းချင်းက ခေါင်းငြိမ့်ကာ   “ဟုတ်တယ်။ နွယ်လေးက အဆင့်မြင့်ရင် နယ်မြေက ပိုကြီးလာပုံရတယ်။ နင့်အဝတ်တွေကို ချွတ်ပြီး ကန်ထဲကို ဆင်းလိုက်”   ထို့နောက် ကန်ဘက်သို့ လှည့်အော်သည်။   “နွယ်လေး လီလီကို ခေါ်သွားတော့”

ကျောက်စိမ်းဖြူရောင်နွယ်များသည် ကန်ရေမျက်နှာပြင်ပေါ်သို့ တက်လာကာ ကန်ဘေးသို့ ယိမ်းနွဲ့ကာ ကနေသလိုမျိုး ရောက်လာသည်။

“အာယာယာ?”   ချူးလီလီသည် လင်းချင်းက အဝတ်ချွတ်ခိုင်းသည်ကို ချီတုံချတုံဖြစ်နေသည်။   ‘အဝတ်ချွတ်ဖို့က လိုလို့လား?’

“နင်ဝတ်ထားရင်တောင် မကြာခင် ပျောက်သွားမှာ”   လင်းချင်းက ပြောသည်။   “ရေထဲကိုသွားပါ။ ငါနင့်ကိုမကြည့်ဘူး။ ငါထွက်နေနှင့်မယ်”

စကားပြောနေရင်း သူမသည် ပျောက်သွားသည်။ လင်းချင်းသည် နယ်မြေထဲတွင် မရှိတာတောင်မှ နယ်မြေထဲက အရာများကို မြင်နိုင်သေးတာ ဖြစ်သည်။

လင်းချင်းထွက်သွားသည့်နောက် ချူးလီလီသည် ရေကန်ဘေးတွင် သူမကို စောင့်နေသည့် နွယ်ဖြူများကို ကြည့်လိုက်ကာ သူမ၏ဂါဝန်စကို တွေဝေစွာဖြင့် ကိုင်ထားသည်။ သို့သော်လည်း ခနပဲတွေးပြီးနောက် အဝတ်များကို စချွတ်ဖို့လုပ်သည်။ 

မချွတ်ခင်တွင် သူမသည် ဘေးကိုကြည့်ကာ ပရိဘောဂပုံနားက ခုံကိုတွေ့သွားသည်။ ခုံကိုအရင်သွားယူကာ ကန်နားတွင်ချသည်။ ထို့နောက် အဝတ်ကိုချွတ်ကာ သေသပ်စွာခေါက်၍ ခုံပေါ်တင်သည်။

ထို့နောက် အနေရကြပ်စွာဖြင့် လက်တစ်ဖက်က ရင်ဘတ်ကိုကွယ်ပြီး တစ်ဖက်က အောက်ပိုင်းကိုကာထားကာ ကန်ဆီသို့ လျှောက်လာသည်။

နွယ်လေးသည် သူမ၏ခါးအား ရစ်ပတ်လိုက်ကာ ကန်ထဲသို့ခေါ်သည်။
‘မမလီလီ မကြောက်နဲ့။ နွယ်လေးက အရမ်းငြင်သာပါတယ်’

ချူးလီလီသည် သူမဆီကမဟုတ်သည့်အသံကို ခေါင်းထဲတွင် ကြားရသည့်အခါ အံ့သြသွားပြီး   “အာယာယာ?”   ‘နွယ်လေး?’

‘ဟုတ်တယ်။ ဟုတ်တယ်။ နွယ်လေးက ဒီမှာ’   နွယ်လေးက ဖြေသည်။

“အာယာယာ?”   ချူးလီလီ မေးသည်။   ‘နာမှာလား?’

‘နည်းနည်းပါ။ သည်းခံဖို့လိုမယ်’   နွယ်လေးက ပြောသည်။

ချူးလီလီသည် ရေထဲသို့ဆင်းလာသည်နှင့် နွယ်များက သူမ၏ခါးနှင့်ခြေတို့ကို ရစ်ပတ်ကာ ရေနက်သည့်နေရာသို့ ဆွဲခေါ်သွားသည်။ 

နယ်မြေ၏ အပြင်ဘက်တွင် လင်းချင်းသည် ကောင်းကင်ကိုကြည့်သည်။ ညနေပိုင်းဖြစ်နေပြီ။ ထို့နောက် ပတ်ဝန်းကျင်က အရှိန်အဝါများအရ ဇွန်ဘီခေါင်းဆောင်များသည် နာခံစွာဖြင့် သူတို့နေရာတွင် နေကြသည်ကို တွေ့ရသည်။ သို့သော်လည်း သူတို့သည် သူမအား တောင့်တစိတ်အပြည့်ဖြင့် ကြည့်နေကြသည်။ လင်းချင်းသည် သူတို့က ဘာကိုတောင့်တနေသလဲ ဆိုသည်ကို နားလည်သည်။ မုံမုံလိုပဲ သူတို့သည် ကန်ရေကို မျှော်နေကြတာပင်။

ဟိုတယ်ထဲကလူများသည် အဆင်ပြေပြေရှိနေကြသည်။ ယွမ်ထန်ရှင်းတို့ကတော့ ပြန်မရောက်လာသေးပေ။ ရက်အတော်ကြာပြီဖြစ်ရာ လင်းချင်းသည် သူတို့တစ်ခုခုဖြစ်နေ၍လားဟု တွေးမိတော့သည်။ ပထမဆုံးလူခေါ်ရသည်က ခက်သည်မှန်သော်လည်း ဒီလောက်တော့ မကြာသင့်ပေ။

လင်းချင်းသည် ဇွန်ဘီခေါင်းဆောင်ငါးကောင်အား လက်ကာပြကာ   “နင်တို့အကုန်လုံး ဒီကိုလာ!”

လင်းချင်းခေါ်လိုက်သည်နှင့် ဇွန်ဘီခေါင်းဆောင်များသည် သူမဆီသို့ လျှင်မြန်စွာ ရောက်လာကြသည်။ အသက်ကြီးဇွန်ဘီတောင်မှ အခုအနည်းငယ်စိတ်သိပ်မရှည်တော့သလိုပင်။ ဇွန်ဘီငါးကောင်သည် လင်းချင်း၏အရှေ့တွင် စီတန်း၍ရပ်နေကာ သူမအား သူတို့ကိုယ်ပိုင် အရောင်ဖျော့ဖျော့တောက်နေသည့် မျက်လုံးနက်များဖြင့် စိုက်ကြည့်နေကြသည်။

လင်းချင်းသည် သူမ၏နယ်မြေထဲက ခွက်များကို အာရုံမိသည်။ လင်းဖန်တို့သုံးခဲ့သည့် ခွက်များက ဆိုဖာရှေ့တွင်ရှိကာ ကျန်သည်များက မီးဖိုချောင်သုံးပစ္စည်းများထားရာတွင် ဖြစ်သည်။ လင်းချင်းသည် နယ်မြေထဲသို့ ဖြတ်ခနဲဝင်သွားကာ မီးဖိုချောင်စင်ထဲမှ ခွက်ငါးခွက်ယူ၍ ရေမပါဘဲ ထွက်လာသည်။ ထို့ကြောင့် အပြင်သို့ ရောက်သည်နှင့် မုံမုံအား   “ပြီးပြီလား? နင့်ရေမုတ်ငါ့ကိုပေး!”

ထိုအခါ မုံမုံသည် သူမအား ရေမုတ်ပေးသည်။ လင်းချင်းသည် နယ်မြေထဲသို့ဝင်ကာ ပြန်ထွက်လာသည်နှင့် ရေမုတ်ထဲတွင် ရေအပြည့်ပါလာသည်။ လင်းချင်းသည် ကြမ်းပြင်က ခွက်များထဲသို့ တစ်ခွက်ချင်းရေဖြည့်ကာ ဇွန်ဘီတစ်ကောင်စီအား ပေးသည်။ လင်းချင်းသည် သူတို့အား သုံးခွက်စီ သောက်စေပြီး ခွက်ကိုပေးလိုက်ကာ   “ခွက်ကို ခွဲလို့မရဘူး။ နင်တို့ခွက်ကွဲသွားရင် နောက်နေ့ ရေထပ်လာတောင်းလို့ မရဘူး”  
Previous Chapter 278 of 410 Next