၄၀၅။ မိသားစုကို အမှန်အတိုင်း ပြောပြတယ်
“ဒါဆိုရင် ဘယ်လို. . .ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားတာလဲ မကြီး”
လင်းဝမ်ဝမ်က ပြောသည်။
လင်းချင်းသည် သူမကိုကြည့်ကာ လင်းအမျိုးသမီးကို တစ်ချက်ကြည့်၍ သက်ပြင်းချကာ
“မေးလို့ရပင်မယ့် ဘယ်လိုဖြေရမလဲ မသိဘူး။ နိုးလာတော့ ဒီမိန်းမဖြစ်နေတယ်။ ငါဘယ်လိုရုပ်ဖြစ်ခဲ့လဲဆိုတာ နင်မသိပါဘူး။ အဲ့အချိန်တုန်းက မျက်နှာကြီးက စုတ်ပြတ်ပြီး ဗိုက်တောင်ပွင့်နေတာ”
အမျိုးသမီးလင်းသည် လင်းဝမ်ဝမ်အား နီရဲနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်ည်။ လင်းဝမ်ဝမ်က ‘မကြီး’ဟု တန်းခေါ်လိုက်မှာကို သူမက မျှောင်လင့်မထားသလို လင်းချင်းကလည်း ဒီတိုင်းလက်ခံကာ ပြန်ဖြေနေသည်။ ဒါက တကယ့်ကို သူမ၏ သမီးကြီး ချင်းဖြစ်သည်။ လင်းချင်းက သရုပ်မှန်ကို အတည်ပြုလိုက်သည်နှင့် လင်းအမျိုးသမီးသည် မထိန်းနိုင်တော့ဘဲ သူမ၏ မျက်ရည်များသည် ပါးပြင်ပေါ်သို့ စီးကျလာတော့သည်။
“မငိုပါနဲ့။ သမီးက ပြန်မလာလို့လား?”
လင်းချင်းသည် စားပွဲပေါ်က တစ်ရှုးကို ကမ်းပေးလိုက်ကာ နူးညံ့စွာပြောသည်။ အမျိုးသမီးလင်းသည် ရှိုက်သာငိုနေကာ ဘာမှပြန်မပြောပေ။
လင်းဝမ်ဝမ်သည် လင်းအမျိုးသမီး၏လက်ကို ကိုင်လိုက်ကာ ပြောသည်။
“အမေ အခုရယ်နေရမှာမလား? ဘာဖြစ်လို့ ငိုနေတာလဲ?”
သူမသည်ပြုံးကာ ပြောသော်လည်း သူမကိုယ်တိုင်၏ မျက်လုံးများက နီရဲနေပြီ။
လင်းချင်းက သူတို့ရှေ့တွင် ရပ်လိုက်ကာ ပြောသည်။
“နိုးလာတုန်းက ပင်လယ်မြို့တော်စခန်းနားမှာ။ အရင်ကိုယ်ပိုင်ရှင်က ပင်လယ်မြို့တော်စခန်းကလေ။ ဇွန်ဘီကိုက်လို့ သေသွားတာ။ နိုးလာတော့ ဇွန်ဘီဖြစ်နေပြီ. . .အရမ်းရုပ်ဆိုးပြီး ကိုယ်တွေက လှုပ်ရှားရတာ ခက်ခဲ့တယ်”
လင်းဝမ်ဝမ်နှင့် လင်းအမျိုးသမီးတို့သည် သူမ၏စကားများကြောင့် အာရုံပြောင်းသွားကြကာ သိချင်စွာဖြင့် မေးသည်။
“ဘယ်တုန်းက နိုးလာတာလဲ?”
လင်းချင်းက ခုံတွင်ပြန်ထိုင်လိုက်ကာ ပြောသည်။
“သုံးလလောက်ကြာပြီ။ ဟေးဒီးစခန်းပျက်တယ်ဆိုတာကို ကြားရတဲ့အချိန်တုန်းကပေါ့။ နိုးလာတော့ ဒီအကြောင်းတွေ ဘာမှမသိသေးလို့ တောင်ပိုင်းကို လာရှာသေးတယ်။ ပြီးတော့ ရှာတွေ့သွားတာပါပဲ”
လင်းချင်း၏ စကားများက အနည်းငယ် ထူးဆန်းနေသဖြင့် လင်းအမျိုးသမီးသည် မျက်ရည်များကိုသုတ်ကာ မမေးဘဲ မနေနိုင်ပေ။
“ကြားတယ်ဆိုတာက ဘယ်လိုလဲ? မမှတ်မိဘူးလား?”
“မှတ်ဉာဏ်တွေက ကမ္ဘာမပျက်ခင်အထိပဲ ရှိတယ်”
လင်းချင်းက ပြောသည်။
“ဒီနှစ်တွေမှာ ဘာဖြစ်ခဲ့သလဲကို မသိဘူး။ အစတုန်းက ဟေးဒီးစခန်းက လင်းချင်းဆိုတာကို တခြားသူလို့တောင် ထင်နေခဲ့တာ”
လင်းဝမ်ဝမ်နှင့် လင်းအမျိုးသမီးသည် ကြောင်အသွားကာ တစ်ယောက်ကို တစ်ယောက်နားမလည်စွာ ကြည့်ကြသည်။ လင်းချင်းက ကမ္ဘာမပျက်ခင်အထိပဲ မှတ်မိတာလား?
လင်းအမျိုးသမီးသည် လင်းချင်းအား အံ့သြစွာဖြင့် မျက်လုံးပြူးကြည့်ကာ ခနတွေဝေပြီးနောက် မေးသည်။
“ကမ္ဘာပျက်ပြီးတဲ့ နောက်ပိုင်းနှစ်တွေမှာ ဘာဖြစ်ခဲ့သလဲဆိုတာကို မသိဘူးလို့ ပြောချင်တာလား?”
လင်းချင်းက ခေါင်းငြိမ့်ကာ ပြောသည်။
“အင်း။ မမှတ်မိဘူး။ နေမကောင်းဖြစ်နေလို့ ဆေးသောက်ပြီး အခန်းထဲမှာ အိပ်လိုက်တာကိုပဲ သတိရတယ်။ မမျှော်လင့်တာက နိုးလာတော့ တခြားသူကိုယ်ထဲကို ဝိဉာဉ်ရောက်နေတာပဲ။ ကမ္ဘာပျက်ပြီးနောက်ပိုင်း ငါးနှစ်တုန်းက ဘာတွေဖြစ်ခဲ့လဲ ဆိုတာကိုတော့ လုံးဝမသိတော့ဘူး”
လင်းဝမ်ဝမ်နှင့် လင်းအမျိုးသမီးတို့သည် လင်းချင်းကိုကြည့်ကာ ဘယ်လိုတုန့်ပြန်ရမလဲ မသိတော့ပေ။
လင်းချင်းက ဆက်ပြောသည်။
“တော်သေးတာက ကိုယ်ဘယ်သူလဲဆိုတာကို မှတ်မိနေသေးလို့။ မေ့သာသွားလို့ကတော့ အသက်လာကယ်ပေးမယ့်သူ ရှိမှာမဟုတ်တော့ဘူး”
ထိုအခါ အံ့သြနေရာမှ ပြန်သတိဝင်လာသည့် လင်းဝမ်ဝမ်က
“ဒါဆို. . .ဒါဆို. . .ဒါဆိုရင်. . .မကြီး ဘယ်လိုသေလဲကို မမှတ်မိဘူးလား? ပြီးတော့ လုထန်ယုကိုယ်ထဲ ရောက်လာအောင် ဘာလုပ်ခဲ့လဲကိုရော မသိဘူးလား?”
သူမသည် နားမလည်စွာဖြင့် မေးသည်။
လင်းချင်းက ခေါင်းခါကာ
“ငါမမှတ်မိပါဘူးလို့ နင့်ကိုပြောသားပဲ”
“ဘာဖြစ်လို့ အမေတို့က အစတည်းက မပြောရတာလဲ?”
အမျိုးသမီးသည် ဒီလိုပြောပြီးနောက် ထပ်ငိုပြန်သည်။
“အမေ. . .မငိုပါနဲ့။ အမေ့ကိုမပြောဘူးဆိုတာက အခြေအနေကို သမီးလည်း မသိသေးလို့ပါ။ ကိုယ့်ဟာကိုယ်တောင် နားမလည်ဖြစ်နေတာ အမေတို့ကို ဘယ်လိုပြောရမှာလဲ? ပြီးတော့လည်း မြင်မြင်ချင်း အမှန်ကိုတန်းပြောလို့ အမေတို့က ယုံမှာမလို့လား? ဘယ်သာမန်လူက ဒါမျိုးကို ယုံနိုင်မှာမလို့လဲ? လူပြန်ဝင်စားတဲ့ စိတ်ကူးယဉ်ဝတ္တူထဲမှာ သမီးတို့က နေတာမှ မဟုတ်တာ”
“ပြန်ဝင်စားတာပဲ မဟုတ်ဘူးမလား?”
လင်းဝမ်ဝမ်က ပြောသည်။
“သူများကိုယ်ထဲကို ဝင်ပြီးတော့ အသက်ပြန်ရှင်လာတယ်လေ ဒါမျိုးက စိတ်ကူးယဉ်ဝတ္တူထဲမှာ ဖြစ်သလိုမျိုးပဲလေ”
အမျိုးသမီးလင်းက ခနတွေးကာ ခေါင်းငြိမ့်သည်။
“ဟုတ်ပါတယ်။ အရင်တည်းက ပြောခဲ့ရင်လည်း ယုံမှာမဟုတ်ဘူး။ ဒီလိုမျိုးက ဘယ်လိုလုပ်ဖြစ်နိုင်တာလဲ? ဒါပင်မယ့် အခု သမီး. . . ဝိဉာဉ်က ပြန်လာတော့ ဟိုမှာတစ်ခုခု ဖြစ်ခဲ့တာလား?”
လင်းချင်းက ခေါင်းခါကာ ပြောသည်။
“သေချာမသိပါဘူး”
လင်းဝမ်ဝမ်က တစ်ခုခုကိုတွေးမိကာ ပြောသည်။
“အာ တော်သေးတာက သူ့ကိုယ်ထဲကို ပြန်ဝင်စားတဲ့အချိန်မှာ လုထန်ယုက သေနေလို့သာပဲ။ သူမသုံးနိုင်တော့တဲ့ကိုယ်ကို ငှားလိုက်သလိုပဲလေ။ အသက်ရှင်နေတဲ့သူကိုယ်ထဲသာ ဝင်မိလို့ကတော့ အဲ့လူနဲ့ ကိုယ်တစ်ခုထဲကို မျှရမှာမလား? ဒါမှမဟုတ် ကိုယ်ကိုရဖို့ လုရတော့မှာလား?”
ဒီလိုပြောကာ လင်းဝမ်ဝမ်၏ မျက်လုံးတို့က တောက်ပသွားသည်။
လင်းချင်းက သူမအားကြည့်ကာ ပြောသည်။
“ဒီလိုဆိုရင်တော့ အဲ့လိုဖြစ်လောက်မှာပါ”
ထိုအချိန်တွင် လင်းအမျိုးသမီးသည် မျက်လုံးများပြောင်းသွားကာ ရုတ်တရပ်ပြောသည်။
“ကြည့်ရတာ ဒီနှစ်တွေအတွင်း ဖြစ်ခဲ့တာတွေကို မေ့သွားတာကလည်း ကောင်းတာတစ်မျိုးပဲ”
“တချို့ဟာတွေကို သမီးဘယ်တော့မှ မမှတ်မိလေလေ ပိုကောင်းလေပဲ”
လင်းချင်းသည် သူမ၏ အမေက ဘာကိုတွေးကာ ပြောနေသလဲ ဆိုသည်ကို နားလည်သည်။ သို့သော်လည်း ဒါတွေကို ဘယ်တော့မှ မမှတ်မိနိုင်ပါက သူမသည် တခြားနည်းလမ်းရှာရတော့မည်။
“အမေ တကယ်လို့ သမီးမမှတ်မိဘူးဆိုရင်တောင်မှ ဟေးဒီးစခန်းကတော့ ဘယ်လိုပျက်သွားသလဲ ဆိုတာကို တိတိကျကျသိအောင် လုပ်ဖို့လိုမယ်။ ယန်းကျင်းဟွာဆိုတဲ့ကောင်ကို သူမက အတော်လေးယုံခဲ့တာလား? ဒါပင်မယ့် သူ့ကိုမြင်တော့ ဘာခံစားချက်မှ မရတာ ဘာဖြစ်လို့ပါလိမ့်?”
လင်းချင်းက တကယ်နားမလည်စွာ ပြောသည်။
ယန်းကျင်းဟွာ၏ အမည်ကိုကြားသည့်အခါ ဒီနှစ်ယောက်သည် ချက်ချင်းဆိုသလို မျက်နှာတို့က ပြောင်းသွားကြတော့သည်။
“ယန်းကျင်းဟွာက ကောင်းတဲ့ကောင် မဟုတ်ဘူး သူကသစ္စာမဲ့ပြီးတော့ လှည့်စားတက်တဲ့ကောင်ပဲ။ နောက်သူ့ကိုတွေ့လို့ကတော့ သူ့ဘောကို ပြင်းပြင်းကန်ပစ်လိုက်! ငါတို့ဒီကိုထွက်ပြေးနေရတဲ့အကြောင်းက သူ့ကြောင့်ပဲ”
“သူကနှာဘူးကောင်! ရွံ့ဖို့ကောင်းတဲ့ကောင်! လူလိမ်!”
လင်းဝမ်ဝမ်သည် အံ့ကြိတ်ကာ ပြောသည်။
လင်းချင်းသည် သူတို့အား အံ့သြစွာ ကြည့်လိုက်ကာ မနေနိုင်ဘဲ မေးသည်။
“သူက တကယ့်ကို ဒီလောက်တောင် ဆိုးလို့လား? တိတိကျကျ ဘာလုပ်ခဲ့လို့လဲ? တူယွမ်ရှင်းနဲ့ ချင်းယင်းတို့ဆီက တိတိကျကျ မသိရဘူး။ ဘာဖြစ်ခဲ့တာလဲ ပြောပြပါဦး”
လင်းအမျိုးသမီးနှင့် လင်းဝမ်ဝမ်တို့သည် အချင်းချင်းကြည့်ကြသည်။ ထို့နောက် လင်းချင်းကိုကြည့်ကာ လင်းဝမ်ဝမ်က
“မကြီး သူ့ကို လုံးဝမမှတ်မိဘူးလား? မကြီးကို လိမ်သွားတာလေ။ ညီမလေးတို့ အကုန်လုံးကိုရောပဲ!”
လင်းချင်းက နားမလည်စွာဖြင့် မျက်မှောင်ကျုံ့ကာ
“အဲ့အချိန်တုန်းက. . .တစ်ခုကို မှတ်မိလိုက်တယ် ထင်တယ်။ ဒါပင်မယ့်လည်း မှတ်ဉာဏ်တွေက မသေချာဘူး။ ချောက်ကမ်းပါးတစ်ခုမှာ အဆင့်၇ ငါးယောက်က ဖိအားပေးနေတာကိုတော့ မှတ်မိသလိုပဲ။ အလည်က တစ်ယောက်က. . .လှတာမျိုး? အဲ့နေရာကို ဖောက်ခွဲပစ်တာကို မှတ်မိတယ်. . .အစွမ်းက အနက်ရောင်မီး. . .အနက်ရောင်မီးအကြီးကြီး ပေါက်ကွဲသွားတာ. . .အာ့!”
စကားပြောနေရင်း သူမ၏စိတ်ထဲတွင် ဒီပုံရိပ်များ ပြန်ထင်လာကာ နာကျင်မှုလှိုင်းတစ်ခုက ဖြစ်လာသဖြင့် သူမသည် ညည်းတွားမိလိုက်သည်။