လင်းချင်းသည် ထိုလူကို မျက်မှောင်ကျုံ့၍ ဆွဲလိုက်ကာ သူ့ကိုပါ ဖျောက်လိုက်သည်။ သူမသည် နယ်မြေထဲကို ဝင်သည်နှင့် ထိုလူ့၏ဦးခေါင်းကို လက်သည်းများထုတ်၍ ဖောက်ပစ်လိုက်သည်။
ထိုလူသည် ရုတ်တရပ် ဆွဲခေါ်ခံလိုက်ရကာ မျက်လုံးများ ဝေဝါးသွားခဲ့သည်။ ဘာဖြစ်မှန်းမသိခင် သူ့ခေါင်းသည် အရမ်းနာကျင်သွားကာ ထာဝရအိပ်စက်သွားရတော့သည်။ ခုနတုန်းက ဒီသူသည် ယန်ကျင်းဟွာက ရေခဲရုပ်လုပ်ကာ ခွဲ၍သတ်ပစ်သည့် စစ်သားများကို ကြည့်နေတာ ဖြစ်သည်။ ဒီစစ်သားများကြောင့် ယန်ကျင်းဟွာ၏ စိတ်ထဲတွင် သူ့အဆင့်အတန်းနိမ့်သွားပြီဟု တွေးနေသည်။ ယန်ကျင်းဟွာက မသတ်ရင်တောင်မှ သူ့စစ်သားများကို သူကိုယ်တိုင်သတ်ပစ်ဖို့ ရည်ရွယ်ထားတာ ဖြစ်သည်။
ဒီလိုအတွေးကို တွေးနေသဖြင့် သိသွားသည့် လင်းချင်းက သူ့ကိုအရင်သတ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ့၏စစ်သားများကို သူကိုယ်တိုင်သတ်ချင်စိတ် ရှိနေမှတော့ နောက်နောင် သူပြေးချိန်ရရန် ဇွန်ဘီများကို ထိုးကျွေးဖို့ သူ့လူများကို တွန်းထုတ်မည့်သူမျိုးသာ သေချာပေါက် ဖြစ်ရမည်။
လင်းရှောင်လုက နယ်မြေထဲတွင် ရှိသောကြောင် လင်းချင်းသည် ဒီလူကို သူမ၏နယ်မြေထဲက တောအုပ်နားတွင် သတ်ပစ်တာ ဖြစ်သည်။ လင်းချင်းသတ်လိုက်ခြင်းသည် သွက်လက်မြန်ဆန်ကာ ဘာအသံမှကို မထွက်လိုက်ပေ။ သူမသည် ဒီလူထံမှ အမြူတေကို ထုတ်ပြီးသည်နှင့် အလောင်းကိုယူ၍ နယ်မြေထဲက ပြန်ထွက်သွားသည်။
အပြင်က ယန်ကျင်းဟွာသည် သူ့စစ်သားတစ်ယောက် ပျောက်သွားသည်ကို သတိမထားလိုက်မိပေ။ သူသည် ဒုန်းခနဲ အသံကြားမှ ပြန်လှည့်ကြည့်သည့်အခါ ကြမ်းပြင်ပေါ်တွင် အလောင်းတစ်ခုကို တွေ့လိုက်ရသည်။ ဒီလူက အသတ်ခံလိုက်ရမှန်းကို သူမသိခဲ့ပေ။
“ဒါဘာလဲ?” သူ့မျက်နှာသည် ချက်ချင်းမည်းသည်းသွားကာ သူ့ကိုယ်မှနေ အအေးဓာတ်များ စထုတ်လာသည်။ ထို့ကြောင့် သူ့အနားက လူများသည် အနောက်သို့ အလိုလိုဆုတ်သွားကြသည်။ သူတို့သည် အချင်းချင်း နားမလည်စွာ ကြည့်နေကြသည်။
“ခေါင်းဆောင် သူခုနက စက္ကန့်ပိုင်းလောက် ပျောက်သွားပြီးတော့ ဒီလိုပုံနဲ့ ပြန်ပေါ်လာတာ” တစ်ယောက်က ဖြေသည်။
ယန်ကျင်းဟွာသည် အလောင်းကို ကြည့်လိုက်သည်။ ထိုအလောင်းသည် မျက်နှာက ကြမ်းပြင်ပေါ် မှောက်ကျနေကာ ခေါင်းကြီးပွင့်နေသည်ကလွဲလျှင် အကောင်းအတိုင်းပင်။
“ထွက်လာစမ်း ငါ့အဆင့်ငါးစွမ်းအားရှင်ကို စက္ကန့်ပိုင်းအတွင်း တိတ်တိတ်လေး သတ်ပစ်ရဲမှတော့ မင်းမျက်ခွက်ကို ထုတ်ပြဖို့ ကြောက်နေမယ်လို့ ငါမထင်ဘူး။ ဘာလဲ? ငါ့ကိုမင်းကြောက်နေတာလား?” ယန်ကျင်းဟွာသည် အခြားသူများကို တစ်ချက်ကြည့်ပြီးနောက် ခေါင်းကိုမော့ကာ အေးခဲနေသည့်အသံဖြင့် ပြောသည်။
“ငါကနင့်ကိုခြောက်မိမှာပဲ စိုးရိမ်တာ” လင်းချင်းသည် သူ့အနောက်ကရပ်ကာ ပုံမှန်လေသံဖြင့် ပြောသည်။
အခန်းထဲက လူများသည် ယန်ကျင်းဟွာ၏ အနောက်ကို ချက်ချင်းသေနတ်ဖြင့် ချိန်ထားကြတော့သည်။ သူတို့သည် ယန်ကျင်းဟွာ၏ အနောက်တွင် နေကာမျက်မှန်ဖြင့် ကတုံးတစ်ယောက် ရပ်နေသည်ကို မြင်ကြသည်။ သို့သော်လည်း ဘယ်ချိန်တည်းက ရပ်နေခဲ့မှန်းတော့ သူတို့လည်း မသိကြပေ။
ယန်ကျင်းဟွာသည် သူ့၏ပြီးပြည့်စုံသည် အနေအထားကို ထိန်းသိမ်းကာ နောက်ကိုလှည့်ကြည့်သည်။ ထိုအခါ သူ့၏နောက် တစ်မီတာခွဲလောက်တွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။ လင်းချင်းပေါ်လာတည်းက သူမ၏အရှိန်အဝါကို ခံစားမိတာ ဖြစ်သည်။ အေးဆေးခေါင်းလှည့်ကြည့်ခြင်းမှာ သတ်ချင်သည့်စိတ်ကို မခံစားရတာကြောင့် ဖြစ်သည်။ လင်းချင်းသည် ပေါ်လာတည်းက တန်းတိုက်မည် ဆိုရင်လည်း ယန်ကျင်းဟွာသည် ချက်ချင်းသိကာ ရှောင်နိုင်မှာ ဖြစ်သည်။
ယန်ကျင်းဟွာသည် လှည့်ကြည့်သည့်အခါ ချက်ချင်းမြင်သည်က လင်းချင်း၏ ကတုံးကို မဟုတ်ဘဲ သူမ၏ ရင်သားကြီးများသာ။ ကတုံးအမျိုးသမီးတွင် ကြီးမားသည့် ရင်သားများရှိကာ အနည်းဆုံးတော့ D cupလောက် ဖြစ်သည်။ ခါးလေးသည် သွယ်လျနေကာ ခြေတံများက ရှည်သဖြင့် အရပ်သည် ငါးပေ၈လက်မလောက် ရှိနိုင်သည်။ သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း အပေါ်သို့ ရွေ့သည့်အခါ လည်တိုင်သွယ်သွယ်လေးကို မြင်ရသည်။ အသားအရည်သည် နှင်းလိုဖြူနေကာ ဖွေးဉ၍တောက်ပနေသည်။ သူမသည် ဘဲဉပုံမျက်နှာကျဖြင့် မေးလှလှလေးရှိသည်။ နေကာမျက်မှန် တပ်ထားသော်လည်း နှာခေါင်း၊ နှုတ်ခမ်း၊ မေးနှင့် မျက်နှာပုံစံတို့ကြောင့် ယန်ကျင်းဟွာသည် သူမက မိန်းမလှလေးဖြစ်ကြောင်း သိလိုက်သည်။ ဆံပင်မရှိသည့် ခေါင်းသည်တောင် လုံးနေကာ ချစ်ဖို့ကောင်းနေသေးသည်။
လင်းချင်းသည် ယန်ကျင်းဟွာ၏ အတွေးများကို သိလိုက်ရသဖြင့် အထင်သေးစွာ ကြည့်လိုက်သည်။ ဒီလိုအချိန်မျိုးတွင်တောင် သူမ၏အသွင်အပြင်ကို သေချာအကဲခတ်ကြည့်နေနိုင်သေးသည်။ လင်းချင်းသည် ကောက်ချက်ချလိုက်ပြီမှာ ‘ငါထင်သလို သူက တဏှာရူးကောင်ပဲ!’
လင်းချင်းကို မျက်လုံးဖြင့် သေချာငမ်းပြီးတော့မှ ယန်ကျင်းဟွာသည် ပြုံး၍ “ရုပ်ဆိုးဆိုးသတ္တဝါဖြစ်နေလို့ လန့်အောင် ခြောက်မယ်ထင်ခဲ့တာ။ ဘာလဲ? ကတုံးလေးနဲ့ ခြောက်မလို့လား?”
လင်းချင်းသည် သူ့ကိုဘာမှပြောမနေဘဲ ခေါင်းငုံကာ နေကာမျက်မှန်ကိုချွတ်၍ ပြန်မော့ကြည့်လိုက်သည်။
မျက်လုံးလေးက ဘယ်လိုနေမလဲ သိချင်နေသည့် ယန်ကျင်းဟွာသည် ကြည့်လိုက်သော်လည်း အေးစက်ကာ အကုန်လုံးနက်မှောင်နေသည့် မျက်လုံးကို မြင်လိုက်ရသဖြင့် ကြောင်အသွားကာ အသံတောင် မထွက်နိုင်ပေ။ နှစ်စက္ကန့်လောက် ရပ်သွားပြီးမှ နောက်ကိုဆုတ်ကာ လင်းချင်းကို လက်ညိုးကြီးထိုးရင် “နင်က လူမဟုတ်ဘူး!”
လင်းချင်း၏ ထူးဆန်းသည့် မျက်လုံးကို မြင်လိုက်ရသောကြောင့် ယန်ကျင်းဟွာက အနောက်သို့ဆုတ်စဉ် အခြားသူများသည်လည်း ယန်ကျင်းဟွာ၏ စကားကြောင့် နောက်သို့ အလိုလိုဆုတ်ကုန်ကြသည်။ အပိုလုပ်လွန်းသည့် တစ်ယောက်သည် လင်းချင်းကို သေနတ်ဖြင့် လှမ်းပစ်သည်။
သေနတ်သံထွက်လာသည်နှင့် လင်းချင်းသည် လက်ကိုမြှောက်ကာ ကျဉ်ဆန်ကို လက်ချောင်းလေးများဖြင့် ဖမ်းလိုက်သည်။ ထိုကျဉ်ဆန်ကို လင်းချင်းသည် ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ လင်းချင်းက နောက်ကိုလှည့်ကြည့်မနေဘဲ သူမအား သေနတ်ဖြင့်ပစ်သည့် စစ်သားဆီသို့ လက်ဝါးမှနေ မြူခိုးနက်များကို လွှတ်ပေးလိုက်သည်။
ထို့နောက် ယန်ကျင်းဟွာကို ကြည့်ကာ “နင်မှန်တယ်! ဒါကငါ့နယ်နမိတ်ဆိုတာကို နင်မသိဘူးလား? နင်ဒီကိုရောက်နေတာ အတော်ကြာတော့ ငါ့သည်းခံနိုင်စိတ်က ကုန်သွားပြီ။ ငါနင့်ကို နာကျင်အောင် မလုပ်ချင်ပင်မယ့် နင်က ငါ့သားကောင်တွေကို လာပစ်မှတ်ထားနေတယ်။ ဒါမျိုးကို ငါဘယ်နည်းနဲ့မှ သည်းမခံနိုင်ဘူး!!!”
ယန်ကျင်းဟွာသည် အကုန်လုံးကို သေချာကို နားမလည်နိုင်သေးပေ။ မျက်လုံးကျွတ်ကျမတက် လင်းချင်းကို ကြည့်ကာ မယုံနိုင်စွာဖြင့် “နင်က တကယ်ဇွန်ဘီလား!”
သူသည် လင်းချင်းစကားများကို သေချာကြားသည်။ သားကောင်နှင့် နယ်နမိတ်ဟု ပြောသွားလေရာ ဒီနေရာသည် သူမ၏နယ်နမိတ်ဖြစ်၍ သားကောင်ဆိုသည်မှာ လင်းဖန်တို့ကို ပြောခြင်းလား? အခုယန်ကျင်းဟွာက ပစ်မှတ်ထားနေခြင်းသည် လင်းဖန်တို့သာ ရှိသည်။
“နင့်သားကောင်ဆိုတာက လင်းဖန်တို့လား?”
လင်းချင်းသည် ခေါင်းငြိမ့်ပြကာ သူမ၏အကျီဖြင့် နေကာမျက်မှန်ကို ဖုန်သုတ်ပြီးမှ အေးဆေးပြန်တက်လိုက်ကာ “မဟုတ်ရင် ဘယ်သူလဲ? နင်လား? နင်ကိုယ်တိုင် ငါပါးစပ်ထဲရောက်အောင် အစားခံပေးမယ်ဆိုရင်တော့ စိတ်ထဲမထားပါဘူး။ ငါအခုပစ်မှတ်ထားနေတဲ့ ငါ့သားကောင်တွေကိုတော့ ဘယ့်သူကိုမှ ငါမပေးနိုင်ဘူး။ နင့်ကိုဒီမှာ ကြာကြာနေခွင့်ပေးထားတာကိုက ငါ့လေးစားမှုအကုန်ပဲ”
ရုတ်တရပ်ဆိုသလို ယန်ကျင်းဟွာသည် စိတ်ငြိမ်သွားသည်။ ဒီဇွန်ဘီမက ဉာဏ်ကောင်းသလို စကားလည်း ပြောနိုင်သည်။ သူမသည် သရဲလိုသွားလာနေနိုင်ရာ အနည်းဆုံးတော့ ဇွန်ဘီဘုရင်မ ဖြစ်လိမ့်မည်။ ဇွန်ဘီဘုရင်မကိုမှ ဒုတိယအဆင့်ဖြစ်နိုင်လောက်ပြီ။ သူမသည် သူ့အား ရန်လိုခြင်းမရှိသဖြင့် သူနှင့်သူ့လူများကို ထိခိုက်အောင် မလုပ်ဖို့ သူ့တွင်အခွင့်အရေး ရှိနိုင်သေးသည်။
တံတွေးကို အမြန်မြိုချကာ “ငါတို့ . . .ငါရောက်နေတာက ဒီလောက်မကြာသေးပါဘူး။ နှစ်ရက်လောက်ပဲ ရှိသေးတာက ကြာတယ်မခေါ်ပါဘူး။ ပြီးတော့လည်း နင်က လင်းဖန်တို့ကို ထိခိုက်အောင်လုပ်မယ်ဆိုတာ ငါမသိလို့ပါ။ အခုငါသိပြီမလို့ ငါအလျော့ပေးပါ့မယ်။ နင်လုပ်ချင်သလိုလုပ် ငါတို့ဝင်မစွက်ဖက်ပါဘူး”
ဒုတိယအဆင့် ဇွန်ဘီဘုရင်မဟု သိကြသည့် အဆင့်၇ဇွန်ဘီမနှင့် သူရင်ဆိုင်နေရတာ ဖြစ်နိုင်သောကြောင့် သူတွင်တခြား ရွေးချယ်စရာမရှိပေ။ ဒုတိယအဆင့်ဇွန်ဘီဘုရင်မကို အထင်သေးကာ သူ့အသက်ကိုစွန့်စား၍ စိန်ခေါ်ခြင်းမျိုး သူမလုပ်ရဲပေ။ ပြီးတော့လည်း သူသည် အဆင့်၆ဇွန်ဘီဘုရင်မကိုတောင် နိုင်အောင်တိုက်နိုင်သည့်သူ မဟုတ်ပေ။ သို့သော်လည်း သူသည် လင်းချင်းထံမှ လှည့်စားခံလိုက်ရသည်ကိုတော့ လုံးဝကို မသိရှာပေ။