၂၁၅။ ခွဲခြားမရတဲ့ဆက်နွယ်မှု
ဝူချန်းယွဲ့သည် လင်းချင်းထွက်သွားသည်ကို မသိသောကြောင့် ထိုနေရာတွင်သာ ဆက်စောင့်နေသည်။ ထိုအချိန်တွင် လင်းချင်းသည် အဆောက်အဦးတစ်ခု၏ အမိုးပေါ်သို့ တက်လိုက်ကာ ကောင်းကင်ကို ကြည့်နေသည်။ လေထဲတွင် စိုစွတ်မှုနှုန်းများလာကာ ကောင်းကင်တွင် တိမ်မည်းများသည် ပိုထူထပ်လာလေသည်။ မကြာခင် မိုးရွာတော့မည်။
ကမ္ဘာပျက်ခေတ်ကြီးတွင် လင်းချင်းအတွက် ပထမဆုံး မိုးနှင့်ကြုံရခြင်း ဖြစ်သည်။ လုထန်ယု၏ မှတ်ဉာဏ်အရဆိုလျှင် မိုးရွာသည်နှင့် အပူချိန်သည် သိသိသာသာကို လျှော့ကျသွားမှာ ဖြစ်သည်။ သို့သော်လည်း သူမသည် အပူကိုသာကြောက်သည်။ အအေးကို မဟုတ်ပေ။
ထိုအဆောက်အဦးပေါ်မှ ခုန်ချကာ စီမံရေးရုံးကို ရှာတော့မည့် အချိန်တွင် သူမသည် ရုတ်တရက် ရပ်သွားကာ ပတ်ဝန်းကျင်ကို စိတ်ရှုပ်စွာဖြင့် လိုက်ကြည့်တော့သည်။ ထို့နောက် မျက်လုံးမှိတ်လိုက်သည့်အခါ သူမ၏အာရုံခံနိုင်စွမ်းသည် ပိုမြင့်မားသွားသည်။ သူမသည် ထူးဆန်းသည့် ခံစားမှုကိုရသည်။ ထိုခံစားမှုသည် လုထန်ရိနှင့်တုန်းကလို မဟုတ်ဘဲ ရှဲ့တုန်းနှင့်တုန်းကလို ခံစားချက်မျိုး ဖြစ်သည်။
အမှန်တိုင်းပြောရလျှင် သူမနှင့် ရှဲ့တုန်းကြားတွင် ထူးဆန်းသည့် ဆက်နွယ်ခြင်းတစ်ခုက တိတိကျကျရှိနေသည်။ လုထန်ရိကတော့ လုထန်ယု၏ မောင်နှမဖြစ်သောကြောင့် သူတို့သည် သွေးသားဆက်နွယ်မှုဖြစ်သည်။ သို့သော်လည်း ရှဲ့တုန်းနှင့် သူမက အမျိုးမှမတော်တာ။
သူမသည် မျက်လုံးမှိတ်ကာ ထူးခြားသည့် ခံစားချက်ကို သေချာအာရုံခံပြီးနောက် ဇွန်ဘီတစ်ကောင်၏ သန်မာသည့်အရှိန်အဝါကိုပါ ရလိုက်သည်။ သူမသည် မျက်လုံးပြန်ဖွင့်လာသည့်အခါ မျက်နှာကပျက်ကာ စိတ်ထဲတွင် မကျေနပ်မဖြစ်ဘဲ မနေနိုင်ပေ။ ‘ဘာဖြစ်လို့ ဇွန်ဘီဘုရင်တွေ ဘုရင်မတွေက များနေတာလဲ? အရမ်းရှားပါတယ်လို့ ဘယ်ကောင်က ပြောခဲ့တာလဲ ဟမ်? ဒီခေတ်ကြီးမှာ ငါနိုးလာတာ ၂လပဲရှိသေးတယ်။ နှစ်ကောင်တွေ့ပြီးပြီ။ အခုနောက်တစ်ကောင် ထပ်ပေါ်လာပြန်ပြီ’
လင်းချင်းသည် ထိုဘက်ကိုရှောင်သွားရန် အလိုလိုကြိုးစားသော်လည်း ထူးဆန်းသည့် ခံစားချက်က ထိုနေရာကနေ ထွက်လာနေလေရာ သူမသည် ဒီခံစားချက်ကို တကယ်ဂရုစိုက်မိနေသည်။ ‘အရင်တစ်ခါက ရှဲ့တုန်း။ အခုရော ဘယ်သူလဲ? ဘယ်သူပဲဖြစ်ဖြစ် အဆင့်ခြောက်ဇွန်ဘီနဲ့ အတူရှိနေတာ။ အဆင့်၆ဇွန်ဘီရဲ့ အရှိန်အဝါကို မရင်းနှီးတော့ သူလည်းမသိလောက်ဘူး။ ဒါဆိုရင် ဘာဖြစ်လို့ အဆင့်၆ဇွန်ဘီနဲ့ ရှိနေတာလဲ?’
လင်းချင်းသည် ဇွန်ဘီဘုရင်နှင့် ဘုရင်မတို့က ချူးလီလီလို မကြင်နာတက်ကြောင်းကို သိသည်။ ပုံမှန်အားဖြင့် မိုးကြိုးဇွန်ဘီလိုကောင်မျိုးတွေသာ ဖြစ်ကြသည်။
‘အခုအဆင့်၆ဇွန်ဘီနဲ့ အတူရှိနေတာဆိုတော့ ဖမ်းခံလိုက်ရတာလား? ဒါမှမဟုတ် အစာအဖြစ် လှောင်ထားခံရတာလား?’
လင်းချင်းသည် အမိုးပေါ်တွင်ရပ်ကာ မျက်မှောင်ကျုံ့နေပြီးနောက် သူမသည် သက်ပြင်းခိုးချလိုက်သည်။ အကယ်၍ သူမမှာသာ ထူးဆန်းသည့် ခံစားမှုမျိုးမရှိလျှင် သူမသည် အဆင့်၆ဇွန်ဘီကို ရှောင်နေမည်ပင်။ သို့သော်လည်း အခုတော့ ဒီလိုခံစားချက်က ရှိနေလေရာ သွားမကြည့်လျှင် သူမအတွက် မလွယ်ကူပေ။
ဒီလိုတွေးပြီးနောက် လင်းချင်းသည် အဆင့်၆ဇွန်ဘီရှိရာသို့ သွားလိုက်သည်။ သူမသည် ကိုယ်ပျောက်နေသဖြင့် ထိခိုက်မှုနှုန်းနည်းသည်။ ထို့ကြောင့် သူမသည် သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်သည်။ မနောက်ကျသေးလျှင် ထိုတစ်ယောက်ကို သူမကယ်နိုင်လိမ့်မည်။ နောက်ကျသွားလျှင် ဘယ်သူက ဘယ်လိုဖြစ်သွားသည်ကို သိနိုင်၍ သူမနှင့်ထိုတစ်ယောက်ကြားက ထူးဆန်းသည့် ဆက်နွယ်မှုကို သူမသိနိုင်လိမ့်မည်။ ဒီအတွေးဖြင့် လင်းချင်းသည် ပိုမြန်မြန်သွားလေသည်။
ကောင်းကင်တွင် တိမ်မည်းများဖြင့် ဖုံးနေသည်။ ဒီတိမ်မည်းများသည် သဘာဝအတိုင်းဖြစ်ကာ ဇွန်ဘီဘုရင်က ဖန်တီးထားခဲ့တုန်းကဟာနှင့် မတူပေ။ လေသည်လည်း ပြင်းထန်လာကာ လေတိုးသံများက ကျယ်လောင်လာသည်။
လင်းချင်းသည် အပူချိန်ကျသည်ကို မခံစားနိုင်သော်လည်း ဝူချန်းယွဲ့ကတော့ ခံစားနိုင်သည်။ သူသည် မျက်လုံးကိုဖွင့်၍ ကောင်းကင်ကို ကြည့်လိုက်သည်။ သူ့ကိုယ်သူစွမ်းအားဖြင့် ကာကွယ်ပေး၍ရသော်လည်း မိုးရေကြောင့်တော့ သူရွှဲမသွားချငပေ။ မိုးရွာတော့မည်ဖြစ်ရာ သူသည် ပန်းခြံထဲတွင် မနေနိုင်ပေ။ ထို့ကြောင့်ထ၍ သစ်ပင်ပေါ်မှ ခုန်ဆင်းကာ အနားက အဆောက်အဦးတစ်ခုဆီသို့ လျှောက်သွားသည်။
မုန့်ယွဲ့၏ဘေးတွင် စောင့်နေသည့် ရှောင်ယွင့်လုံသည် ထောက်ချောက်မိသွားသည့် ဝက်ဝံကြီးတစ်ကောင်လို စိတ်လှုပ်ရှားစွာ သွားသည်။ ဝူယွဲ့လင်းကို အမြန်သွားရှာချင်သော်လည်း ဘယ်ကိုသွားရှာရမလဲကို မသိပေ။ သူသာ လမ်းကြောင်းမှားသွားပါက အဆင့်၆ဇွန်ဘီတို့ဖြင့် ပိုဝေးသွားတော့မည်။ လင်းလင်းတို့ကို သူအခုရှာတွေ့ရင်လည်း ပြန်ခေါ်နိုင်မှာ မဟုတ်ပေ။ သို့သော်လည်း အနည်းဆုံးတော့ ဘယ်တွင်ရှိမလဲကို သူသိဖို့လိုသည်။
‘ဇွန်ဘီက လင်းလင်းရဲ့နှလုံးကို စားသွားလည်း အလောင်းတော့ ငါပြန်သယ်မှ ဖြစ်မယ်။ ဝူချန်းယွဲ့ကလည်း အခုအဝေးကိုရောက်နေတော့ ဘာဖြစ်နေလဲကို ငါဘယ်လိုအကြောင်းကြားရမလဲ? ငါဘာလုပ်သင့်လဲ? တကယ့်ကို ဘာလုပ်ရမလဲဆိုတာတောင် မသိတော့ဘူး’
မုန့်ယွဲ့သည် ဒဏ်ရာဖြင့် မေ့လဲနေသည်။ ပိုအိပ်လေလေ ဝူယွဲ့လင်းတို့ဖြင့် ပိုဝေးလေလေ ဖြစ်တော့မည်။ ရှောင်ယွင့်လုံသည် နီရဲနေသည့် မျက်လုံးများဖြင့် ခေါင်းကိုကုတ်နေမိတော့သည်။
လင်းချင်းသည် အဆင့်၆ဇွန်ဘီဆိုသို့ အမြန်သွားနေသည်။ သူမသည် မိုင်အနည်းငယ်လောက် ဝေးသည့်အခါ သူမသည် တာဝါတိုင်ပေါ်သို့တက်ကာ ရုတ်တရက် ရပ်လိုက်သည်။ သူမသည် လေထဲတွင် အနံ့ခံကြည့်သည့်အခါ မျက်နှာသည် တွေဝေမှုဖြင့် လန့်သွားသည်။ ထိုအနံ့ကို ပိုင်သည့်သူမှာ
‘ကလေးမလေး’
ထိုအနံ့က သူမနှင့် ရက်၂၀ကျော်ဝေးနေသည့် ကလေးမလေး၏ အနံ့ဖြစ်ကြောင်းကို သိသွားသည်နှင့် စိတ်မတိုဘဲ မနေနိုင်တော့ပေ။ ‘အဲ့လူက ဘယ်လိုများ ကလေးကို ဒီလို အန္တရာယ်များတဲ့နေရာကို ခေါ်လာတာလဲဟ’
တွေဝေခြင်းမရှိဘဲ လင်းချင်းသည် တာဝါတိုင်ကနေ ခုန်ဆင်းကာ အဆင့်၆ဇွန်ဘီဆီသို့ အမြန်နှုန်းဖြင့် အသားကုန်ပြေးတော့သည်။ ‘ကျေးဇူးပြုတော့ ငါမနောက်ကျပါနဲ့’
သူမနှင့် မိုင်များစွာကွာနေသည့် လမ်းဘေးက ၁၀ထပ်တိုက်တွင် ဇွန်ဘီအကုန်လုံးအား နှင်ထုတ်ခံလိုက်ရသည်။ အဆင့်၆ဇွန်ဘီက ရှိနေသောကြောင့် မည်သည့်သာမန် ဇွန်ဘီကမှ အနားတွင် သွားလာဖို့ မလုပ်ရဲကြတော့ပေ။ ထိပ်ဆုံးထပ်မှ အကြီးဆုံးအခန်းတွင် ဇွန်ဘီမငယ်သည် ဝူယွဲ့လင်းအား ကုတင်ပေါ်သို့ တင်ပေးထားသည်။ ကုတင်သည်ကြီးကာ ခေါင်းအုံးဖက်လုံး စောင်များဖြင့် ဖြစ်သည်။ သို့သော်လည်း အကုန်လုံးသည် ဖုန်တက်နေသည်။ ကမ္ဘာပျက်ခေတ်ဖြစ်သောကြောင့် ဘယ်သူကမှ ဒီနေရာတွင် မနေကြပေ။
ဇွန်ဘီမငယ်သည် ကုတင်ကိုသန့်ရှင်းရေး လုပ်မပေးဘဲ ဝူယွဲ့လင်းကို စောင်ပုံပေါ်သို့ တင်ထားတာဖြစ်သည်။ ထို့နောက် သူမသည် ကုတင်ဘေးတွင်ထိုင်ကာ ခေါင်းပေါ်လက်တင်၍ ဝူယွဲ့လင်းကို ကြည့်နေသည်။ ဝူယွဲ့လင်း၏ မျက်နှာလေးမှ ဒဏ်ရာများသည် သွေးထွက်နေသည်က မရပ်ပေ။ ဝူယွဲ့လင်းကိုကြည့်ရင်း သူမသည် အနံ့ခံနေသည်။ ‘အနံ့လေးက ကောင်းလိုက်တာ အရမ်းသက်သောင့်သက်သာရှိတာပဲ’
သူမသည် ဝူယွဲ့လင်း၏ဒဏ်ရာကို လက်ဖြင့်ထိကြည့်ပြီးနောက် သူမ၏လက်မှ ကပ်စေးနေသည့် သွေးများကို ပြန်ကြည့်လိုက်သည်။ အနံ့သည် အရမ်းကိုကောင်းကာ ချိုနေသည်။ ထိုအချိန်တွင် ဇွန်ဘီမသည် ဝူယွဲ့လင်းအား သကြားလုံးချိုချိုလေး တစ်ခုရှိနေသည့်အလား ကောင်းချီးပြည့်နေသည့် မျက်နှာမျိုးဖြင့် ကြည့်နေတာ ဖြစ်သည်။ သူမသည် ကလေးမလေးကို စားပစ်ချင်သော်လည်း မလုပ်နိုင်ပေ။
လင်းချင်းသည် မကြာခင်တွင် ထိုအခန်းဘေးက ပြတင်းပေါက်သို့ ရောက်လာသည်။ သန့်ပြန့်နေသည့် ကျောင်းဝတ်စုံဖြင့် ဇွန်ဘီမငယ်သည် ကုတင်ဘေးတွင်ထိုင်ကာ ကုတင်ပေါ်က ဝူယွဲ့လင်းအား အရမ်းပျော်နေသည့်ပုံဖြင့် ကြည့်နေသည်။
ဝူယွဲ့လင်းသည် သတိလစ်နေသော်လည်း သူမ၏အသက်စွမ်းသည် သန်မာစွာ ရှိသေးသည်။ ကြည့်ရသည်မှာ ဆိုးဆိုးဝါးဝါးထိခိုက်ပုံမရပေ။ ထို့နောက် လင်းချင်းသည် ဇွန်ဘီမငယ်၏ ယမ်းနေသည့် အမြီးကို ကြည့်လိုက်သည်။ ‘ဒါဘယ်လိုဇွန်ဘီလဲ?’
လင်းချင်းက သိချင်စိတ်ပြည့်နေသည့် အချိန်တွင် ဇွန်ဘီမငယ်သည် ပြတင်းပေါက်ရှိရာသို့ တစ်ခုခုကို အာရုံခံမိသည့်အလား လှည့်ကြည့်လာသည်။ ထိုအခါမှ လင်းချင်းသည် ဇွန်ဘီမငယ်၏ မျက်နှာတစ်ဝက်ကို အကြေးခွံများက ဖုံးထားကြောင်း တွေ့လိုက်ရသည်။