May Honey Logo May Honey
Previous Next

၂၆၂။ ဆရာဝန် လျန်တရှု

“ရပါတယ်”   ယွမ်ထန်ရှင်းက ပြောသည်။   “လုထန်ယုဆီက ရေဆိုတာကို သူတို့မှမသိတာ။ သူတို့သိသွားရင်လည်း အဲ့ဒီ. . . အဟမ်း လုထန်ယုက လူကယ်တဲ့ ဇွန်ဘီဖြစ်နေတော့ ကိစ္စတွေက ပိုစိတ်ဝင်စားဖို့ ကောင်းဦးမယ်”   ဒီလိုပြောကာ အဓိပ္ပါယ်ရှိစွာဖြင့် ပြုံးသည်။

တူယွမ်ရှင်းသည် မျက်လုံးများပြူးသွားကာ ယွမ်ထန်ရှင်းကိုကြည့်ရင်း   “ဒါကဆိုးတယ် သူ့ကိုပြဿနာတွေ သွားပေးနေသလို ဖြစ်တော့မှာမလား?”

ယွမ်ထန်ရှင်းသည် သူ့အားတစ်ချက်ကြည့်ကာ အရေးမပါသလိုဖြင့်   “မင်းရူးနေလား? သူကဘယ်လိုဇွန်ဘီလဲဆိုတာကို မသိတာကြနေတာပဲကွာ။ ငါ့အထင် အဆင့်၇စွမ်းအားရှင်တောင် သူ့ကိုဖမ်းဖို့ မလွယ်လောက်ဘူး။ သူ့ကိုမင်းလို ပိန်းတယ်များ ထင်နေလား? မဟုတ်ဘူး မင်းထက်အများကြီးကို ဉာဏ်ကပြေးလွန်းတယ်။ ပြီးတော့လည်း သူ့အစွမ်းတွေကို မင်းမေ့သွားပြီလား?”

လင်းယုသည် စပ်စုစွာဖြင့် ဝင်ပြောသည်။   “လုထန်ယုဆိုတဲ့ ဇွန်ဘီနဲ့ နယ်မြေအကြောင်း ပြောနေကြတာဆိုတော့ ဒါကကျွန်တော် ထင်နေမိတာတော့ မဟုတ်ဘူးမလား? ဒီစခန်းက နာမည်ကြီးလုထန်ယုတော့ မဟုတ်ဘူးမလား?”

တူယွမ်ရှင်းနှင့် ယွမ်ထန်ရှင်းတို့သည် သူ့အားခေါင်းငြိမ့်ပြကြသည်။

“မဖြစ်နိုင်တာ!”   လင်းယုက မယုံနိုင်စွာဖြင့် ပြောသည်။   “သူက တကယ်ဇွန်ဘီ ဖြစ်သွားတာလား? ကျွန်တော်ကြားတာတော့ သူ့ကိုဇွန်ဘီအုပ်ထဲ ကန်ချခံရပြီးတော့ အပိုင်းပိုင်းပြတ်သွားတယ်ဆို?”

“မဟုတ်ဘူး! သူကအကောင်းကြီးပဲ!”   ယွမ်ထန်ရှင်းသည် ခေါင်းကိုခါကာ ပြောသည်။

“ဇွန်ဘီဖြစ်သွားတာကတော့ အမှန်ပဲ”   တူယွမ်ရှင်းက ဆက်ပြောသည်။   “ပြီးတော့လည်း ဒီစခန်းက လူတိုင်းမုန်းနေတဲ့ လုထန်ယုနဲ့ကို မတူတော့ဘူး။ ကုသိုလ်ကောင်းမှုလုပ်ရတာ ကြိုက်တဲ့ဇွန်ဘီ ဖြစ်သွားတာ!”

“ဘယ်လို?”   လင်းယုသည် နားမလည်ဖြစ်သွားသည်။ ပြောနေသည့်စကားများက ဟာသကြီးများလို ဖြစ်သွားသည်။   ‘ဇွန်ဘီဖြစ်သွားတာက ထားဦး။ ဒါပင်မယ့် ကောင်းမှုလုပ်တာက ဘာလဲ? သေတုန်းက ဇွန်ဘီကိုက်စားခံထားရတာမလို့ အခုဆိုရင် ဘယ်သူကမှ သူ့ကိုမှတ်မိတော့မှာ မဟုတ်ဘူးမလား? ပြီးတော့လည်း ရေကသူနဲ့ ဘာဆိုင်လို့လဲ?’

တူယွမ်ရှင်းနှင့် ယွမ်ထန်ရှင်းတို့၏ စကားများသည် လုထန်ယုနှင့်ရေအကြောင်းဖြစ်သည်။ သို့သော်လည်း သူနားမလည်သည်ကို ခနထားကာ အရင်သိချင်တာကို မေးလိုက်သည်။   “တကယ်ကြီး ရေက စွမ်းအားနိုးတာကို ကူနိုင်မှာလား? တကယ်လို့ မင်းသမီးလေးအပေါ် အကျိုးမရှိရင် ဝူချန်းယွဲ့က ကျွန်တော်တို့ကို ရန်ငြိုးထားမှာလား?”

“သူ့မှာ ဘာရွေးချယ်စရာများ ရှိသေးလို့လဲ?”   ယွမ်ထန်ရှင်းက ပြောသည်။    “ငါက စိတ်ကောင်းထား ကူညီပေးရုံတင်။ ရေက မထိရောက်ဘူးဆိုရင်လည်း မင်းသမီးလေးကိုတော့ မထိခိုက်ပါဘူး။ ပြီးတော့လည်း ငါအာမမခံဘူးလို့ ကြိုပြောထားသားပဲ”

“စခန်းမှာ သူ့လုပ်ရပ်တွေကိုကြည့်ရင် ခေါင်းဆောင်ဝူက အမြင်ကျဉ်းပြီးတော့ အကျိုးအကြောင်းမစီလျော်တဲ့သူမျိုး မဟုတ်ပါဘူး”   တူယွမ်ရှင်းက ပြောသည်။   “ငါတို့ကို အပြစ်မတင်လောက်ပါဘူး”

ယွမ်ထန်ရှင်းက ခေါင်းငြိမ့်သည်။

တစ်ဖက်တွင် ဝူချန်းယွဲ့သည် လျန်လျန်ကို သူတို့နေသည့်နေရာသို့ ခေါ်သွားကာ သူမ၏အိပ်ခန်းထဲမှ ကုတင်ပေါ်တွင် တင်လိုက်သည်။ ထို့နောက် ရှောင်ယွင့်လုံအား နောက်ဆရာဝန်တစ်ယောက်ကို သွားရှာခိုင်းသည်။ ထိုဆရာဝန်သည် စခန်းတွင် ငကြောင်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ သူသည် သူများစကားကို နားထောင်သည်ဆိုသည်က ရှားပါးလွန်းကာ သူ့လူနာကို သူကုသချင်သလိုသာ ကုသတက်သည်။ သူမကုချင်ဘူးဆိုလျှင်လည်း ဘယ်သူကမှ အတင်းခိုင်း၍ မရပေ။ သို့သော်လည်း ဝူချန်းယွဲ့က အကူအညီတောင်းလျှင်တော့ အမြဲလက်ခံကာ ကူညီပေးလေ့ရှိသည်။

ဆရာဝန်၏အမည်သည် လျန်တရှုဖြစ်သည်။ အရင်က ဆရာဝန်မဟုတ်ဘဲ စာအုပ်ဆိုင်ပိုင်ရှင် တစ်ယောက်သာ ဖြစ်သည်။ စာဖတ်ခြင်းကို အရမ်းနှစ်သက်မြတ်နိုးကာ သူသည် စိတ်ကူးယဉ်ဝတ္တု၊ ကာတွန်းနှင့် အွန်လိုင်းဝတ္တုများကအစ အကုန်လုံးကို ဖတ်သည့်သူဖြစ်သည်။ သူသည် ပညာရပ်ဆိုင်များ စာအုပ်များကိုလည်း လုံးဝနားမလည်တာတောင်မှ ကြိုးစားဖတ်ရှုခဲ့သည်။ စိတ်ဝင်စားစရာ တစ်ခုခုကိုဖတ်မိပါက အဆုံးအထိကို လိုက်လေ့လာဖတ်တက်သည့်သူ ဖြစ်သည်။

ဆေးပညာကို သင်ကြားခဲ့ဖူးခြင်း မရှိသော်လည်း လူတွေက သူ့အားဆရာဝန်ဟု ခေါ်ခြင်းမှာ သူ့အစွမ်းကြောင့် ဖြစ်သည်။ သူ့တွင် ကုသရေးစွမ်းအားရှိသဖြင့် ဒဏ်ရာအသေးအမွှားနှင့် ရောဂါများကို လွယ်ကူစွာ ကုသနိုင်သည်။ သူ့စွမ်းအားသည် အရမ်းမမြင့်သေးသောကြောင့် ရောဂါကြီးများနှင့် ကုသမရသည့်ဖျားနာခြင်းများအတွက်တော့ နှေးသွားအောင် လုပ်ပေးနိုင်သည်။

လက်ရှိတွင် သူသည် စာအုပ်ဆိုင်တွင် အလုပ်မလုပ်တော့သလို ဆရာဝန်လည်း မလုပ်ပေ။ သူသည် ဇွန်ဘီပိုးလေ့လာရေးအဖွဲ့အစည်းတွင် သုသေသနပညာရှင် ဖြစ်နေသည်။ စာအုပ်အများကြီး ဖတ်ခဲ့သူဖြစ်သောကြောင့် ထိုဗဟုသုတများသည် ကမ္ဘာပျက်ခေတ်တွင် ဇွန်ဘီပိုးဘယ်လို ဖြစ်ပေါ်လာသလဲ ဆိုသည်နှင့် ပတ်သတ်၍ ထင်မြင်ယူဆချက်များစွာကို တင်ပြနိုင်ခဲ့သည်။ သူ့ယူဆချက်အများစုသည် သက်သေပြနိုင်သဖြင့် ဝူချန်းယွဲ့၏ ထောက်ခံချက်ဖြင့် သူသည် သုသေသန ပညာရှင်ဖြစ်လာတာ ဖြစ်သည်။ ကုသရေးအစွမ်းကြောင့် သူသည် ဆေးပညာဗဟုသုတ အချို့ကိုလည်း ဆက်၍လေ့လာသည်။ 

ရှုပ်ထွေးသည့် စက်ကိရိယာများဖြင့် ပြည့်နေသည့် ဓာတ်ခွဲခန်းတစ်ခုအတွင်းတွင် မုတ်ဆိတ်မရိတ်ဘဲ ဆံပင်ရှည်ကြီးဖြင့် ယောက်ျားတစ်ယောက်သည် ဒေတာများကို နှိုင်းယှဉ်ရင်း လေ့လာစူးစမ်းနေသည်။

သူ့အခန်းတံခါးကို နှစ်ကြိမ်တိုင်ခေါက်နေသော်လည်း ပြန်မဖြေပေ။ တံခါးခေါက်သူသည် စိတ်မရှည်တော့ဘဲ သုံးခါမြောက်ခေါက်ပြီးသည်နှင့် တန်းဖွင့်၍ဝင်လာတော့သည်။ တံခါးဖွင့်ဝင်လာသည့် အမျိုးသမီးငယ်သည်   “လျန်ဦးလေး ခေါင်းဆောင်ဝူက ဒီကိုလူလွှတ်လိုက်တယ်။ သူ့နေရာကိုလာခဲ့ပါလို့ ခေါ်နေတယ်”

လျန်တရှုသည် ဒေတာများမှ မျက်လုံးတစ်ချက်မှ မခွာဘဲ ပြန်မေးသည်။   “ခေါင်းဆောင်ပြန်လာပြီလား? ငါ့ကိုတွေ့ချင်တယ်ဆိုတော့ နေမကောင်းဘူး ဖြစ်ရမယ်။ ငါသိပြီ။ ငါ့ဆေးတွေပြင်ထားပြီ။ ဒီမှာမိနစ်နည်းနည်းလောက် အပြီးသတ်ပြီးရင် ငါသွားမယ်”

အမျိုးသမီးသည် ခေါင်းငြိမ့်ပြကာ လှည့်ထွက်သွားသည်။

ဝူချန်းယွဲ့၏ အဆောက်အဦးထဲတွင် ရှောင်ယွင့်လုံသည် ကလေးမလေး၏ နဖူးကို စမ်းနေသည်။ ကလေးမလေးသည် ပင်ပန်းနေပုံရသော်လည်း အံ့အားသင့်ဖွယ်ကောင်းစွာ မေ့မျောသွားခြင်း လုံးဝမရှိပေ။

ရှောင်ယွင့်လုံသည် ကလေးမလေး၏ နဖူးကိုစမ်းပြီးနောက် သူ့နဖူးကို သူပြန်စမ်းကာ ဝူချန်းယွဲ့အား သံဿယဖြင့်   “လျန်လျန်အဖျားက ရပ်သွားပြီလား? ကိုယ်က ထပ်ပြီးတော့မပူတော့ဘူး။ လွန်ခဲ့တဲ့သုံးမိနစ်ကလိုပဲ ပုံမှန်ပြန်ဖြစ်သွားပြီ!”

ဝူချန်းယွဲ့သည် အဖျားတိုင်းသည့် သာမိုမီတာကို ကြည့်နေသည်။ စိတ်ပူစွာဖြင့်   “အင်း ခုနက ငါးဆယ့်ရှစ်ဒီဂရီရှိတာ။ အခုတော့ ငါးဆယ့်ခုနစ်ဖြစ်သွားပြီ။ အဖျားနည်းနည်း ကျသွားတယ် ထင်တယ်”

အဖျားသည် နည်းနည်းကျသွားသော်လည်း နံပတ်ကတော့ ကြောက်ဖို့ကောင်းနေဆဲပင်။

“ဘာ? ငါးဆယ့်ရှစ်ဒီဂရီ!!!”   ရှောင်ယွင့်လုံသည် အံ့သြလွန်း၍ မျက်လုံးကျွတ်ထွက်မတက်ပင်။ ဝူယွဲ့လင်းကို အမြန်လှည့်မေးသည်။   “လျန်လျန် ခေါင်းကိုင်အဖေကို သိသေးလား? သိရင် မျက်လုံးတစ်ချက်မှိတ်ပြ”

သို့သော်လည်း ဝူယွဲ့လင်းသည် သူ့ကိုကြည့်နေကာ ဘာမှပြန်မတုံ့ပြန်ပြပေ။ ဝူချန်းယွဲ့သည် သာမိုမီတာကို ချကာ ဘေးသို့လျှောက်လာ၍ ကုတင်ဘေးတွင် ထိုင်လိုက်ကာ ငုံ့၍   “လျန်လျန် ဖေဖေကို မြင်လား?”

လျန်လျန်သည် ရှောင်ယွင့်လုံအား ကြည့်နေရာမှ ဝူချန်းယွဲ့ကို ဖြည်းဖြည်းချင်း လှည့်ကြည့်သည်။ နားမလည်နိုင်ခြင်းက ဖြတ်ခနဲ သူမ၏မျက်လုံးထဲတွင် ပေါ်လာသော်လည်း ဖြည်းဖြည်းချင်း ခေါင်းငြိမ့်ပြသည်။

“အားရောကျန်သေးလား? နေရတာ မသက်သာဘူးလား?”   ဝူချန်းယွဲ့က မေးသည်။

လျန်လျန်သည် သူ့အားခေါင်းသာခါပြနေသည်။ သူမ၏လှုပ်ရှားမှုများက အရမ်းနှေးလေရာ အတော်အားပျက်နေပုံရသည်။

“စိတ်ကရှိနေသေးတော့ ငါ့အထင် အားပဲနည်းသွားတာ ဖြစ်မယ်”   ဝူချန်းယွဲ့က ရှောင်ယွင့်လုံကို ပြောသည်။

“ငါတို့ပြန်ရောက်နေတာ ၁နာရီလောက်ရှိပြီ။ အခုတော့ အပူချိန်က ထပ်မတိုးတော့ဘူး။ ဒါပင်မယ့်လည်း ကိုမာလည်းမဖြစ်သွားဘူး။ ဒါကောင်းတာလား ဆိုးတာလား? အပူချိန်က များနေသေးတာတော့ ကလေးအတွက် မကောင်းဘူး”

“ငါအရက်ပျံနဲ့ ရေပတ်ဝတ်တိုက်တော့ ပေးနေတာပဲ”   ဝူချန်းယွဲ့က ပြောသည်။   “အပူချိန်ကတော့ ထပ်မတိုးတော့ဘူး ထင်ပါတယ်။ ဒေါက်တာလျန်က သူ့ကိုစစ်ပေးမှာကိုပဲ စောင့်ရအောင်”

“ဒေါက်တာလျန်က စာအုပ်တွေ အများကြီးဖတ်ထားပြီးတော့ အခုလည်း ပိုးသုသေသနလုပ်နေတာ ဆိုတော့ လျန်လျန်ကို ကူညီဖို့ သူသိနိုင်မလားမသိဘူး”   ရှောင်ယွင့်လုံက ပြောသည်။

“ငါလည်းမသိဘူး။ တစ်ခုခုအဖြေထုတ်နိုင်ဖို့ မျှော်လင့်ရမှာပဲ”   ဝူချန်းယွဲ့က မျှော်လင့်ချက်အပြည့်ဖြင့် ပြောသည်။
Previous Chapter 262 of 410 Next