၂၀၃။ ငါမှနင့်ကို သေချာမသိတာ
သူ့စကားကိုကြားသည့်အခါ ကျန်သည့်သူများသည်လည်း သူတို့၏ကံကြမ္မာကို အပြစ်တင်ကြတော့သည်။ သူတို့ထဲကတစ်ယောက်ဖြစ်သည့် လျူကျင်းသည် ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောတော့ပေ။ ဒီလိုအခြေအနေမှာ လူများက မကောင်းမြင်ကြမည်ဆိုသည်ကို နားလည်ပါသည်။
ထိုအချိန်တွင် နောက်တစ်ယောက်က ပြောသည်။ “တခြားသူတွေကို မသေတာထက်စာရင် ကောင်းပါတယ်။ တကယ်လို့ ဒီနေ့သေရမယ့်သူရှိရင်လည်း ငါတို့ပဲ အသေခံလိုက်ပါ့မယ်။ ငါကတော့ ဒါအဆင်ပြေပါတယ်။ တကယ်လို့ ငါတို့သာရှင်မယ်ဆိုရင် ဒါကအသက်ပိုတစ်ချောင်း ရလိုက်သလိုပဲပေါ့”
“2သက်” ရုတ်တရက် အက်ကွဲနေသည့်အသံက ဝင်ပြောလာသည်။
“2သက်? အသက်နှစ်ချောင်းကို ငါတို့ဘယ်လိုရမှာလဲ?” ထိုအသံကို မမှတ်မိသည့်သူသည် ဘာမှမတွေးဘဲ ပြန်ဖြေလိုက်သည်။ သို့သော်လည်း လေးစက္ကန့်လောက်ကြာသည့်အခါ သူတို့သည် အိပ်မက်ကနိုးသွားသူများလို တံခါးရှိရာသို့ လှည့်ကြည့်လိုက်ကြသည်။
တံခါးဝတွင် လူတစ်ယောက်ကရပ်နေကာ ဘယ်ချိန်တည်းက သူမရောက်နေသလဲကို သူတို့မသိကြပေ။ သူမသည် ပြောက်ကျားစွပ်ကျယ်ကို ဝတ်ထားဆဲဖြစ်ကာ သွယ်လျသည့်ခါးက လစ်ဟာနေသည်။ ဘောင်းဘီပွပွကြီးနှင့် ဘွတ်ဖိနပ်တို့က သူမ၏ရှည်လျား သွယ်လျသည့် ခြေတံများကို မဖုံးနိုင်ပေ။ ကုတ်အကျီကို ပုခုံးတွင်ချီ၍ချထားကာ နေကာမျက်မှန်ကို တပ်ထားဆဲဖြစ်ပြီး ဦးထုပ်ဆောင်းထားဆဲပင်။ သူမသည် လက်ကိုပိုက်ကာ သူတို့အား တည်ငြိမ်စွာဖြင့် ဖြန်းကြည့်နေတာဖြစ်သည်။
“မ. . .အမကြီး!” လင်းချင်းကို စမှတ်မိသွားသည့် လျူကျင်းသည် စိတ်လှုပ်ရှားမှုဖြင့် ထအော်ကာ ပြေးလာ၍ ငိုမဲ့မဲ့မျက်နှာဖြင့် အသံများတုန်နေကာ “အမကြီး! ရောက်လာပြီပဲ! ကျွန်တော်တော့ ဒီတစ်ခါသေတော့မယ်လို့ ထင်နေခဲ့တာဗျာ!”
လင်းချင်းသည် သူမဆီသို့ ဝမ်းသာအားရပြေးလာဖက်သူကို လှပကျော့ရှင်းစွာဖြင့် ဘေးသို့ရှောင်လိုက်သည်။ လင်းချင်းတွေးမိသည်မှာ ‘ငါနင့်ကိုသေချာသိတာလည်း မဟုတ်ဘဲနဲ့ အဖက်မခံနိုင်ပါဘူးနော်! ယောက်ျားရင့်မာကြီး ဖြစ်ပြီးတော့ ငိုမဲ့မဲ့လုပ်မနေစမ်းပါနဲ့!’
အခြားသူများသည် သူမအားအံ့သြစွာ ကြည့်နေကြသည်။ ခုနတုန်းက အပျက်သဘောဆောင်သည့် အတွေးများတွေးနေသူသည် ထိုင်နေရကာနေ အခုထလာနိုင်ပြီ။
လင်းချင်းကို သူတို့အား လက်နှစ်ချောင်းထောင်၍ “အသက်နှစ်ချောင်းအကြွေး”
သူမစကားကို ကြားသည့်အခါ အခြားသူများသည် ဘာဖြစ်သလဲကို နားလည်သွားကြသည်။ သူတို့သည် ရိုလာကိုစတာစီးနေရသလို အပေါ်တက်သွားလိုက် ပစ်ချခံလိုက်ရလိုက် ဖြစ်နေသလို ခံစားရသည်။ သူတို့ထဲက တစ်ယောက်မှာ သွားဖက်သော်လည်း ရှောင်ခံလိုက်ရတာကို မြင်လိုက်သော်လည်း စိတ်ဓာတ်ကျနေသူများသည် လင်းချင်းကို ခပ်တင်းတင်းပွေ့ဖက်ချင်လာကြသည်။
သူတို့သည် လင်းချင်းကို အမကြီးလို့ခေါ်ခြင်းမှာ သူတို့ထဲမှ အကြီးဆုံးသည် နှစ်ဆယ့်ငါးနှစ်လောက်သာရှိ၍ ကမ္ဘာမပျက်ခင်က တက္ကသိုလ်ကျောင်းသားအရွယ်များ ဖြစ်ကြသည်။ ကျန်သည့်သူများကတော့ နှစ်ဆယ်ကျော်လေးတွေသာ။ လင်းချင်းက ဒီလောက် သန်မာကာ သူတို့ကို လာကယ်နိုင်သဖြင့် သူတို့သည် သူမကို ‘အဘွား’တောင် ခေါ်နိုင်နေလေပြီ။ သူတို့သည် သူမ၏စကားကို ကြားမှသာ စိတ်အေးကုန်ကြသည်။
အသက်အကြီးဆုံးတစ်ယောက်ဖြစ်သည့် ကျန်းရှောင်ညန်သည် လင်းချင်းကိုကြည့်ကာ “နှစ်သက်ပေါ့! ကျွန်တော်တို့က အသက်နှစ်သက်တောင် အကြွေးတင်နေပါပြီဗျာ! ကျွန်တော် ကပ္ပတိန်လုကို စွန့်လွှတ်လိုက်ပြီးတော့ အမကြီးနောက်ကိုပဲ လိုက်ပါတော့မယ်!”
လင်းချင်းသည် သူ့စကားကို သဘောကျသွားကာ လက်ကိုဝေ့ယမ်းပြရင်း “ခုမပြောနဲ့” ‘နင့်ဆရာက ငါ့နယ်မြေထဲမှာလေ။ သူ့ကိုဒီလိုပွင့်ပွင့်လင်းလင်းကြီး သစ္စာဖောက်တာက နင့်အတွက်ကောင်းလို့လား?’ ဒီလိုတွေးနေရင်း လင်းချင်းသည် သူမနှင့်နီးသည့်နှစ်ယောက်ကို နယ်မြေထဲသို့ အရင်ထည့်လိုက်ကာ ပြန်ပေါ်လာသည့်အခါ ကျန်သည့်သူများကိုလည်း ခေါ်လာလိုက်သည်။
လျူကျင်းသည် လုထန်ရိနှင့် အခြားသူများကို မြင်သည့်အခါ သူတို့ထံမှ ပြေးလာသည်။ “ကပ္ပတိန်!!!” လုထန်ရိကတော့ လင်းချင်းလို မရှောင်ဖို့ သူ့ကိုဖမ်းထားလိုက်ကြသည်။ လျူကျင်းသည် အတော်ငယ်လေးကာ ကမ္ဘာပျက်ခေတ်ထဲတွင် အနည်းငယ်ရင့်ကျက်လာသော်လည်း သူ့ဆရာများကိုတော့ အရမ်းမှီခိုနေဆဲပင်။
လုထန်ရိသည် သူ့ကိုဖက်ကာ ပုခုံးကိုပုတ်ပေးထားသည်။ ဒီငါးယောက်သည် အန္တရာယ်ကြားမှ ကယ်တင်ခံလိုက်ရသဖြင့် ဘယ်လိုခံစားနေရမည်ကို သူနားလည်ပေးနိုင်ပါသည်။
လင်းချင်းကို ကြည့်လိုက်ကာ ကျေးဇူးတင်ကြောင်း ပြောဖို့လုပ်သော်လည်း သူမသည် မီးဖိုဘေးက ပုံးဆီသို့ လျှောက်သွားနေသည်ကို တွေ့လိုက်ရသည်။ သူမသည် ကိုင်းကနေမကာ ရေကိုခပ်လိုက်၍ သူတို့ဆီကိုပေးရင်း “သောက်ကြ”
ရှဲ့တုန်းသည် လင်းချင်းဘေးသို့သွားကာ ဒီလူများကို ကြည့်နေလိုက်သည်။ ဟွမ်ရှို့သည် လင်းချင်းကို တစ်ချက်ကြည့်ကာ ရှဲတုန်းကိုကြည့်၍ မေးသည်။ “ငါတို့အကုန်လုံးကို သောက်ခိုင်းနေတာမလား?”
လင်းချင်းသည် ခေါင်းငြိမ့်ပြလိုက်ကာ တွေဝေနေသည့် လုထန်ရိကို ကြည့်လိုက်သည်။ သူနှင့်ကောင်းချင်းမင်းတို့သည် အချင်းချင်းကြည့်နေကြသည်။ သူတိုနှစ်ယောက်သည် လင်းချင်းက ဇွန်ဘီမှန်းသိသဖြင့် ဒီရေမှာ မသင့်တော်မည်ကို စိုးရိမ်နေတာဖြစ်သည်။
သို့သော်လည်း အခြားသံသယမရှိသူများက ရေမြင်သည်နှင့် အပြေးလာကြသည်။ သူတို့သည် သူတို့ဆရာများလို အများကြီးတွေးမနေပေ။ ဟွမ်ရှို့တို့သည် ရောက်လာတည်းက ကန်ထဲကရေကို ခပ်သောက်ချင်နေကြသော်လည်း သူတို့ဆရာများက တားထားသည်။ ပိုင်ရှင်၏ခွင့်ပြုချက်မရှိဘဲ သောက်ခြင်းက ရိုင်းရကျမည်ဟု သူတို့ထင်သွားကာ မသောက်တော့ခြင်း ဖြစ်သည်။ အခုတော့ ကန်ပိုင်ရှင်ကကို သောက်ဖို့ပေးနေလေရာ သူတို့၏ဆရာများကို လျစ်လျူရှုလိုက်တော့သည်။ ဟွမ်ရှို့သည် အခြားသူများထက် အရင်ပြေးလာကာ လင်းချင်းလက်ထဲက ပုံးထဲကနေ ရေကိုလက်ဖြင့်ခပ်သောက်လိုက်သည်။
“ဟို. . .” လုထန်ရိသည် လက်ဆန့်ကာ ပြောဖို့လုပ်လိုက်သော်လည်း မပြောဖြစ်လိုက်ပေ။ ဟွမ်ရှို့က ရေကိုအငမ်းမရသောက်နေသည်ကို ကြည့်ရင်း သူကိုယ်တိုင်လည်း ဒီဇွန်ဘီမကျွေးထားသည့် သန္ဓေပြောင်းစတော်ဘယ်ရီသီးကို စားထားသည်ကို သတိရသွားသည်။ သူဘာမှမဖြစ်သ၍ သက်ပြင်းသာချလိုက်သည်။
ဟွမ်ရှို့သည် ဗိုက်ထဲကိရေဖြည့်ပြီးသည့်အခါ အခြားသူများအား လင်းချင်း၏လက်ထဲမှ ရေပုံးကို ပြောင်းပေးလိုက်ပြီး လျူကျင်းကို မေးသည်။ “ခုနက အပြင်မှာ ဘာဖြစ်တာလဲ? ဘာနဲ့တွေ့လို့လဲ?”
လင်းချင်းသည် အပြင်ကအကောင်မှာ အဆင့်ခြောက်ဇွန်ဘီဘုရင်ဟု ပြောခဲ့သော်လည်း သူမယုံချင်သေးပေ။ သို့သော်လည်း အဆင့်ငါးဇွန်ဘီများနေသဖြင့် ဇွန်ဘီဘုရင်က ဒီနေရာတွင် ရှိနိုင်မည်ဆိုသည်ကိုတော့ သူသိပါသည်။
လျူကျင်းသည် လင်းချင်းကို တစ်ချက်ကြည့်၍ “ဇွန်ဘီတစ်ကောင်။ အဆင့်ခြောက်မိုးကြိုးအစွမ်းရှိပုံရတယ်။ မိုးကြိုးတွေက မီတာတစ်ရာလောက်ကို ပစ်ချနေတာ။ ငါတို့အဆောက်အဦးထဲကို အမြန်ပြေးဝင်လိုက်ရတာ မဟုတ်ရင် အခုလောက်ဆို ပြာကျနေလောက်ပြီ” စကားပြောပြီးသည့်အခါ သူသည်ရေပုံးကို ကြည့်လိုက်သည်။ အခြားသူများက ပျော်ပျော်ကြီးသောက်နေကြသဖြင့် ဟွမ်ရှို့ကိုတွန်းဖယ်လိုက်ကာ ရေပုံးဆီသို့သာ သွားလိုက်သည်။
အဆင့်ခြောက်ဇွန်ဘီဟု ကြားသည့်အခါ ဟွမ်ရှို့သည် လင်းချင်းကို တအံ့တသြကြည့်လိုက်သည်။ အဆင့်ခြောက်ကို ဇွန်ဘီဘုရင်သို့မဟုတ် ဘုရင်မဟုခေါ်ကြောင်း သူကြားဖူးသည်။ အဆင့်ခြောက်ဇွန်ဘီများသည် အလွန်တရာကို အင်အားကြီးကြရာ သူတို့စခန်းခေါင်းဆောင်လောက် အင်အားမရှိလျှင် အဆင့်ခြောက်လူသားမှာ ဇွန်ဘီဘုရင်သို့မဟုတ် ဘုရင်မကြောင့် သေလောက်သည်။
‘အပြင်ကဇွန်ဘီဘုရင်မှာ မိုးကြိုးအစွမ်းရှိတယ်ဆိုတော့ ဘယ်လောက်သန်လောက်မလဲ? ပိုအရေးကြီးတာက ဒီအမျိုးသမီးက ဒီငါးယောက်ကို ဇွန်ဘီဘုရင်ကြီးဆီကတောင် ဘယ်လိုများ ကယ်လာပါလိမ့်?’
ထိုအချိန်တွင် ကျန်းရှောင်ညန်သည် လျှောက်လာကာ ပြောသည်။ “မိုးကြိုးလွတ်တဲ့နေရာကနေလည်း ဇွန်ဘီအုပ်ကြီးက ပေါ်လာသေးတယ်။ ငါတို့က အဆောက်အဦးထဲ ပိတ်မိနေတာကွာ။ ငါတို့သာထွက်လိုက်ရင် ဇွန်ဘီအုပ်ကြောင့် သေမှာပဲ” သူပြောချင်သည်မှာ ဒီလိုထူးဆန်းသည့် အမျိုးသမီးကသာ သူတို့ကိုနယ်မြေထဲသို့ ခေါ်မလာလျှင် သူတို့သည် ဒီတစ်ခါ တကယ်သေသွားလောက်သည် ဟူ၍ပင်။