May Honey Logo May Honey
Previous Next

၃၅၆။ စခန်းထဲက အစည်းအဝေး

ယန်းချောင်းတစ်ယောက်တည်းသာ သူက ဘာမှလုပ်မထားသည့်သူအလား အေးဆေးထိုင်နေနိုင်တာ ဖြစ်သည်။ သူသည် ဆုံးဖြတ်ချက်ချထားပုံရ၍ တခြားသူများက ဘာတွေးနေသလဲကို ဂရုမစိုက်တော့ပုံရသည်။

ကျိုးရှုဟွေ့သည် ချောမနေသလို ရုပ်လည်းမဆိုးပေ။ ပထမဆုံးတစ်ချက်ကြည့်လိုက်ရုံဖြင့် အထင်ကြီးလောက်စရာ မဟုတ်သော်လည်း ကြာကြာကြည့်လေလေ ပိုကြည့်ကောင်းလာလေလေဖြစ်သည့် ဆွဲဆောင်မှုရှိနေသည်။ သူသည် တည်ငြိမ်ကာ ရင့်ကျတ်သည့် ယောက်ျားတစ်ယောက်၏ အရှိန်အဝါရှိနေသည်။ သူ့မျက်လုံးထဲတွင် အများကြီးကို မြင်ခဲ့ကြုံခဲ့ရသဖြင့် မတုန်မလှုပ်ဘဲ ငြိမ်းချမ်းနေမှုများ ရှိသည်။

ယန်းချောင်းကို တစ်ချက်ကြည့်လိုက်ကာ ဝူချန်းယွဲ့ကိုကြည့်၍ ကျိုးရှုဟွေ့က   “မနေ့ညက ဘာဖြစ်လဲဆိုတဲ့ သတင်းအကုန် ငါတို့ရထားတယ်။ အခု ငါ့ရဲ့ခင်မင်ရတဲ့ စခန်းခေါင်းဆောင်ကြီးတွေမှာ ဘာပြောဖို့ရှိလဲ?”   ဒီအင်အားကြီးသည့်၂ယောက်သည် တိတ်နေသဖြင့် ကျိုးရှုဟွေ့က စကားကိုစပြောလိုက်ရသည်။

ဝူချန်းယွဲ့က အပြုံးဖျော့ဖျော့ဖြင့်   “ကျိုး ပြောစရာရှိတာကို ပြောလိုက်ပါ။ ခင်ဗျားမှာ ဖိုင်တွေအကုန် ရှိနေတာပဲ”

ကျိုးရှုဟွေ့သည် ခန်းမထဲက တခြားသူများကို တစ်ချက်ကြည့်လိုက်သည်။ ယန်းချောင်းကို အဓိကကြည့်လိုက်တာ ဖြစ်သော်လည်း ယန်းချောင်းက ဘာအမှုအယာမှ မပြောင်းသဖြင့် သူခေါင်းငြိမ့်လိုက်သည်။

စားပွဲပေါ်က ဖိုင်များကိုယူ၍ စပြောတော့သည်။   “ဟုတ်ပြီ! အရင်ဆုံး ဒုခေါင်းဆောင် ဖြောင်ကောချန်ရဲ့ သေဆုံးမှုက စရအောင်. . .ငါတို့ရထားတဲ့ သတင်းအရဆိုရင် ဖြောင်ကောချန်က လက်စားချေခံလိုက်ရတယ်။ သတ်သွားတဲ့သူက ဇွန်ဘီတစ်ကောင်ပဲ။ လွန်ခဲ့တဲ့၃ရက်က ဖြောင်ကောချန်နဲ့ သူ့လက်အောက်ကလူတွေက ငါတို့စခန်းက မိန်းမတစ်ယောက်ကို ပြန်ပေးဆွဲခဲ့တယ်။ နစ်နာသူကို မုဒိန်းကျင့်စော်ကားခဲ့ပြီးတော့ သူ့လက်အောက်ကသူတွေကိုပါ အဖွဲ့လိုက်စော်ကားဖို့ မြှောက်ပေးခဲ့တယ်။ နစ်နာသူက လက်ထောက်ဒုခေါင်းဆောင် ချန်ယုတင်းရဲ့ တရားဝင်ဇနီး ရှန်ယုကျန်းဖြစ်တယ်။ ခေါင်းဆောင်ဝူတို့က ရှန်ယုကျန်းကို တွေ့တဲ့အချိန်မှာ သတိလစ်နေပြီးတော့ ဇွန်ဘီပိုးကို ကိုယ်ထဲကို အထိုးခံထားရတယ်။ အဲ့အချိန်တုန်းတည်းက ကူးစက်ခံရတာက ပြင်းထန်နေပြီ။ ဒါကလက်စားချေရတဲ့ အကြောင်းအရင်းပဲ”

ကျိုးရှုဟွေ့သည် ခနရပ်လိုက်ကာ နောက်တစ်ရွက်ကိုလှန်၍ ဆက်ပြောသည်။   “နောက်တစ်ခုက. . .မနေ့ည ၉နာရီလောက်မှာ ဇွန်ဘီကိုက်ခံရတဲ့ ဖြောင်ကောချန်က ပိုးကူးဆက်ခံလိုက်ရပြီ။ သူက စမ်းသပ်ခန်းထဲကို ဖောက်ထွင်းဝင်ရောက်ပြီးတော့ ဇွန်ဘီပိုးလေ့လာရေး ဒုတိယအဖွဲ့ရဲ့ ခေါင်းဆောင်လျန်တရှုနဲ့ စကားများခဲ့တယ်။ အဲ့ဒီနောက် ဗုံးပေါက်ကွဲသွားတယ်။ စစ်ဆေးချက်တွေအရဆိုရင် ဖြောင်ကောချန်က ဗုံးမပေါက်ခင်တည်းက တစ်စုံတစ်ယောက်ကြောင့် သေနှင့်ပြီ။ လျန်တရှုက ပေါက်ကွဲမှုကြောင့် သေသွားတယ်။ ဒီဖြစ်ရပ်မှာရှိနေတဲ့ မျက်မြင်သက်သေ လက်ထောက်မိုလီရဲ့ ထွက်ဆိုချက်ကတော့ အဲ့ဒီအချိန်မှာ အဆင့်၆ ဒါမှမဟုတ် အဆင့်၇ သူစိမ်းတစ်ယောက် ပေါ်လာပြီးတော့ သူတို့ကို သတ်ဖို့ကြံစည်ခဲ့တယ်။ ဒီအကြောင်းပြချက်ကြောင့်ပဲ လျန်တရှုက လက်ပစ်ဗုံးက စနက်တံကို ဖြုတ်ခဲ့ရတယ်”

ဒီလိုပြော၍ သူသည် ဝူချန်းယွဲ့ကိုကြည့်ကာ   “ခေါင်းဆောင်ဝူ သူတို့ကို ခေါ်လာပေးပါ”

ဝူချန်းယွဲ့သည် ခေါင်းငြိမ့်လိုက်ကာ သူ့နောက်တွင်ထိုင်နေသည့် ရှောင်လီချန်းကို ကြည့်လိုက်သည်။ ထိုအခါ ရှောင်လီချန်းသည် ချက်ချင်းထ၍ ခန်းမထဲကနေ ထွက်သွားသည်။

အခြားသူများက သူ့ကိုစောင့်နေကြသည်။ ၂မိနစ်လောက်ကြာသည့်အခါ ရှောင်လီချန်းသည် လူတစ်စုဖြင့် အတူပြန်လာသည်။ ဒီလူများသည် တရွတ်တိုက် လာကြတာဖြစ်၍ သူတို့အကုန်လုံးမှာ ခြေတစ်ဖက်စီပြတ်နေကြပြီ။ ဒီလူစုမှာ ရှန်ယုကျန်းကို တွေ့ခဲ့သည့်မနက်က လင်းချင်းနှင့် ဝူချန်းယွဲ့တို့ ဖမ်းမိသည့် လူစုပင်။

ရှောင်လီချန်းသည် ဝူချန်းယွဲ့၏ အနောက်ခုံသို့ ပြန်သွားထိုင်ပြီးမှ   “ရှန်ယုကျန်းကို ကျွန်တော်တို့တွေ့တုန်းက မုဒိန်းကျင့်နေကြတဲ့ တရားခံတွေပါ။ ဖြောင်ကောချန်ရဲ့အမိန့်အရ သူတို့ဘာလုပ်ခဲ့ရတယ်ဆိုတာကို ဝန်ခံပြီးပါပြီ။ ကျွန်တော်တို့ရောက်တုန်းက သူတို့က ဇွန်ဘီပိုးကို နစ်နာသူရဲ့ ကိုယ်ထဲကို ထိုးသွင်းထားနှင့်ပါတယ်။ တင်ပြမှုပြီးဆုံး”

ဝူချန်းယွဲ့က သူ့ကိုခေါင်းငြိမ့်၍ ကြည့်သည်။ ရှောင်လီချန်း၏ တင်ပြမှုပြီးသည့်အခါ သူတို့စားပွဲရှေ့တွင် ဒူးထောက်ထိုင်နေကြသည့် တရားခံတစ်စုအား အကြည့်စူးစူးများဖြင့် အကုန်လုံးက စိုက်ကြည့်ကြသည်။

ကျိုးရှုဟွေ့က သူတို့ကိုကြည့်ကာ မေးသည်။   “ဒါအမှန်ပဲလား? ဘာပြောချင်သေးလဲ?”

ဒီတရားခံများက ဘာကိုမှမပြောပေ။ သူတို့သည် စိတ်ပျက်ပြားစွာဖြင့် ခေါင်းကိုငုံကာ တိတ်ဆိတ်စွာနေကြသည်။ သူတို့က ဘာကိုပဲပြောပါစေ သူတို့၏ အဆုံးသတ်က မပြောင်းလဲနိုင်တော့သည်ကို သိနှင့်နေကြသည်။

ကျိုးရှုဟွေ့က ခနစောင့်ပြီးနောက် သူတို့က ဘာမှမပြောသည့်အခါ သူကဆက်၍ပြောသည်။   “ဒီကိစ္စကို စစ်ဆေးလို့ပြီးပြီ။ ရှောင်လုကြီးမင်းပြောတာက အမှန်ဖြစ်တယ်လို့ အတည်ပြုလိုက်တယ်။ ဖြောင်ကောချန်အပါအဝင် လူခြောက်ယောက်က စခန်းရဲ့စည်းမျဉ်းကို ချိုးဖောက်ပြီးတော့ အမျိုးသမီးကို အကြမ်းဖက်ခဲ့တယ်။ ကျန်တဲ့ငါးယောက်က ဇွန်ဘီပိုးကိုလည်း ထိုးသွင်းလိုက်တာကြောင့် တရားခံတွေအတွက် ပြစ်ဒဏ်က လျှော့ပေါ့လေးလို့မရတဲ့ သေမိန့်ပဲ။ စခန်းရဲ့ဉပဒေအရ မင်းတို့၇ယောက်ကို သေမိန့်ချတယ်။ သတ်ဖြတ်ရေး သေနတ်အဖွဲ့က သုတ်သင်ရမယ်။ အချိန်က ဒီနေ့ နေ့လည်၁၂နာရီ”

“ဘာကန့်ကွက်ချင်သေးလဲ?”   စီရင်ချက်ကို ဖတ်ပြီးသည့်အခါ သူသည် တခြားသူများကို လှည့်၍မေးသည်။ လူတို့သည် သဘောတူညီကြောင်း ပြသည့်အနေဖြင့် တိတ်တိတ်နေကြသည်။ 

ကျိုးရှုဟွေ့က ဆက်ပြောသည်။   “ကောင်းတယ်။ စီရင်ချက် အခုအသက်ဝင်ပြီ။ သူတို့ကို ခေါ်ထုတ်သွားကြတော့”

“ဟုတ်ကဲ့!”   တရားခံများ၏အနောက်တွင် ရပ်နေသည့်စစ်သားများသည် မုဒိန်းကောင်များကို ဆွဲထုတ်သွားကြသည်။

ဝူချန်းယွဲ့၏ နှုတ်ခမ်းထောင့်များသည် အပေါ်သို့တွန့်ကွေးနေစွာဖြင့် ခပ်ဖွဖွပြုံးနေဆဲပင်။ ဒါသည် သူ့၏အမြဲတမ်းရှိနေသည့် မျက်နှာထားဖြစ်လေရာ အခုအချိန် သူဘာကိုတွေးနေသလဲကို ဘယ်သူကမှ မသိနိုင်ပေ။

သူ့လိုမဟုတ်ဘဲ ယန်းချောင်းကတော့ မျက်နှာအနည်းငယ် မည်းသွားသည်။ သူသည် အခုဘာပြောရမလဲကို မတွေးနိုင်ပေ။ ဖြောင်ကောချန်ကို သတ်သွားသည့် ဇွန်ဘီမှာ ဝူချန်းယွဲ့၏ ဧည့်သည်များဖြစ်သည့် ဟေးဒီးစခန်းကလူများက ခေါ်လာသည်ဟု ပြော၍ ဝူချန်းယွဲ့ကို အပြစ်ဖို့ရန် လုပ်ထားတာ ဖြစ်သည်။ 

သို့သော်လည်း ဝူချန်းယွဲ့တွင် မျက်မြင်သက်သေရှိနေရုံတင်မက ဒီမုဒိန်းကောင်များကိုပါ ဖမ်းထားနိုင်သေးသည်။ ထို့အတူ ဒီအကြောင်းနှင့် ပတ်သက်၍ ယန်းချောင်းသည် ဘာသတင်းမှ မရအောင်ကို သတင်းအရင်းအမြစ်ကို ပိတ်ထားခံခဲ့ရတာလည်း ဖြစ်သည်။ ယန်းချောင်းသည် လုံးဝကို မပြင်ဆင်ထားသလို ဖြစ်သွားလေပြီ။

ဖြောင်ကောချန်လုပ်တာက သူနှင့်ဘာမှမဆိုင်သော်လည်း သူ့လက်အောက်ငယ်သားဖြစ်နေလေရာ သူ့ငယ်သားကို သူကသေချာ မထိန်းကွပ်နိုင်ခဲ့သဖြင့် အခုတော့ သူကဘာကိုမှ မပြောနိုင်တော့ပေ။

သို့သော်လည်း သူ့တွင် မေးခွန်းတစ်ခုရှိသေးသည်။
“မေးခွန်းတစ်ခု မေးချင်တယ်။ ခေါင်းဆောင်ဝူက ရှန်ယုကျန်းကို နောက်ဆုံး ရှာတွေ့ခဲ့ပင်မယ့် ဘာဖြစ်လို့ ဖြောင်ကောချန်ကို သူကဇွန်ဘီအဖြစ်ပြောင်းပြီး လာတိုက်ခိုက်ရတာလဲ?”

ဝူချန်းယွဲ့သည် စားပွဲပေါ်တွင် လက်နှစ်ဖက်ထောက်၍ ယှက်လိုက်ကာ ထိုလက်များပေါ်သို့ မေးတင်လိုက်၍ ယန်းချောင်းကို ကြည့်ကာ   “ဘာဖြစ်လို့လဲဆိုတော့ ငါတို့က နစ်နာသူရဲ့ခင်ပွန်း ချန်ယုတင်းရဲ့ဆန္ဒကို လေးစားဖို့ ဆုံးဖြတ်ခဲ့လို့ပဲ။ နစ်နာသူရဲ့အလောင်းကို သူ့ကိုငါတို့ပြန်ပေးခဲ့တယ်။ ဒါကပြဿနာရှိလို့လား?”

“သေချာပေါက်ကို ရှိတာပေါ့!”   ယန်းချောင်းက အေးစက်စွာဖြင့် ပြောသည်။   “ရှန်ယုကျန်းရဲ့အလောင်းကိုသာ မီးသဂြိုလ်ခဲ့ရင် သူကဇွန်ဘီအဖြစ်ပြောင်းပြီးတော့ စခန်းထဲမှာ ဖြောင်ကောချန်ကို တိုက်မှာမဟုတ်ဘူး။ အခုတော့ သူဘယ်မှာပုန်းနေသလဲ ငါတို့သိရတာတောင် မဟုတ်ဘူး။ ဒီလိုသာဆက်ဖြစ်နေရင် လူဘယ်နှယောက်က ဆက်ထိခိုက်နေမှာလဲ သိနိုင်တာ မဟုတ်ဘူး။ ဒါအတွက် ဘယ်သူက တာဝန်ယူမှာလဲ?”

ဝူချန်းယွဲ့က ပြုံးလိုက်ကာ   “ဘယ်သူက တာဝန်ယူမှာလဲတဲ့လား? ငါအဖြေပေးပါ့မယ်။ မေးစရာကို မလိုအောင် ဖြောင်ကောချန်က တာဝန်ယူရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူ့အပြစ်ပဲ။ ပြီးတော့လည်း စခန်းရဲ့လုံခြုံရေးကို မင်းတာဝန်ယူထားတာ။ ပစ်မှတ်ကို မင်းမရှာနိုင်ဘဲနဲ့ ဘယ်သူက တာဝန်ယူမှာလဲလို့ မေးနေသေးတာလား? မနေ့ နေ့လည်က ချန်ယုတင်းက ရှန်ယုကျန်းရဲ့ အလောင်းကို စခန်းကနေ ထုတ်သွားခဲ့တယ်။ သူကစခန်းနဲ့မဆိုင်တော့တဲ့ အပြင်သူပဲ။ လုံခြုံရေးဘေးမသင့်ရအောင် ထုတ်ထားခဲ့ပြီးသား။ ဘာဖြစ်လို့ ညကမှ ဇွန်ဘီဖြစ်နေတဲ့သူက စခန်းထဲကို ဝင်လာလဲဆိုတာက မင်းပြဿနာမဟုတ်ဘူးလား? ပြီးတော့လည်း စခန်းတစ်ခုလုံးရဲ့ လုံခြုံရေးစနစ်တစ်ခုလုံးက မင်းအုပ်ချုပ်မှုအောက်မှာပဲ”

ဝူချန်းယွဲ့၏ စကားများကို အလွယ်ချုံ့ပြောရလျှင်   ‘ဒါမင်းအပြစ်! အကုန်မင်းအပြစ်ပဲ! မင်းဟာမင်း ဘယ်လောက်ရှင်းပြရှင်းပြ မင်းအပြစ်ပဲကွာ! မင်းအပြစ်ဖြစ်နေမှတော့ ငါနဲ့ဘာဆိုင်လို့လဲ?’

“မင်း. . .”   ထိုအခါ ချန်ယုတင်းသည် ပြောစရာစကားလုံးများ သီးကုန်ကာ မျက်နှာကြီးတောင် ပြာနှမ်းလာသလိုပင်။  
Previous Chapter 356 of 410 Next