၃၃၅။ အပင်ကိုကိုက်တဲ့ခွေး
လျူကျွင်း၏ အခန်းထဲကနေ လင်းချင်းသည် ထွက်လာကာ ဆင်းလာသည်။ ဧည့်ခန်းထဲတွင် လင်းဖန်တို့က ခုံများကိုရှင်းထားပြီးသည်ကို တွေ့လိုက်ရသည်။ ခုံများသည် အရမ်းကြီးမသန့်သော်လည်း လူတွေထိုင်ဖို့လောက်တော့ သပ်ရပ်နေသည်။ ထို့အတူ ကမ္ဘာပျက်ခေတ်ရောက်တည်းက လူတို့၏ သန့်ရှင်းရေးစံနှုန်းများသည် လျော့ကျကုန်တာ ဖြစ်သည်။
လင်းချင်းသည် လျှောက်လာကာ “စီစဉ်ပြီးပြီလား? နံရံဆောက်တာမှာ ငါဝင်ပါစရာ မလိုဘူးဆိုတော့ သူတို့စခန်းကို ငါအရင်ပြန်သွားနှင့်မယ်။ လမ်းမှာ လုပ်စရာလေးရှိလို့။ နင်တို့နဲ့ အတူမသွားတော့ဘူး။ ဒုခေါင်းဆောင်ရှောင်တို့ကတော့ စိတ်ကြိုက်သွားချင်ရာသွား ရတယ်နော်”
လင်းဖန်၊ ရှောင်ယွင့်လုံနှင့် ချန်ယုတင်းတို့သည် သူမကို အံ့သြစွာကြည့်သည်။ လင်းဖန်က မေးသည်။ “အရင်ပြန်တော့မလို့လား? အစောကြီးရှိသေးတယ်? တစ်ယောက်တည်းလား?”
လင်းချင်းသည် သူတို့ရှေ့တွင်ရပ်ကာ အိပ်ကပ်ထဲသို့ လက်နှိုက်လိုက်ပြီး ခေါင်းငြိမ့်ကာ “စိတ်မပူနဲ့။ ငါ့ဇွန်ဘီအဖွဲ့ကို အနားက ဇွန်ဘီတွေရှင်းဖို့ ထုတ်ထားပြီးသား။ သူတို့ကို ဒီအဆောက်အဦးနားကို သေချာစောင့်ဖို့လည်း တင်းတင်းကြပ်ကြပ်ကို မှာထားတယ်။ လီလီနဲ့ လျူကျွင်းတို့ကတော့ ဒီမှာ နေခဲ့ကြတယ်။ ငါပဲသွားမှာ”
ချူးလီလီက နေကျန်ခဲ့မည်ဆိုသည်ကိုကြားမှ ထိုင်ခုံများမှ ၃ယောက်သည် သက်ပြင်းခိုးချနိုင်ကြသည်။ ထို့နောက် လင်းဖန်က “ဒါဆိုရင်လည်း ရပါပြီ”
ချန်ယုတင်းသည် သူမကို စိုးရိမ်စွာဖြင့် ကြည့်ကာ “ကျန်းကရော ဘယ်လို. . .”
“မနိုးသေးဘူး” လင်းချင်းက ပြောသည်။ “နိုးလာမှပဲ နင့်ဆီကို ပြန်ပို့ပေးတော့မယ်။ စိတ်မပူပါနဲ့။ သူအဆင်ပြေမှာ” သူမသည် ရှန်ယုကျန်း၏ ဆုံးဖြတ်ချက်ကို လေးစားသဖြင့် ချန်ယုတင်းအား သူမ၏ လက်ရှိအခြေအနေကို မပြောတော့ပေ။
ချန်ယုတင်းသည် အနည်းငယ်စိတ်ပျက်သွားဟန်ဖြင့် မျက်လွှာချလိုက်သော်လည်း ကျေးဇူတင်စွာဖြင့် ခေါင်းငြိမ့်နေဆဲပင်။ “ကောင်းပါတယ်”
လင်းချင်းက ဟိုတယ်ကနေ လျှောက်ထွက်လာသည်။ အပြင်သို့ ရောက်သည့်အခါ သူမသည် လက်ကိုလှုပ်လိုက်သည်နှင့် လမ်းကြမ်းမောင်းကားတစ်စီးက ပေါ်လာသည်။
လင်းချင်းသည် အခုဆိုလျှင် လိုချင်တာမှန်သမျှ ရှိနေသဖြင့် အရမ်းကို ချမ်းသာနေသည်။ သူမတွင် ပရိဘောဂပစ္စည်းများ၊ နေ့စဉ်သုံး၊ အဝတ်နှင့် ဖိနပ်တို့ နယ်မြေထဲတွင် မထည့်ထားရသေးသော်လည်း သူမတွင် မောင်း၍ရသည့် ယာဉ်တို့က အကြီးအသေးစုံနေအောင်ကို ရှိနေသည်။ သူမ၏ စုဆောင်းမှုများထဲတွင် လျှပ်စစ်ယာဉ်များနှင့် ဆီသုံးကားများစုံက ရှိလေသည်။
သူမသည် ကားထဲသို့ဝင်ကာ ကားမောင်း၍ ထွက်လာသည်။ သူမသည် မြို့ပေါ်ခရိုင်ကနေ မောင်းထွက်လာသည်။ ကားမောင်းနေရင်း သူမသည် အာရုံခံနိုင်သမျှ အနံ့အကုန်လုံးနှင့် အသံများကို သတိထားလာသည်။
မကြာခင်တွင် သူမသည် အရမ်းကို အင်အားကောင်းကာ အဆင့်ခြောက်သို့ ကူးတော့ဖို့ အသက်တစ်ရှိုက်စာသာလိုတော့သည့် အဆင့်ငါးဇွန်ဘီကို အာရုံခံမိသည်။ သူမသည် အရှိန်အဝါကို ချက်ချင်းထိန်းလိုက်ကာ ထိုဘက်သို့ မောင်းသွားသည်။ ထို့နောက် သူမသည် ဇီဝပန်းခြံကို တွေ့ရသည်။
‘ဘယ်လိုဇွန်ဘီက ဒီဇီဝပန်းခြံထဲမှာ ရှိနေတာလဲ?’
သူမသည် တွေးတောရင်းဖြင့် ကားပေါ်ကဆင်းကာ ကားကိုနယ်မြေထဲသို့ ထည့်လိုက်သည်။ ထို့နောက် တောရိုင်းကြီးလို ဖြစ်နေသည့် ဇီဝပန်းခြံကို သေချာကြည့်ပြီးနောက်မှ အပေါက်ဝကို ရှာတွေ့သွားသည်။ သူမသည် ကိုယ်ဖျောက်လိုက်ကာ အထဲသို့ ဝင်လာသည်။
ဇီဝပန်းခြံသည် အကြီးကြီးဖြစ်ရာ လမ်းတစ်လျှောက်လုံးကို အရမ်းကို ရှင်သန်ကြီးထွားနေသည့် အပင်များဖြင့် ဖုံးအုပ်နေသည်။ လင်းချင်းသည် သန္ဓေပြောင်းအပင်များကို အာရုံမခံမိပေ။ အကယ်၍ သန္ဓေပြောင်းအပင်များသာ တမင်ကို သူတို့အရှိန်အဝါကို ဖုံးထားတယ်ဆိုရင်တော့ လင်းချင်းလည်း မသိပေ။
လင်းချင်းသည် အဆင့်၅ဇွန်ဘီထံသို့ သွားနေရင်း အနားက အပင်များကို သေချာစူးစမ်းကြည့်လာသည်။ အဆင့်မြင့်သန္ဓေပြောင်းအပင်များတွင် အမြူတေရှိနိုင်သည်။ သူမသည် ရှာမတွေ့နိုင်တော့ဘူးဟု ထင်သည့်အချိန်တွင်ပဲ အရှေ့ကနေ ဆူညံသံကြီးကို ကြားလိုက်ရသည်။
ဒီနားက အပင်တိုင်းသည် မြင့်မားလေရာ ဘယ်အပင်က အမြင့်ဆုံးမှန်းကို မသိနိုင်ပေ။ ထို့ကြောင့် လင်းချင်းသည် အနားက အပင်မြင့်တစ်ခုပေါ်ကို တက်လိုက်ကာ ပတ်ဝန်းကျင်ကို ကြည့်ဖို့ မလုပ်တော့ပေ။ ထို့အစား သူမသည် ဆူညံ့သံထွက်ရာသို့သာ အမြန်ပြေးသွားလိုက်တော့သည်။
“ဂါး” ရုတ်တရပ် သူမသည် သားရဲအော်သံလှိုင်းကြီးကို ကြားလိုက်ရသဖြင့် အနည်းငယ် ထူးဆန်းသွားသည်။ ဒီအသံသည် သာမန်သားရဲအသံနှင့်ကို သိပ်မတူပေ။
လင်းချင်းသည် ဒီသတ္တဝါကို သေချာမြင်ရအောင် အနားသို့ ခိုးကပ်သွားသည်။ ဒီအသံမှာ သာမန်သားရဲ မဟုတ်ဘဲ ဇွန်ဘီသားရဲ ဖြစ်မည်ဆိုသည်ကို သူမက သေချာနားလည်သည်။
ဒါသည် တောဘုရင်ကြီးလို ဖြစ်ပြီး သူ့လည်ပင်းနှင့် ကျောပေါ်က အမွေးထုကြီးသည် အများကြီးပင်။ ထိုအတူ မတ်မတ်ရပ်နေတာ ဖြစ်သည်။ တစ်ကိုယ်လုံးသည် သွေးများဖြင့် ပေကျံနေကာ သူ့မျက်လုံးနက်များသည် ရန်လိုမှုဖြင့် တောက်ပနေ၍ အစွယ်များကို ဖြဲနေသည်။
“ဂါး” မာန်ဖီနေသည့် အမွေးထူထူများဖြင့် ကြောက်ဖို့ကောင်းသည့် မျက်နှာဖြင့် ဇွန်ဘီခွေးကြီးဖြစ်သည်။ ထိုခွေးသည် ခုနကကောင်ထက် ပိုသန်မာနေကာ အသားအရည်က ဆိုးဆိုးဝါးဝါးကို သန္ဓေပြောင်းနေသည်။ သူ့ကိုယ်၏ ဒဏ်ရာကနေ အရည်မည်းမည်း ပြစ်ပြစ်ကြီးများသည် ကျဆင်းနေရာ အရမ်းကို ကြောက်ဖို့ ကောင်းလေသည်။ ငရဲခွေးကြီးနှင့်ကို တကယ်တူလှသည်။
လင်းချင်းသည် ဒီဇွန်ဘီခွေးကြီးကို တိတ်တဆိတ်ကြည့်နေမိသည်။ တခြားစစ်ခွေးများလို သူမ၏အမိန့်ကို နာခံရန် ထိန်း၍ရမလား တွေးမိသော်လည်း. . .
မကြာခင်တွင် သူမသည် ဒါကို မတွေးနိုင်တော့ပေ။ ဇွန်ဘီခွေး၏ ရန်သူကို သူမအာရုံပြောင်းသွား၍ ဖြစ်သည်။ ဒါသည် သူမအကြာကြီးရှာရင်တောင်မှ ရှာဖို့ခက်သည့် သန္ဓေပြောင်းပင် ဖြစ်သည်။
သစ်ပင်သည်လည်း ကြည့်ရသည်မှာ အရမ်းကို ထူးဆန်းသည်။ ပင်စည်သည် လုံးပတ်၁မီတာခွဲလောက်ကိုရှိကာ အထူကြီးဖြစ်ပြီး ချောမွေ့နေကာ ဘယ်လိုသစ်ခေါက်မျိုးမှ မရှိပေ။ အရောင်သည် နီညိုရောင်ဖြစ်၍ သွေးကြောများပင် ရစ်ပတ်နေသေးသည်။
သစ်ပင်၏ခွကြားတွင် ကွဲကြောင်းကြီးတစ်ခုရှိကာ ထိုအထဲမှ ဆိုးဝါးသည့် အနံ့အသက်များထွက်နေသည်ကို လင်းချင်းသည် အဝေးကနေတောင် ရနိုင်သည်။ ဒါသည် အလောင်း၏အပုပ်နံ့လိုမျိုးပင်။ အရွက်မရှိသည့် သစ်ကိုင်းများစွာသည် လေထဲတွင် ကနေသလိုမျိုး လှုပ်ရှားနေသည်။ တကယ်တော့ တစ်ပင်လုံးသည် တစ်ချိန်လုံး လှုပ်နေတာ ဖြစ်သည်။ ဒီလုံးပတ်ထူကာ ရှည်သည့် သစ်ကိုင်းများသည် မကောင်းဆိုးဝါးလက်ပွားကြီးများလိုပင်။ ဒီအပင်၏ သစ်ကိုင်းများ ရောက်နိုင်သည့် နေရာတိုင်းသည် ဘာမှမရှိအောင်ကို ရှင်းလင်းနေသည်။
ဒီအပင်၏ အရှိန်အဝါသည် အရင်တစ်ခေါက်က ကန်နားတွင် လင်းချင်းတွေ့ခဲ့သည့် နွယ်ပင်ထက်ပင် အများကြီးသန်မာသည်။ သို့သော်လည်း လင်းချင်းမှာ စူးစမ်းပြီးတာတောင်မှ သူ့၏အမြူတေ တည်နေရာကို မရှာနိုင်ပေ။
“ဂါး”
သစ်ပင်မရောက်နိုင်သည့် လွတ်သည့်နေရာတွင်ရှိနေသည့် ဇွန်ဘီခွေးကြီးက ဟောင်သည်။ ထိုနောက် ခြေများကိုကွေး၍ အားယူကာ အပင်၏ပင်စည်ကို ရုတ်တရပ် ဝင်ကိုက်သည်။ ထိုခွေးကြီးသည် လေထဲတွင် လျှပ်စီးဖြင့်ပစ်လိုက်သလိုမျိုး လျှင်မြန်သည့် အရိပ်တစ်ခုအဖြစ် အမြန်သွား၍ကိုက်သည်။
လင်းချင်းသည် ဒီခွေးမှာ တကယ်မြန်သည်ဟု ခံစားရသော်လည်း အပင်က ပိုမြန်သည်။ ဇွန်ဘီခွေးက အပင်ကို မထိနိုင်ခင်ကို သစ်ကိုင်းများသည် ပင်စည်အား အမြန်ကာကွယ်လိုက်ရင်း တခြားသစ်ကိုင်းတို့မှာ အရိပ်ခွေးကြီးကို လှည်းထုတ်သည်။
ထိုတိုက်ခိုက်မှုက မထိရောက်သည့်အခါ ဇွန်ဘီခွေးသည် သစ်ကိုင်းများဖြင့် ဝေးရာကို အမြန်ရှောင်ပြေးသည်။ သို့သော်လည်း ဒီတိုင်းအလျော့မပေးနိုင်ဘဲ သစ်ပင်ကို ထပ်၍တိုက်ဖို့ လုပ်ပြန်သည်။ ဒီတစ်ခါတော့ အပင်သည် အကိုင်းများကို မလှုပ်ဘဲ ပင်စည်ကို ယိမ်းလိုက်သည်။
‘ဒါမကောင်းတော့ဘူး’ ဇွန်ဘီခွေးမျာ အထိနာတော့မည်ဖြစ်ကြောင်း လင်းချင်းက သိလိုက်သည်။
သူမထင်သလိုပင် ကွေးသွားသည့် အပင်သည် ပြန်မတ်လာသည်နှင့် သစ်ကိုင်းတိုင်းသည် မျက်စိတစ်မှိတ်အတွင်းမှာ စုသွားကာ တံမြက်စီးအကြီးကြီးလို ဖြစ်သွားပြီး ဇွန်ဘီခွေးကို အားဖြင့်ရိုက်ထုတ်လိုက်သည်။
“ဂါး” ဇွန်ဘီခွေးသည် အာခေါင်သံဖြင့် အကျယ်ကြီးအော်ကာ ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်။