၃၅၃။ မိုလီ၏အစွမ်း
ညတွင် စခန်းက စစ်သားများသည် အိမ်ပေါက်စေ့ကို စတင်၍ ရှာဖွေကြတော့သည်။ ပရမ်းပတာစဖြစ်ပြီ ဖြစ်လေရာ ကြောက်လန့်ကုန်ကြ၍ လူအများစုသည် တစ်ညလုံးကို မအိပ်နိုင်ကြတော့ပေ။ သို့သော်လည်း တစ်ညလုံး လိုက်ရှာပြီးသည်တောင်မှ ယန်းချောင်းတို့သည် သံသယရှိသူကို မရှာနိုင်ခဲ့ပေ။
မိုလီသည် အမှောင်ထဲတွင် ပုန်းနေကာ စစ်သားများ ထွက်သွားသည်ကို ကြည့်နေသည်။ သူမသည် နံရံအနောက်တွင် ပုန်းနေသည်။ တစ်ဖွဲ့က ဖြတ်သွားသည့်အခါ သူမသည် သူတို့နောက်ကနေ လိုက်သွားသည်။ ထိုအဖွဲ့က ထောင့်တစ်ခုသို့ ရောက်သည်နှင့် သူမသည် အနားသို့ အမြန်သွားကာ နောက်ဆုံးစစ်သား၏ ပါးစပ်ကို ချက်ချင်းပိတ်၊ သူ့လည်ပင်းအား လက်မောင်းဖြင့် ညှစ်ထား၍ အနောက်သို့ ဆွဲသွားသည်။
ဂျောင်သို့ ဆွဲခေါ်သွားခံရသည့် စစ်သားသည် ပြန်တုန့်ပြန်တော့မလို့ လုပ်ချိန်တွင် မိုလီ၏ အေးစက်သည့် အသံကို ကြားလိုက်ရသည်။ “အိပ်တော့။ နင်ရှာနေတာကို ရပ်လိုက်လို့ရပြီ”
မိုလီက ဒီလိုပြောလိုက်သည်နှင့် စစ်သားသည် မျက်ခွံများ ပိတ်ကျသွားကာ တကယ့်ကို အိပ်ပျော်သွားသည်။ သူဘာလုပ်နေမှန်းတောင် သူ့ဟာသူ မသိတော့ပေ။ မိုလီသည် ပတ်ဝန်းကျင်ကို သေချာကြည့်လိုက်သည်။ သံသယဖြစ်ဖွယ် ဘာကိုမှ မတွေ့သဖြင့် ထိုစစ်သား၏ အဝတ်များကို အမြန်ချွတ်လိုက်ကာ သူမက ဝတ်လိုက်သည်။
သူမသည် ထိုစစ်သား၏ အဝတ်ကိုဝတ်ပြီး ဦးထုပ်ကို ဆောင်းလိုက်သည်နှင့် သူမ၏ အရပ်သည် ရှည်ထွက်သွားကာ ရုပ်နှင့်ကိုယ်ကပြောင်းလဲသွားနေတော့သည်။ မကြာခင်တွင် သူမသည် ထိုစစ်သားနှင့် တထေရာတည်း ဖြစ်သွားတော့သည်။ သူမသည် စစ်သား၏ ရိုင်ဖယ်ကို သယ်လိုက်ကာ ဂျောင်ကနေ အမြန်ပြေးထွက်၍ ထိုတပ်ဖွဲ့အနောက်သို့ အမီလိုက်သွားတော့သည်။
“မြန်မြန်လုပ် မင်းဘယ်ရောက်နေတာလဲ?” အဖွဲ့ခေါင်းဆောင်သည် တစ်ယောက်က ပျောက်သွားသည်ကို သတိထားမိပုံရသည်။ အဖွဲ့ထဲသို့ပြန်ရောက်လာသည်ကို မြင်သည်နှင့် စီး၍မာန်သည်။
“အပေါ့သွားဖို့လိုလို့” မိုလီက ပြောသည်။ သူမသည် ခုနကစစ်သားနှင့် တူနေရုံတင်မကဘဲ အသံကပါ ထိုစစ်သား၏အသံဖြစ်သွားသည်။ သူမကမှ သူမ၏ သရုပ်မှန်ကို မသိနိုင်တော့ပေ။
သူမသည် ဒီအဖွဲ့နောက်ကို ပတ်လိုက်မနေချင်သော်လည်း စခန်းထဲတွင် ရှာဖွေ့သူအနေဖြင့် ဒီအဖွဲ့များဖြင့် လိုက်၍လုပ်ဆောင်နေခြင်းက သူမတစ်ယောက်တည်း လှုပ်ရှားနေသည်ထက် ပို၍ကောင်းသည်။ သူမသည် ဒီအဖွဲ့နောက်သို့ ခနလိုက်ပြီး နောက်တစ်ဖွဲ့နှင့် ပြောင်းသည်။ တစ်ခါတစ်လေ သူမသည် အမှောင်ထဲတွင်ပုန်းနေကာ ဝူချန်းယွဲ့၏အိမ်ဘက်သို့ ခိုးပြီးတိတ်တိတ်လေး သွားသည်။
သူမသည် ဝူချန်းယွဲ့၏အိမ်ကိုရောက်ဖို့ တကယ့်ကိုကြိုးစားလာရသော်လည်း မုန့်ယွဲ့ကိုသာ တွေ့လိုက်ရသည်။
“ဘယ်သူလဲ?”
မုန့်ယွဲ့သည် တံခါးကိုတွန်းဖွင့်၍ ဝင်လာသည့် စစ်သားကို မြင်သည့်အခါ လေသံမာမာဖြင့် မေးသည်။ စခန်းခေါင်းဆောင်နေသည့်အိမ်ဖြစ်လေရာ စစ်သားများသည် ခွင့်ပြုချက်မရှိဘဲ မဝင်ရဲကြပေ။ ထို့ကြောင့် ဒီနေရာသို့ ဝင်လာရဲ့သည့် ဒီစစ်သားသည် ပုံမှန်မဟုတ်ပေ။
“ငါပါ” ယောက်ျားစစ်သားသည် မိန်းမသံဖြင့် ပြောသည်။ ထိုအချိန်တွင်ပဲ မုန့်ယွဲ့သည် ဒီစစ်သား၏ မျက်နှာက ချက်ချင်းပြောင်းသွားသည်ကို မျက်မြင်တွေ့လိုက်ရသည်။ သူ့ကိုယ်သည်လည်း ပုသွားလေသည်။
မိုလီ၏မျက်နှာဖြစ်လာသည်နှင့် မုန့်ယွဲ့သည် သူမထံသို့ အမြန်လျှောက်လာကာ “ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ? နင့်ကိုထိခိုက်အောင် လုပ်ကြသေးလား? ဒေါက်တာလျန်ကရော ဘယ်လိုဖြစ်တာလဲ?”
မုန့်ယွဲ့က ဒေါက်တာလျန်အကြောင်းကို မေးသည့်အခါ မိုလီ၏မျက်နှာသည် ချက်ချင်းမည်းကျသွားသည်။ ဝမ်းနည်းမှုနှင့်အတူ သူမက “အဲ့ဒါ ဖြောင်ကောချန်! သူကဇွန်ဘီကိုက်ခံလိုက်ရတယ်။ ငါတို့စမ်းသပ်ခန်းကို ရုတ်တရပ်ရောက်လာပြီးတော့ ဒေါက်တာကို ကုပေးဖို့ ပြောတဘ်။ ပြီးတော့ အဆင့်၇သူစိမ်းတစ်ယောက်ကပါ ပေါ်လာပြီးတော့ ဖြောင်ကောချန်ကို သတ်လိုက်တယ်။ ငါတို့ကိုလည်း သတ်ဖို့လုပ်တော့ ဒေါက်တာက လက်ပစ်ဗုံးနဲ့ ပစ်လိုက်တယ်။ အဲ့ဒါကြောင့်. . .ငါ့ကိုကာကွယ်ပေးရင်း ဆုံးသွားတာ”
“ဘာ? အဆင့်၇? နင်သေချာလား?” မုန့်ယွဲ့က ချက်ချင်း စိုးရိမ်သွားသည်။
“ဖြောင်ကောချန်ကို မျက်တောင်တခတ်အတွင်းမှာ သတ်သွားတာ” မိုလီက ပြောသည်။ “ဖြောင်ကောချန်က ပြန်တောင် မတိုက်နိုင်ဘူး။ ပြီးတော့ သူက ခေါင်းဆောင်၃ယောက်လိုမျိုးပဲ ငါ့ကိုဖိအားပေးနိုင်တယ်။ အဆင့်၇မဟုတ်ဘူးဆိုရင်တောင် သူကအသက်တစ်ရှိုက်စာလောက်ပဲ လိုတော့မှာ”
“ငါတို့စခန်းမှာ လေးယောက်မြောက် အဆင့်၇က ပုန်းနေတာပဲ။ သူကဘယ်သူလဲ? ဘာလုပ်တာလဲ?” မုန့်ယွဲ့က မေးသည်။
“မသိဘူး! ဒါပင်မယ့် မိတ်ဆွေမဟုတ်ဘူးလို့ ငါယုံကြည်တယ်” မိုလီက ခေါင်းခါလိုက်ကာ စိုးရိမ်စွာဖြင့် “ခေါင်းဆောင် ဘယ်မှာလဲ? ငါ့တခြားသတင်းပို့စရာလိုတယ်”
“သုသေသနဌာနကို သွားတယ်။ မကြာခင် ပြန်လာမယ်လို့ မထင်ဘူး။ ပြီးတော့ အခုဖြစ်တာကြောင့် ယန်းချောင်းကို အဓိကတိုက်တော့မှာ။ နင်ဒီမှာ နေပြီးတော့ ပြန်လာတာကို စောင့်လေ” မုန့်ယွဲ့က ပြောသည်။ ထို့ကြောင့် သူမသည် နောက်နေ့မနက်အထိ စောင့်နေခဲ့ရတော့သည်။
နောက်နေ့မနက်တွင် ပင်လယ်မြို့တော်စခန်း၏ အရေးပါသည့်အရာရှိတိုင်းမှာ အစည်းအဝေးခေါ်ခံရသည်။ စခန်းတစ်ခုလုံးအား အဆင့်၃မှ၅အထိ အစောင့်စစ်သားများက စောင့်ကြပ်နေသည်။
မနက်တွင် လင်းဝမ်ဝမ်သည် တိုက်ခန်းထဲမှာ လင်းချင်းကို ရှာမတွေ့တော့ပေ။ “လုမိန်းကလေးရော?” သူမက မေးသည်။
“မသိဘူး” ကျန်သည့်သူများသည် ခေါင်းခါပြသည်။
သူမသည် မျက်လုံးလှန်လိုက်ကာ သူတို့အားပြုံးပြရင်း “ထားပါတော့။ ငါဒီနေ့အပြင်သွားဖို့လိုမယ်”
ထိုအခါ သူတို့၂ယောက်မှာ သူမကို နားမလည်စွာဖြင့် လှည့်ကြည့်ကြသည်။
“အပြင်သွားမယ်? အခုလား? ဘယ်ကိုလဲ? ဒီမှာပဲနေသင့်တယ်။ မကောင်းတာတစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ?” ယွမ်ထန်ရှင်းသည် သူမအား မျက်မှောင်ကျုံ့ကာ မေးသည်။
လင်းဝမ်ဝမ်သည် ယွမ်ထန်ရှင်းအား “အကိုထန်ရှင်း မေးစရာရှိတယ်။ တကယ်လို့. . .ညီမရဲ့ မကြီးက မသေဘဲ တစ်နေ့မှာ မတူနဲ့ရုပ် မတူတဲ့သဏ္ဍာန်နဲ့ ပြန်လာမယ်ဆိုရင် အကိုဘယ်လိုလုပ်မှာလဲ?”
ယွမ်ထန်ရှင်းသည် သူမကိုကြည့်ကာ တိတ်ဆိတ်သွားသည်။ သူ့၏ချောမောသည့် မျက်နှာထက်က မျက်လုံးတစ်စုံသည် နက်ရှိုင်းကာ တိတ်ဆိတ်သည့် ရေကန်တစ်ခုလိုပင်။ ၁၀စက္ကန့်ကြာသည့်အခါ သူက ဖြည်းဖြည်းချင်း ဖြေသည်။ “သူက ဘာပဲဖြစ်နေပါစေ အမြဲတမ်း ငါ့ရဲ့အထက်လူကြီးပါပဲ။ ငါတို့တစ်ဖွဲ့လုံးက သူ့စိတ်ဝိညာဉ်ကိုပဲ သိတယ်။ ငါတို့က သူ့အသွင်အပြင်ကို ဂရုမစိုက်ကြပါဘူး”
လင်းဝမ်ဝမ်၏ မျက်လုံးများသည် ဖြည်းဖြည်းချင်း မှိန်ကျသွားကာ မျက်လုံးထဲတွင် မျက်ရည်တို့က ဝေ့တက်လာသည်။ သူမသည် မျက်တောင်အမြန်ခတ်လိုက်ကာ
“ညီမရောပဲ။ အခုတော့ ရှာဖို့တစ်ခုရှိလို့။ ဘာမှတားမရဘူး!”
“ဘယ်ကိုသွားမလို့လဲ?” ယွမ်ထန်ရှင်းက သူမအား သိချင်စိတ်ဖြင့် မေးသည်။
“မသိဘူး။ ဒါပင်မယ့် သိပ်မဝေးလောက်ပါဘူး” လင်းဝမ်ဝမ်က ခနတွေးကာ ပြောသည်။
ယွမ်ထန်ရှင်းနှင့် တူယွမ်ရှင်းတို့သည် အချင်းချင်းကြည့်ကြသည်။ လင်းဝမ်ဝမ်က ဘာဖြစ်လို့ အပြင်သွားချင်သလဲကို သူတို့မသိကြပေ။
လင်းဝမ်ဝမ်သည် ယွမ်ထန်ရှင်းအား ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်လိုက်ကာ “တချို့တွေက ညီမတို့ကို လျို့ဝှက်ထားတာတွေ ရှိနေတယ်။ ကိုယ့်ဟာကိုယ် ရှာမှပဲ။ ပြီးတော့လည်း ဒီနေ့တော့ ယန်းချောင်းက ဒုက္ခပေးဖို့ အချိန်ရှိမယ် မထင်ပါဘူး”
“ဘာကိုရှာမှလဲ? ပြီးတော့လည်း ဒါက နင့်မကြီးနဲ့ ဘာဆိုင်လို့လဲ?” ယွမ်ထန်ရှင်းက မေးသည်။
“မကြီးနဲ့ဆိုင်မဆိုင်ကတော့ အဖြပေါ်ပဲ မူတည်မှာပေါ့” လင်းဝမ်ဝမ်က ပြောသည်။ ထို့နောက် သူမသည် တံခါးသို့ ထွက်သွားကာ “ချင်းယင် သွားရအောင်”
သူမ၏စကားကို ကြားသည့်အခါ လုံချင်းယင်သည် သူမ၏ဓားရှည်ကိုလွယ်၍ လင်းဝမ်ဝမ်နောက်သို့ လိုက်လာသည်။
ထိုအချိန်တွင် တူယွမ်ရှင်းကို ယွမ်ထန်ရှင်းက “ယွမ်ရှင်း မင်းသူတို့နဲ့လိုက်သွား! ဝမ်ဝမ်က အဆင်ပြေမှာပါ။ စခန်းကလူတွေက ငါတို့ကို အာရုံမစိုက်အားဘူး။ အဲ့ဒါကြောင့် အခုသူနဲ့လိုက်သွားပေးတာက ပိုလုံခြုံလိမ့်မယ်။ မင်းနဲ့ချင်းယင်တို့က ပြဿနာအများစုကို ကိုင်တွယ်နိုင်ပါတယ်။ သတိထားကြ!”
“ဟုတ်ကဲ့!” တူယွမ်ရှင်းက သူ့ကိုတစ်ချက်ကြည့်ကာ ခေါင်းငြိမ့်၍ ထလိုက်သည်။ ထို့နောက် တံခါးကနေ ထွက်သွားကာ လင်းဝမ်ဝမ်တို့နောက်သို့ အမြန်ပြေးလိုက်တော့သည်။