May Honey Logo May Honey
Previous Next

၃၁၃။ ဘယ်ကယုန်လဲ

လင်းချင်းသည် မီးခိုးရောင် မွေးပွယုန်ကို တစ်ချက်ကြည့်လိုက်ကာ လျူကျွင်းကိုကြည့်၍   “ဒီလိုတော့ မဟုတ်ဘူးမလား?”

လျူကျွင်းသည် ပုခုံးကိုတွန့်ကာ    “ငါကမှန်းကြည့်တာလေ!”

လင်းချင်းသည် ယုန်ကိုထပ်ကြည့်ကာ ကောက်မလိုက်သည်။ 

ထိုအချိန်တွင် တုံတုံသည် သူမ၏ဘေးသို့ ရောက်လာကာ ခေါင်းကိုမော့၍ သူမကိုကြည့်ကာ   “ယုန်ကိုကိုင်ကြည့်ချင်တယ်”

လင်းချင်းသည် သူ့ကိုကြည့်ကာ ကိုယ်ကိုကိုင်း၍ ယုန်ကိုသူ့လက်ထဲသို့ ထည့်ပေးသည်။ သို့သော်လည်း ယုန်သည် သူ့ကိုကြိုက်ပုံမရကာ သူ့လက်ထဲတွင် အတင်းရုန်းတော့သည်။ တုံတုံက တင်းတင်းကိုင်မထားနိုင်သဖြင့် ယုန်သည် သူ့လက်ထဲကနေ ခုန်ဆင်းသွားသည်။

လင်းချင်းသည် အပြင်ကိုတစ်ချက်ကြည့်ကာ ကိုယ်ဖျောက်၍ နယ်မြေထဲကနေ ထွက်လာသည်။ သူမသည် လျန်လျန်ကိုပြန်ပေးခဲ့သည့် နေရာသို့ ရောက်လာသည်။ အနံ့ခံကြည့်လေရာ ဝူယွဲ့လျန်တို့သည် အပေါ်တွင်ရှိကြောင်း သိလိုက်ရသည်။ ထို့ကြောင့် အပေါ်ထပ်သို့ မတက်ခင် ထမင်းစားနေသည့် လူများကို တစ်ချက်ကြည့်ခဲ့သေးသည်။

ထို့နောက် သူမသည် နယ်မြေထဲသို့ ပြန်ဝင်လိုက်ကာ တုံတုံကြောင့် ပြေးနေရသည့် ယုန်ကိုကောက်မ၍ ပြန်ထွက်လာသည်။ သူမသည် မီးခိုးရောင်အမွေးလုံးကို လှေကားပေါ်တွင်ထားခဲ့ကာ ဝူချန်းယွဲ့၏အိမ်မှနေ လင်းဖန်တို့တည်းရာနေရာသို့ ပြန်လာလိုက်သည်။

ဝူယွဲ့လျန်ကို အဝတ်ဝတ်ပေးပြီး၍ အောက်သို့ပြန်ချီခေါလာစဉ် ဝူချန်းယွဲ့သည် လှေကားပေါ်တွင် မီးခိုးရောင် အမွေးလုံးကြီးကို တွေ့လိုက်ရသည်။    “ဟင်? ဒါဘာကြီး. . .”

ဝူချန်းယွဲ့၏အသံကြောင့် ဝူယွဲ့လျန်သည် လှည့်ကြည့်လာသည်။ ခနတော့ ရပ်တန့်သွားသော်လည်း ယုန်ကိုအမြန်မှတ်မိသွားသည်။ ထို့နောက် ယုန်ရှိရာသို့ သူမ၏ကိုယ်သည် ကိုင်းသွားကာ လက်ကိုဆန့်ထားသည်။ သူမ၏မျက်နှာထက်တွင် အမှုအယာမပြသော်လည်း တောက်ပနေသည့် မျက်လုံးများနှင့် တုန့်ပြန်မှုက ဒီအမွေးလုံးကို လိုချင်နေကြောင်း ပြောပြနေသည်။

“ဒါဘာလဲဆိုတာ သမီးသိလား?”   ဝူချန်းယွဲ့ကမေးနေချိန်တွင် အမွေးလုံးသည် လှုပ်လာကာ ဝူယွဲ့လျန်အား နားရွက်ရှည်ကြီးများဖြင့် မော့ကြည့်လာသည်။

“ဟင် ဒါကဟိုတစ်ခါက ယုန်မလား? ဘာဖြစ်လို့ ဇွန်ဘီမရဲ့အကောင်လေးနဲ့ တူနေတာလဲ?”   ဝူချန်းယွဲ့သည် ယုန်ကိုကြည့်သည့်အခါ ရင်းနှီးသည်ကို သိသွားသည်။ ဟန်ကျိုးတွင် နေရာလွတ်စွမ်းအားရှင် အမျိုးသမီးထံမှ လျန်လျန်ထွက်လာတုန်းက ပိုက်ထားသည့် ယုန်ဖြစ်နေသည်။

ထိုအချိန်တုန်းက ဝူချန်းယွဲ့သည် သူ့သမီးကို အာရုံများနေသဖြင့် ယုန်ကို သိပ်သတိမထားမိခဲ့ပေ။ သို့သော်လည်း အခုမှ သေချာကြည့်မိသည့်အခါ သူမိုးကြိုးဖြင့် ပစ်ချလိုက်သည့် ဇွန်ဘီမ၏ ယုန်နှင့်တူနေသလို ခံစားလာရသည်။

ဒီလိုပြောရင်း သူသည် ဝူယွဲလျန်ကို ချပေးလိုက်ရာ ခြေနှင့်ကြမ်းပြင်ထိသည်နှင့် သူမသည် အမွေးလုံးထံသို့ ပြေးသွားသည်။ ယုန်သည်လည်း သူမထံသို့ ခုန်ပေါက်ကာ ပြေးလာသည်။ သူမသည် ယုန်ကိုပွေ့ချီလိုက်ပြီးမှ ဝူချန်းယွဲ့နှင့်အတူ အောက်ထပ်သို့ ဆင်းလိုက်လာသည်။

“လျန်လျန် ဒါကိုချီထားရင်း စားလို့မရဘူး။ ဘာဖြစ်လို့ ဘေးကခုံမှာ ချမထားတာလဲ?”   ဝူယွဲ့လျန်က ခုံတွင်ထိုင်လိုက်သည့်အခါ လူတိုင်းသည် သူမ၏လက်ထဲကယုန်ကို စပ်စုစွာကြည့်ကြသည်။ ဝူချန်းယွဲသည် ဒီလိုပြောရင်း သူမ၏ဘေးသို့ ခုံတစ်လုံးချပေးလိုက်သည်။

“ဟင်? ဒါလုမိန်းကလေးရဲ့ နယ်မြေထဲက ယုန်မလား? ဘာဖြစ်လို့ ဒီရောက်နေတာလဲ?”   လင်းဖန်က အံ့သြစွာပြောသည်။

“ဪ ငါတို့ဆင်းလာတုန်းက လှေကားမှာတွေ့တာ။ ဒါကသူ့ယုန်လား? ဘာဖြစ်လို့ လျန်လျန်အတွက် ထားပေးခဲ့တာပါလိမ့်? လျန်လျန်ကလည်း ဒီယုန်ကို အရမ်းသဘောကျနေပုံပဲ”

“သူ့နယ်မြေထဲမှာ ဒီယုန်ကို ငါတို့မြင်ဖူးတယ်”   လင်းဖန်က ပြောသည်။   “နယ်မြေထဲမှာ ဒီယုန်ဘဝက အတော်သာယာနေတာ!”

ဝူချန်းယွဲ့သည် ဝူယွဲ့လျန်၏ဘေးသို့ ဝင်ထိုင်ကာ မုန့်ယွဲ့ထံမှ ပန်းကန်လေးတစ်ခုကိုယူ၍ သူ့သမီးစားဖို့ အစာတစ်ချို့ထည့်ပေးသည်။ ဝူယွဲ့လျန်သည် ယုန်ကိုကြည့်ရင်း သူမ၏တူနှင့်ဇွန်းများဖြင့် သူ့ဟာသူစားနေသည်။

“ဒီယုန်ကိုမြင်မှ တစ်ခုတွေးမိတယ်။ မုန့်ယွဲ့ ဒီယုန်ကို နင်အရင်ကမြင်ဖူးလား?”   ဝူချန်းယွဲ့က ရုတ်တရပ် ယုန်အရှေ့တွင်ထိုင်နေသည့် မုန့်ယွဲ့ကို မေးသည်။

မုန့်ယွဲ့သည် ယုန်ကိုစိုက်ကြည့်ကာ မျက်မှောင်ကျုံ့၍ ဖြေသည်။   “ညီမမြင်ဖူးလား? မမှတ်မိတော့ဘူး”

“၂လလောက်တုန်းက”   ဝူချန်းယွဲ့က သတိပေးသည်။   “လျန်လျန်ကို ဟိုမိန်းမက ပြန်ပေးဆွဲသွားတုန်းက။ ငါတို့စိုက်ခင်းထဲက သစ်ခွခြံမှာ တွေ့တာလေ။ အဲ့အချိန်တုန်းက လျန်လျန်က ယုန်ကိုပိုက်ပြီး ထွက်လာတာ။ အဲ့အချိန်တုန်းကတော့ ယုန်က ဒီထက်သေးတာပေါ့။ သေချာတွေးကြည့်!”

ထိုအခါ မုန့်ယွဲ့သည် ခနတွေဝေသွားပြီးနောက် မျက်လုံးများ တောက်လာသည်။ သူမသည် ခေါင်းငြိမ့်ကာ ပြောသည်။   “ဪ! ဟုတ်သားပဲ! အဲ့အချိန်တုန်းက ယုန်တစ်ကောင်နဲ့။ လျန်လျန်ကလည်း မခွဲချင်ဖူးဖြစ်နေသေးတာ!”

ဒီလိုပြော၍ မီးခိုးရောင်ယုန်ကို သေချာကြည့်လိုက်ကာ
“အဲ့ယုန်နဲ့ နည်းနည်းတူနေသလိုပဲ”

ဝူချန်းယွဲ့သည် နားမလည်ဖြစ်နေသည့် လင်းဖန်နှင့် ယွမ်ထန်ရှင်းတို့ကိုကြည့်ကာ မေးသည်။   “တစ်ခုမေးရမလား? ခုနက ငါတို့မြင်လိုက်တဲ့ အမျိုးသမီးက လူသားမဟုတ်ဘူးမလား?”

လူတိုင်းသည် ကြောင်အသွားကြသည်။ ယွမ်ထန်ရှင်းတို့သည် အဖြစ်မှန်ကို သိသော်လည်း မုန့်ယွဲ့သည် ဒါကိုမသိလေရာ ဝူချန်းယွဲ့ကို အံ့သြစွာ ကြည့်သည်။ သူမလည်း ဒါကိုတွေးမိသော်လည်း ဝူချန်းယွဲကတော့ ဧည့်သည့်၂ယောက်အား တကယ်ကြီး မေးချလိုက်သည်။

လင်းဖန်တို့ မျက်နှာထက်မှ အံ့သြနေမှုကြောင့် ဝူချန်းယွဲ့သည် ပြုံးလိုက်ကာ   “ဒီနေကာမျက်မှန်ကြီးကိုတပ်ထားပြီးတော့ အသံကအက်ကွဲခြောက်သွေ့နေတာ မဆန်းတော့ပါဘူး။ အရင်တုန်းက သူ့ရုပ်ရည်ကလွဲရင် သူကဇွန်ဘီနဲ့ လုံးဝမတူဘူးလို့ ငါတွေးနေမိခဲ့တာ။ အခုတော့ သူကတကယ်ကြီး စကားတောင် ပြောနိုင်သွားပြီ။ ၂လပဲရှိသေးတယ်။ သူတိုးတက်သွားတာက အရမ်းမြန်တာပဲ!”

ထိုအခါ ယွမ်ထန်ရှင်းနှင့် လင်းဖန်တို့သည်လည်း အံ့သြသွားကာ   “ဟင်? အရင်တုန်းက တွေ့ဖူးကြတယ်လား?”

ရှောင်ယွင့်လုံသည်လည်း ထိုဇွန်ဘီမကို သတိရသွားကာ   “ဆံပင်တွေ ဘယ်ရောက်သွားလဲ?”   သူချက်ချင်းမေးသည်။   “ညှပ်လိုက်တာလား? ဪ ငါသိပြီ။ သူညှပ်လိုက်မှာပေါ့။ မင်းက သူ့ဆံပင်တွေကို လူမည်းဆံပင်တွေလို ကွေးကောက်အောင် လုပ်ပစ်မှတော့ ရုပ်ဆိုးသွားလို့ကိုး!”

ရှောင်ယွင့်လုံစကားကို ကြားသည့်အခါ လင်းဖန်တို့သည် အချင်းချင်းကြည့်မိကြသည်။ သူတို့အကြည့်ထဲတွင် အတွေးက တစ်ခုတည်းဖြစ်သည်။   ‘ဒီလိုအကြောင်းရှိခဲ့တာကိုး!’

ဝူချန်းယွဲ့သည် သူတို့ကို စပ်စုစွာကြည့်ကာ ပြုံးရင်   “ဒါဆိုရင် သူပဲပေါ့။ သူကမင်းတို့နဲ့ အတူရှိမယ်လို့ မထင်ခဲ့မိဘူး။ မင်းတို့မကြောက်ဘူးလား?”

လင်းဖန်သည် ခေါင်းခါကာ   “အစကတော့ နည်းနည်းကြောက်မိတယ်။ ဒါပင်မယ့် ငါတို့ကို ကယ်ပေးထားတာ။ ဇွန်ဘီက ငါတို့အသက်ကိုကယ်တာက တကယ်ထူးဆန်းပင်မယ့် ငါတို့လည်း ဖြည်းဖြည်းချင်း သူ့ကိုမကြောက်ကြတော့ပါဘူး”

“မကြောက်တာက ငါတို့ကို ထိခိုက်အောင် မလုပ်ဖူးလို့ ယုံကြည်ရလို့။ သူက တကယ်အစွမ်းကြီးတယ်။ ဒီအခန်းထဲမှာ ခေါင်းဆောင်ဝူကလွဲရင် သူ့ကိုဘယ်သူမှ ယှဉ်တိုက်နိုင်တာ မဟုတ်ဘူး”   ယွမ်ထန်ရှင်းသည် ခေါင်းငြိမ့်ကာ ပြောပြီး ဝူချန်းယွဲ့က လင်းချင်းကို နိုင်မည်လားတွေးကာ ကြည့်သည်။

“သူရှုံးတယ်. . .”   ရှောင်ယွင့်လုံသည် ဝူချန်းယွဲ့ကို ကြည့်ကာ ပြောသည်။ အစွမ်းမသုံးဘဲ ၂ယောက်ယှဉ်တိုက်ရာတွင် သူသည် ဇွန်ဘီမ၏ဦးထုပ်ကို မချွတ်နိုင်ဘဲ ဟိုကနိုင်သွားသည်ကို သူ့သူငယ်ချင်းဖြစ်သူမှာ ရိုင်းစိုင်းစွာဖြင့် ပေါင်ကိုတောင် ကိုက်ခဲ့သေးသည်။

“ဘယ်လို. . .?”   ယွမ်ထန်ရှင်းနှင့် လင်းဖန်တို့သည် ချက်ချင်းနားမလည်နိုင်လိုက်ကြပေ။  
Previous Chapter 313 of 410 Next