May Honey Logo May Honey
Previous Next

၂၂၈။ ဦးထုပ်ကျွတ်ရင်အရှုံး

ဘယ်လိုတိုက်ခိုက်ရမလဲကို သိသည့်သူတိုင်းသည် ထိုလူ၏ကိုယ်ဟန်ကိုကြည့်ကာ တိုက်ခိုက်နိုင်စွမ်းရှိမရှိကို သိကြသည်။ လင်းချင်း၏ကိုယ်ဟန်ကြောင့် လူစုမှာ သူမသည် တိုက်ခိုက်ရေးသမားဖြစ်ကြောင်း သိလိုက်ကြသည်။

“ဝိုး! သူ့မှာအခွင့်အရေးရှိတာပဲ”   သူတို့သည် စိတ်လှုပ်ရှားစွာဖြင့် လင်းချင်းနှင့် ဝူချန်းယွဲ့တို့ကို ကြည့်နေကြသည်။ လုထန်ရိမှာ လင်းချင်း၏ကိုယ်ဟန်ကြောင့် အံ့သြသွားသော်လည်း နောက်ကိုဆုတ်ထားပေးဖို့ကိုတော့ မမေ့ပေ။

လင်းချင်းသည် ဝူချန်းယွဲ့ကို ဘာမှမဖြေသည့်အခါ ဝူချန်းယွဲ့သည် ပြုံးရင်း ပြောသည်။   “ငါတကယ်အားနာပါတယ်! ပုံမှန်ဆိုရင် ငါမိန်းမတွေကို မတိုက်ဘူး။ ဒါပင်မယ့်လည်း မင်းကတိုက်ချင်နေမှတော့ တိုက်ပေးမယ်။ တစ်ဖက်လူရဲ့ဦးထုပ်ကို ကျွတ်အောင်လုပ်နိုင်တဲ့သူက အနိုင်ဆိုတော့ ဒါကပြိုင်ပွဲလိုပါပဲ”   ဒီလိုပြောကာ သူ့ခါးတွင်ချွတ်ထားသည့် လျှာထိုးဦးထုပ်ကို ဆောင်းလိုက်သည်။

လင်းချင်းသည် သူ့ကိုပဲစိုက်ကြည့်နေကာ ဘာမှပြန်မပြောပေ။ သူတို့သည် အချင်းချင်းမျက်နှာချင်းဆိုင်ကာ ဘယ်သူကမှ စမလှုပ်ရှားပေ။ သူတို့က မလှုပ်ရှားသော်လည်း အခြားသူမျာသည် စိတ်လှုပ်ရှားနေကြပြီ။ ဦးထုပ်များသည် ပုံစံတူကြကာ ဝူချန်းယွဲ့၏ ဦးထုပ်သည် ပြောက်ကျားဦးထုပ်ဖြစ်ကာ လင်းချင်းကတော့ အနက်ပြောင်ဖြစ်သည်။ တစ်ဖက်သူ၏ ဦးထုပ်ကို ချွတ်နိုင်သည့်သူသည် အနိုင်ရမှာဖြစ်သည်။

နှစ်ယောက်လုံးသည် တိုက်စစ်နှင့်ခံစစ်အတွက် အသင့်ပြင်ထားကြသော်လည်း ဘယ်သူကမှ အရင်စမတိုက်ကြသေးပေ။ သို့သော်လည်း သူတို့နှစ်ယောက်က ငြိမ်နေလေလေ ကျန်သည့်သူများက စိတ်လှုပ်ရှားလာလေလေ ဖြစ်လာသည်။

“လာစမ်းပါ ချကြ”   ရုတ်တရက် တစ်ယောက်က အသံတိုးတိုးဖြင့် ပြောသည့်အခါ ကျန်သည့်လူများက သူ့ကိုလှည့်ကြည့်ကြသည်။

“အာ ငါနည်းနည်းစိတ်လှုပ်ရှားသွားလို့”   ဝိုင်းအကြည့်ခံရသည့်သူသည် သူတွေးမိသည်ကို ထုတ်ပြောမိလိုက်၍ အသံတိုးတိုးဖြင့် မတက်မသာပြန်ရှင်းပြသည်။

ထိုအခါမှ ကျန်သည့်သူများသည် လင်းချင်းတို့ကို ပြန်လှည့်ကြည့်ကြသည်။

ထိုအချိန်တွင် လင်းချင်းသည် ဝူချန်းယွဲ့အား စကန်လိုက်သည်။ သူမ၏ လှုပ်ရှားမှုသည် မြန်ဆန်ကာ အားပါသလို သူမ၏ခြေတံရှည်များက လေကိုဖြတ်သွားသည့် အသံတောင်ကြားရသည်။ လင်းချင်းက စလှုပ်ရှားသည်နှင့် လင်းချင်းလောက်မြန်သည့် ဝူချန်းယွဲ့ကလည်း လှုပ်ရှားသည်။

လင်းချင်းက ကန်လိုက်သည့်အခါ ဝူချန်းယွဲ့သည် ရှေ့သို့တစ်လှမ်တိုးကာ သူ့ကိုယ်ကိုလှည့်၍ သူမ၏ခြေထောက်အောက်ပိုင်းကို ပြန်ခုခံကာကန်သည်။ ထိုအချိန်တွင် သူ့ကိုယ်သူ လင်းချင်း၏ကန်ချက်မှ ကာကွယ်နိုင်သွားစဉ်မှာ လင်းချင်း၏ခြေထောက်ကိုဖမ်း၍ လင်းချင်း၏ ရင်ဘတ်ကို ဒူးဖြင့်တိုက်ဖို့လုပ်သည်။

လင်းချင်းသည် သူမ၏ခြေထောက်ကို ချုပ်ထားမခံရခင် အမြန်ဆုတ်လိုက်ကာ ဝူချန်းယွဲ့၏ဒူးကို သူမ၏လက်မောင်းဖြင့် ကာလိုက်သည်။ ထို့နောက် ဝူချန်းယွဲ့၏ မျက်နှာသို့ လက်သီးတစ်လုံးသွင်းလိုက်သည်။ ဝူချန်းယွဲ့သည် အရပ်၆ပေကျော်ရှိသဖြင့် ခြေတံအလွန်ရှည်သော်လည်း သွက်လက်သည်။ လင်းချင်းက သူ့မျက်နှာကို ထိုးလာသည်နှင့် ချက်ချင်းလက်မောင်းဖြင့် ကာလိုက်သည်။

လင်းချင်း၏လက်သီးကို တားခံလိုက်ရသည်။ ဝူချန်းယွဲ့က ခြေထောက်ကိုပြန်ဆုတ်ချိန်တွင် လင်းချင်းသည် အမြန်ခုန်ကာ သူ့ဗိုက်ကို ကန်လိုက်သည်။ အချိန်တိုအတွင်းမှာ နှစ်ယောက်သည် တိုက်ခိုက်မှုမျိုးစုံဖြင့် တိုက်နေကြသော်လည်း ဘယ်သူကမှ မထိခိုက်သလို တိုက်ခိုက်ခြင်းကလည်း အလုပ်မဖြစ်ပေ။ သူတို့သည် ကိုယ့်ကိုယ်ကို ကာကွယ်ရင်းဖြင့် တစ်ဖက်သူကို တိုက်ဖို့အခွင့်အရေး ချောင်းနေကြတာ ဖြစ်သည်။

ဝူချန်းယွဲ့နှင့် လင်းချင်းသည် ထူးထူးခြားခြား ဘာမှမခံစားရသော်လည်း ကျန်သည့်သူတိုင်းသည် အရမ်းကိုအံ့သြနေကြသည်။ သူတို့နှစ်ယောက်က အရမ်းကို မြန်လွန်းနေသောကြောင့်ပင်။ မျက်တောင်တစ်ခတ်တွင်းမှာ သူတို့သည် နေရာမျိုးစုံကို တိုက်ခိုက်နေကြသည်။

ထိုအချိန်တွင် အခွင့်ရေးကို အမိဖမ်းလိုက်သည့် လင်းချင်းသည် သူမကိုထိုးလာသည့် ဝူချန်းယွဲ့၏လက်သီးကို ဖမ်းလိုက်ကာ သူ့အား နောက်သို့ဆွဲလိုက်သည်။ ထိုအချိန်တွင် သူမ၏ဒူးကိုမြှောက်ကာ ဗိုက်ကိုတိုက်လိုက်သည်။

ဝူချန်းယွဲ့သည် မျက်လုံးပြုးသွားကာ ‘မကောင်းတော့ဘူး’ဟု စိတ်ထဲတွေးမိသည်။ ချက်ချင်းပဲ သူ့ကိုယ်သူ နောက်ပြန်မတ်လိုက်သော်လည်း လင်းချင်းက သူ့ခါးကို ပြင်းထန်စွာ လိမ်လိုက်ကာ သူ့ကိုယ်အား ကြမ်းပြင်ပေါ်သို့ မှောက်ချဖို့လုပ်လိုက်သည်။

‘တောက်! ဒီမိန်းမက ယောက်ျားထက်တောင် ပိုသန်နေတာပဲ’   သူ့စိတ်ထဲတွင် မကျေနပ်မဖြစ်ဘဲ မနေနိုင်ပေ။

လင်းချင်းသည် ဒူးဖြင့်မတိုက်နိုင်သည့်အခါ သူ့လက်မောင်းကို လက်နှစ်ဖက်ဖြင့်ကိုင်ချုပ်ကာ သူ့အားအောက်သို့ အားဖြင့်ဆွဲချလိုက်ရင်း သူ့မျက်နှာကို သူမ၏ တံတောင်ဖြင့်တိုက်လိုက်သည်။ ဝူချန်းယွဲ့သည် နောက်လက်တစ်ဖက်ဖြင့် သူ့ကိုယ်သူ ကာကွယ်ဖို့လုပ်သည်။ တစ်ချိန်တည်းမှာ လင်းချင်း၏ခြေထောက်ကို ကန်လိုက်ရင်း သူမကို လဲသွားအောင် လုပ်သည်။

လင်းချင်းသာ သာမန်လူဆိုလျှင် သူမသည် လွင့်ထွက်သွားလောက်သော်လည်း သူမသည် ဝူချန်းယွဲ့ကို ချုပ်ထားသည့် လက်မောင်းတစ်ဖက်ကို အားပြုရင်း ပေါ့ပါးစွာဖြင့် လေထဲသို့ ခုန်တက်လိုက်ကာ ဝူချန်းယွဲ့၏ လည်ပင်းပေါ်သို့ ခြေတစ်ဖက်ကို တင်လိုက်ကာ နောက်တစ်ဖက်ကို သူ့ကိုယ်အပေါ်ပိုင်းပါ ယိုင်လဲအောင် လုပ်လိုက်သည်။ နှစ်ယောက်လုံးမှာ ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့သည်။

“အိုး အတော်နာမှာပဲ”   လူစုသည် သူတို့လဲကျသည်ကို မြင်သည့်အခါ လန့်သွားသည်။

“အား”   ဝူချန်းယွဲ့သည် ညည်းသံထွက်လာသည်။ ဘာဖြစ်သလဲ သိချိန်တွင် သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို လင်းချင်းက ချုပ်ထားကာ ဦးထုပ်က ကျွတ်သွားပြီ။ သူ့လက်နှစ်ဖက်ကို လင်းချင်းသည် ကျောနောက်သို့လှန်ထားစေကာ အတင်းချုပ်ထားသည်။ သူမ၏ခြေထောက်များသည် သူ့လည်ပင်းကိုခွထားလျှက် သူ့ကိုယ်အပေါ်ပိုင်းကို တင်းကြပ်စွာ ချုပ်ထားတာဖြစ်သည်။ ထို့နောက် ပိုဆိုးသည်မှာ ကျောသို့လှန်ထားခံရသည့် သူ့လက်နှစ်ဖက်ကို လင်းချင်းက တင်းတင်းဆွဲချုပ်ထားသဖြင့် ကျိုးတော့မလို ဖြစ်လာသည်။

“အား! fxxk!”   ဝူချန်းယွဲ့သည် မအော်ဘဲ မနေနိုင်တော့ပေ။ 

သူ့မျက်နှာသည် နာကျင်မှုကြောင့် ရဲတွတ်နေကာ နားထင်တွင် သွေးကြောများက ထောင်နေသည်။ သူ့သွေးများသည် ခေါင်းသို့တက်လာကာ ဘာမှကို မတွေးနိုင်တော့သလို ဖြစ်စေသည်။ အံကိုတင်းတင်းကြိတ်ထားသဖြင့် လည်ပင်းကြွက်သားများသည် ယောင်နေသလို ဖြစ်နေသော်လည် လက်သီးကိုဆုပ်ထားကာ ခြေထောက်များကို ရုန်းရင်း သူ့လည်ပင်းကို ညှစ်ထားသည့် လင်းချင်း၏ ပေါင်ကို ပါးစပ်ဟကို ကိုက်ချလိုက်သည်။

“ဂါး”
လင်းချင်းသည် သူ့ဦးထုပ်ကို ချွတ်နိုင်သဖြင့် သူမက အနိုင်ရသွားသောကြောင့် လွှတ်ပေးဖို့လုပ်စဉ် သူမ၏နူးညံ့ကာ အထိအခိုက်လွယ်သည့် ပေါင်သားနုနုလေးများကို ဝူချန်းယွဲ့က ကိုက်ခြင်းဖြင့် ကြုံလိုက်ရတော့သည်။ ထူးဆန်းစွာ စူးခနဲဖြစ်သွားသဖြင့် လင်းချင်းသည် ခေါင်းကိုမော့ကာ အော်လိုက်သည်။

သူမသည် နာသွားသောကြောင့် မရည်ရွယ်ဘဲ ဝူချန်းယွဲ့၏ လက်များကို ချိုးတော့မလို ပိုဆွဲမိလေရာ ဝူချန်းယွဲ့သည် ပိုနာကျင်လာသည်။ ထို့ကြောင့် လင်းချင်းကို ကိုက်ထားသည်ကို လျှော့မပေးဘဲ ပိုနာအောင်ကိုက်လိုက်သည်။

“fxxk!”
လင်းချင်းသည် စကားကို အမြဲတမ်း ဖြည်းဖြည်းချင်းပြောသူ ဖြစ်နေသော်လည်း အခုတော့ ထုတ်မဆဲဘဲ မနေနိုင်ပေ။

ထိုအခါ အကုန်လုံးသည် ရယ်ကုန်ကြပြီ။ ဝူချန်းယွဲ့၏ လက်များကို လင်းချင်းက ချိုးမလို ဖြစ်နေစဉ်တွင် ဝူချန်းယွဲ့ကလည်း သူမ၏ပေါင်ကို ကိုက်ခဲထားသည်။
‘သူတို့ဘာတွေ လုပ်နေကြတာလဲ? ကောင်းကောင်းမွန်မွန် တိုက်လို့မရဘူးလား? ခေါင်းဆောင်က စိတ်လွတ်သွားတာလား? ဘာဖြစ်လို့ အမျိုးသမီးတစ်ယောက်ရဲ့ ပေါင်ကိုကိုက်နေတာလဲ?’

Previous Chapter 228 of 410 Next