၂၀၁။ အထဲကိုထည့်ဖို့ အချိန်မရှိဘူး
ရှောင်ယွင့်လုံသည် အိပ်နေသည့် ဝူယွဲ့လင်းကို ဖွဖွလေးပုတ်၍ ချော့သိပ်နေကာ သူမ၏ရှေ့ဆံမြိတ်လေးကို ထိလိုက်သည်။ “ရပါတယ် သူကငါ့သမီးလေးလိုပဲ။ ဒါပင်မယ့် မင်းမလုပ်ခင် သေချာတွေး။ သတ်နိုင်ဖို့ မသေချာရင် သွားစိန်ခေါ်တာမျိုး မလုပ်နဲ့။ မဟုတ်ရင် ငါတို့အကုန်လုံး ဒုက္ခရောက်မှာ”
ဝူချန်းယွဲ့သည် သူ့ကိုပြုံးကြည့်ကာ ဘာမှမပြောပေ။ မုန့်ယွဲ့က လှည့်ကြည့်ကာ ရှောင်ယွင့်လုံအား “ဟုတ်ပြီ တော်တော့။ စခန်းခေါင်းဆောင်သုံးယောက်လုံးက အဆင့်တူနေပြီဆိုတာကို နင်သိတယ်မလား။ နောက်အဆင့်ကို ဖြစ်နိုင်သမျှ မြန်မြန်ရောက်မှ ဖြစ်မှာ။ တခြားနှစ်ယောက်သာ အရင်အဆင့်မြင့်သွားရင် မကောင်းတော့ဘူး!”
ရှောင်ယွင့်လုံသည် မျက်မှောင်ကျုံ့ကာ ငြိမ်ကျသွားသည်။ မုန့်ယွဲ့ပြောသည်က မှန်သည်။ အကယ်၍ စခန်းက အဆင့်၈ရောက်နေသည့် ခေါင်းဆောင်သုံးယောက်ထဲက တစ်ယောက်သာ အဆင့်ထပ်မြင့်သွားလျှင် လက်ရှိမျှတနေသည့် အခြေအနေသည် ပျက်စီးသွားမည်။ အကယ်၍ ကျိုးရှုဟွေ့သာ အရင်အဆင့်မြင့်သွားပါက ဝူချန်းယွဲ့တို့အတွက် အရမ်းမဆိုးဝါးသော်လည်း ယန်ချောင်းသာ အဆင့်မြင့်သွားလျှင် သူတို့ကို သေချာပေါက် ဖိနှိပ်တော့မှာ ဖြစ်သည်။
ဝူချန်းယွဲ့သည် လက်ရှိအခြေအနေကြောင့်သာ မဟုတ်ပါက ဒီလိုအရဲစွန့်မှာ မဟုတ်ပေ။ မုန့်ယွဲ့က ပြောသည်။ “ဟန်ကျိုးက လူဦးရေထူထပ်တယ်။ အဲ့ဒါကြောင့် ငါတို့ဒီမြို့ကနေ အစာအထောက်အပံ့အများကြီး ရလောက်မယ်။ တကယ်လို့ ဇွန်ဘီဘုရင်ကိုသာ သတ်နိုင်ရင် အများကြီးရှာနိုင်မှာ။ ဒါကိုတွေးရုံနဲ့ ငါတို့ရှေ့ဆက်လုပ်သင့်နေပြီ”
ကားများသည် လင်းချင်းရှိသည့် နေရာသို့ ရောက်လာနေပြီ။ ဆယ်မိုင်ဆိုသည်က ခနလောက်သာ ကြာသည်။
ထိုအချိန်တွင် လင်းချင်းမှာတော့ မကောင်းသည့် အခြေအနေသို့ ရောက်နေရှာသည်။ သူမသည် ကိုယ်ဖျောက်ထားသဖြင့် ဇွန်ဘီဘုရင်က မရှာနိုင်ပေ။ ထို့ကြောင့် ရူးသလိုဖြစ်နေကာ မဆင်မခြင်ဖြင့် တိုက်ခိုက်နေတာ ဖြစ်သည်။ မီတာတစ်ရာတစ်ပတ်လည်သို့ ကောင်းကင်ကနေ မိုးကြိုးများက ပစ်ချနေသဖြင့် အနားက အဆောက်အဦး၊ သစ်ပင်နှင့် ဓာတ်တိုင်များကို ထိနေသည်။ ဓာတ်ကြိုးများနှင့် အုတ်ကွန်ကရစ်အပိုင်းအစများကလည်း ပြုတ်ကျလို့နေသည်။
ဘုန်း! ဘုန်း! ဘန်း! ဘန်း!
မိုးကြိုးပစ်သံများကို အဆုံးမရှိအောင်ကို ဆက်တိုက်ကြားနေရသည်။ လင်းချင်းသည် နယ်မြေထဲသို့ ဝင်လိုက်သည်။ ထိုအချိန်တွင် သူမသည် ကန်ဘေးတွင် မျက်လုံးကိုမှိတ်ကာ အပြင်အခြေအနေကို ကြည့်နေသည်။ ဇွန်ဘီဘုရင်က သူမကို ဒေါသတကြီး လိုက်ရှာနေသည်ကို မြင်ရသည်။
‘ငါကနယ်မြေထဲကို ဝင်ပုန်းလိုက်ပြီ။ နင်ကဘာလုပ်နိုင်မှာမလို့လဲ? ကြိုက်သလောက်သာ ပေါက်ကွဲ။ ငါကနင့်ထက် ပိုအားရှိတယ်။ နင့်ဟာနင် ကြိုက်သလိုသာ လုပ်” လင်းချင်းက တွေးနေသည်။ သူမသည် နယ်မြေထဲကနေ အခုထွက်လို့မရပေ။ ထွက်လိုက်ပါက မိုးကြိုးပစ်ခံရမည်ဖြစ်သည်။ ကိုယ်ဖျောက်ထားသော်လည်း မိုးကြိုးပစ်ခံရလျှင်တော့ သူမက နာမှာ ဖြစ်သည်။
မိုးကြိုးများသည် ကောင်းကင်ကနေ မိုးရေစက်များလို ကျနေသည်။ လင်းချင်းသည် နယ်မြေထဲကနေ ထွက်လိုက်သည်နှင့် ပျက်စီးနေသည့် အဆောက်အဦးများကို တွေ့ရတော့မှာ ဖြစ်သည်။
လုထန်ရိနှင့် အခြားသူများသည် လင်းချင်းက ရေကန်ကို မျက်နှာမှုလျှက် ရပ်နေသည်ကို နောက်ကနေ ကြည့်ရင်း ဘာလုပ်နေမှန်း မသိကြပေ။
“ဘာဖြစ်လို့ ရုတ်တရက်ကြီး အထဲကို ခေါ်လာတာလဲ? တခြားသူတွေကို ဘာဖြစ်လို့ မခေါ်တာလဲ?”
“ဟုတ်တယ်။ ဘာဖြစ်လို့ ငါတို့ပဲလဲ? ဆရာကို ဘာပြောထားသေးလဲ?”
လုထန်ရိသည် သူတို့ကို ကြည့်လိုက်ကာ “မင်းတို့နဲ့ ဆိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ ဘာဖြစ်လို့ ခေါ်လာလဲကိုတော့ ငါလည်းသိချင်နေတာ။ ငါတို့စကားပြောလို့တောင် မပြီးသေးဘူး။ ရုတ်တရက်ကြီး ထွက်သွားပြီးတော့ မင်းတို့ကို ခေါ်လာတာပဲ”
လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် လင်းချင်း၏သရုပ်မှန်နှင့် ပတ်သတ်၍ ရှုပ်ထွေးနေကြကာ သူမက သူတို့အား ပြောတောင်မပြရသေးပေ။ သူတို့စကားပြော၍ မဆုံးသေးခင် ထွက်သွားကာ လူတွေကိုထည့်လိုက်ခြင်း ဖြစ်သည်။
“အပြင်မှာ တစ်ခုခုဖြစ်လို့လား? ကျန်တဲ့သူတွေက ဘာဖြစ်လို့ ဒီမှာ မရှိရတာလဲ?” ကောင်းချင်းမင်းက မေးလိုက်သည်။
ဟွမ်ရှို့သည် ခေါင်းခါကာ နားမလည်စွာဖြင့် ဖြေသည်။ “ဘာမှသိပ်မထူးပါဘူး။ ကျွန်တော်တို့က လမ်းဘေးမှာထိုင် စကားပြောနေတုန်း ရုတ်တရက်ပေါ်လာပြီး ဘာမှမပြောဘဲ ခေါ်လာတာ။ ပြီးတော့တခြားသူတွေကို ခေါ်လာပင်မယ့် သူတို့ကို ဘာဖြစ်လို့ ထားခဲ့လဲတော့ မသိဘူး။ ဘာဖြစ်လို့ ခေါ်လာမှန်းလည်း ကျွန်တော်တို့သိတာမှ မဟုတ်တာ”
ထိုအချိန်တွင် ရှဲ့တုန်းသည် စာရေးပြသည်။ ‘ခေါ်ဖို့အချိန်မရှိတော့လို့’
“အချိန်မရှိတာ? ဘာဖြစ်လို့လဲ?” အခြားသူများသည် တအံ့တသြမေးကြသည်။
လင်းချင်း၏အပြုအမှုအရ ရှဲ့တုန်းသည် သူတို့ကို မခေါ်လာခင် တစ်ခုခုကို အာရုံရ၍ ဖြစ်ကြောင်း သိလိုက်သည်။ မဟုတ်လျှင် ဘာကြောင့် ခေါ်ထားမည်နည်း? အန္တရာယ်ရှိ၍ပဲ ဖြစ်လိမ့်မည်။ ရှဲ့တုန်းသည် သူလည်း အဖြေကို တိတိကျကျ မသိသဖြင့် ခေါင်းခါပြလိုက်သည်။
ထိုအချိန်တွင် လင်းချင်းသည် မျက်လုံးဖွင့်ကာ သူတို့ကို လှည့်ကြည့်၍ ဖြည်းဖြည်းချင်း ပြောသည်။ “ဘုရင်”
လုထန်ရိတို့သည် သူမပြောသည်ကို ချက်ချင်းနားမလည်နိုင်ပေ။ ကောင်းချင်းမင်းက မေးသည်။ “ဘုရင်? ဘာဘုရင်လဲ?”
ဟွမ်ရှို့နှင့် အခြားသူများကတော့ လင်းချင်း၏ ခြောက်ကပ်ကာ ကွဲအက်နေသည့် အသံကြောင့် စိတ်ပျက်သွားကြသည်။ သူတို့မှာ သူမ၏အသံသည် ဆွဲဆောင်မှုရှိစွာ အေးအေးဆေးဆေးဖြင့် ရွှင်ပြသည့်အသံလေး ဖြစ်မည်ဟု မျှော်လင့်ခဲ့သော်လည်း အသံသည် အက်ကွဲနေရုံတင်မကဘဲ ယောက်ျားသံလိုတောင် ဖြစ်နေသေးသည်။
သူတို့လိုမဟုတ်သည် ရှဲ့တုန်းက လင်းချင်းကို တအံ့တသြကြည့်ကာ ရေး၍မေးသည်။ ‘ဇွန်ဘီဘုရင်လား? အဆင့်၆?’ လင်းချင်းက ခေါင်းငြိမ့်ပြသည်။
အခြားသူများသည် ဘာရေးပြ၍ ခေါင်းငြိမ့်လိုက်သလဲ သိချင်သဖြင့် ကြည့်ကြသည်။ အနားက ဟွမ်ရှို့ကတော့ ရေးလိုက်သည်ကို သေချာမြင်လိုက်၍ “ဟင်? ဇွန်ဘီဘုရင်လား? အဆင့်၆လေ!” သူသည် မျက်လုံးအပြူးသားဖြင့် လင်းချင်းကို မော့ကြည့်လိုက်သည်။ သူ့အသံကြားသည့်အခါ အခြားသူများကလည်း ကြောင်အသွားကာ မယုံနိုင်သည့် မျက်နှာများ ဖြစ်ကုန်ကြသည်။ သူတို့ကြားလိုက်သည်ကို သူတို့မယုံနိုင်ကြပေ။
“တကယ်လား!”
“မဖြစ်နိုင်တာ!”
“သေပါတော့!”
“ဒါဆိုရင် တခြားသူတွေက” လုထန်ရိသည့် ကျန်သည့်ငါးယောက်ကို တွေးမိသွားကာ လင်းချင်းကို ကြည့်လိုက်သည်။ လင်းချင်းသည် သူတို့ကိုတစ်ချက်ကြည့်၍ မျက်လုံးကိုမှိတ်ကာ အပြင်အခြေအနေကို ကြည့်လိုက်သည့်အခါ မိုးကြိုးအများစုက ပါးသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။
ထို့ကြောင့် ရှဲ့တုန်းအား လက်ဟန်ပြလိုက်ကာ ချက်ချင်း နယ်မြေထဲကနေ ထွက်သွားသည်။ လုထန်ရိတို့အဖွဲ့က တချို့လူများသည် ဒီလက်ဟန်ကို နားလည်လိုက်သော်လည်း အချို့က မသိပေ။ ကောင်းချင်းမင်းက အကုန်နားလည်လိုက်ချိန်တွင် ဟွမ်ရှို့က တစ်ချို့တစ်ဝက်သာ သိလိုက်သည်။ ကောင်းချင်းမင်း၏အကိုသည် ကင်းထောက်ဖြစ်ခဲ့ရာ အိမ်သို့ပြန်လာတိုင်း သူ့ညီလေးကို သင်ပေးလေ့ရှိသည်။ ငယ်စဉ်ထဲက သင်ကြားခြင်းခံရသည့် ဉာဏ်ကောင်းသည့် ကောင်းချင်းမင်းသည် သူ့အကိုလိုပဲ ထူးချွန်သည့် ကင်းထောက်လူငယ် ဖြစ်လာတာဖြစ်သည်။ ထို့ကြောင့် မိသားစုကို ဆုံးရှုံးခဲ့သည့်နောက် ဉာဏ်ကောင်းသည့်သူသည် စခန်းသို့ဝင်ခဲ့သည်။
ဟွမ်ရှို့ကတော့ ကမ္ဘာကပ်ဖြစ်တုန်းက သူသည် တာဝန်ထမ်းဆောင်နေသည်မှာ ပထမနှစ်သာ ရှိသေးသည်။ ထို့ကြောင့် လင်းချင်း၏ လက်ဟန်အကုန်လုံးကို မသိဘဲ တစ်ဝက်လောက်သာ သိလေသည်။ ပြီးတော့ အထူးတပ်ဖွဲ့ကလူမဟုတ်ခဲ့ပေ။ ကျန်သည့်သူများကတော့ တက္ကသိုလ်ကျောင်းသားများနှင့် လုပ်ငန်းခွင်က ငယ်ရွယ်သူများ ဖြစ်ခဲ့သောကြောင့် ရှဲ့တုန်းနှင့် ကောင်းချင်းမင်းတို့သာ လင်းချင်းပြသွားသည်ကို အပြည့်အဝနားလည်ကြတာ ဖြစ်သည်။ ဟွမ်ရှို့ကတော့ လင်းချင်းလုပ်ပြသွားသည့်မှာ တပ်ဘက်ကသုံးသည့် လက်ဟန်များဖြစ်သည်ကို သေချာသိသော်လည်း ဘာအဓိပ္ပါယ်မှန်းတော့ သူသေချာမသိပေ။