May Honey Logo May Honey
Previous Next

၃၃၇။ ဘယ်ကိုပြေးမလို့လဲ?

“ဂါး. . .”   ဇွန်ဘီခွေးသည် အခွင့်ရေးကို အရယူ၍ ထွက်ပြေးခြင်း မလုပ်ဘဲ လင်းချင်းက အပင်ထံသို့ လှည့်ထွက်သွားသည်ကို မြင်သည်နှင့် ရူးသွပ်စွာပြေးလာ၍ လက်သည်းများဖြင့် ခုန်ကုတ်ဖို့ လုပ်သည်။

လင်းချင်းသည် လှည့်၍လက်ကိုမြှောက်ကာ ပြန်ရိုက်လိုက်သည်။ ကီလို၂ရာလောက်ရှိသည့် ဇွန်ဘီခွေးကြီးသည် လင်းချင်းထံမှ အရိုက်ခံရကာ လွင့်ပျံထွက်သွားသည်။

“ငြိမ်ငြိမ်နေ! မလှုပ်နဲ့”   လင်းချင်းကလှည့်၍ လက်ညိုးထိုးကာ အကျယ်ကြီး အော်လိုက်သည်။

“ဂါး”   မြေပြင်ကနေ ကုန်းရုန်း၍ ပြန်ထလာသည့် ဇွန်ဘီခွေးသည် သူမ၏ စကားကို လုံးဝနားမထောင်ဘဲ ထပ်၍ပြေးလာတိုက်ပြန်သည်။

လင်းချင်းသည် လှည့်၍လက်မြှောက်ရိုက်လိုက်ရသည်။ ဒီတစ်ခါတော့ လင်းချင်းသည် ရပ်မနေတော့ဘဲ ခွေးကလွင့်ပျံထွက်သွားသည်နှင့် အမြန်လိုက်လာသည်။ ဇွန်ဘီခွေးက မြေကြီးပေါ်သို့ မကျခင်တွင် လင်းချင်းသည် သူ့လည်ပင်းပေါ်ကို တက်ဖိထားကာ ခွေးကြီး၏ခေါင်းကို ပြင်းပြင်းထန်ထန် ထိုးလေသည်။

“ငြိမ်ငြိမ်နေလို့ ပြောရဲသားနဲ့ ငါ့စကားကို နားမထောင်ဘူး နင်ကဇွန်ဘီခွေးဖြစ်နေတာနဲ့ ငါ့ကိုနိုင်မယ်များ ထင်နေတာလား? ဒီရူးနေတဲ့ခွေးကတော့ ငါသေအောင် ထိုးပစ်လိုက်ရ”
လင်းချင်းသည် စကားပြောနေရင်း ခွေး၏ခေါင်းကို ဆက်တိုက်ကို လက်သီးဖြင့် ထိုးသည်။

ဒုန်း! ဒုန်း! ဒုန်း!   “အ. . .ဝူး. . .”   လင်းချင်းသည် ခွေးကြီး၏ခေါင်းကို ဆက်တိုက်ထိုးနေလေရာ မြေကြီးတောင် ကျွံဝင်သွားလေသည်။

လင်းချင်းသည် ပြင်းပြင်းထိုးနေသော်လည်း အားကိုအများကြီး မသုံးထားသဖြင့် ခေါင်းကွဲမသွားဘဲ မြေကြီးထဲသို့ ခေါင်းသာနစ်ဝင်သွားခြင်း ဖြစ်သည်။

“ဝူး. . .”   ဇွန်ဘီခွေးကြီး၏အသံသည် အားပျော့သထက် ပျော့လာမှ လင်းချင်းသည် သူမ၏ အကြမ်းဖက်ခြင်းကို ရပ်လိုက်သည်။ ခွေးအပေါ်ကနေ ထလိုက်သည့်အခါ သူမ၏ဘောင်းဘီသည် ခွေးထံမှ သွေးနှင့်ဖုန်တို့ဖြင့် ပေကျံနေသည်။ သူမသည် ဒီခွေးကြီးကို လက်ညိုးထိုး၍ အော်သည်။   “မလှုပ်နဲ့! ဂါး”

သတိပေးသည့်အသံဖြင့် အော်လိုက်မှ ဇွန်ဘီခွေးကြီးကို အောင်မြင်စွာ ငြိမ်နေအောင် လုပ်နိုင်သွားသည်။ ထို့နောက် သူမသည် နောက်ကိုလှည့်၍ နှာခေါင်းပိတ်ကာ သန္ဓေပြောင်းပင်ထံသို့ သွားသည်။

မည်းနက်နေသည့်အရည်များက မြေကြီးပေါ်တွင် ပျံ့ကြဲနေသည်ကို မြင်သည့်အခါ လင်းချင်းသည် ခနရပ်၍ သစ်ကိုင်းတစ်ခုကို ကောက်လိုက်သည်။ ခုနက ပျော့ပြောင်းကာ ကွေးဆန့်လွယ်နေသည့် သစ်ကိုင်းသည် အခုတော့ သာမန်သစ်ကိုင်းလို ခြောက်ကာမာနေသည်။

လင်းချင်းသည် သစ်ကိုင်းကိုသယ်ကာ ကျိုးနေသည့်ပင်စည်ပေါ်သို့ ခုနတက်နိုင်၍ အရိုးအပိုင်းအစများကြားထဲတွင် သစ်ကိုင်းဖြင့် မွှေနှောက်ရှာရတော့သည်။ အရိုးများကို ဖယ်ပြီးသည့်အခါ အပင်ထဲတွင် မြှပ်နေသည့် အမြူတေကို တွေ့ရသည်။ လင်းချင်းသည် လက်သည်းဖြင့် ပင်စည်ကို အပိုင်းလေးများပိုင်း၍ ခုတ်လိုက်သည်။ ထို့နောက် အမြူတေရှိသည့် သစ်သားပိုင်းကို ယူလိုက်ပြီးမှ သစ်သားကို ဖယ်လိုက်သည်။

လင်းချင်းက ညစ်ပတ်နေသည့်အရည်များဖြင့် အမြူတေကို သစ်သားထဲမှ ဆွဲခွာပြီးသည်နှင့် ရေတစ်ခွက်က လက်ထဲတွင် ပေါ်လာသည်။ ထို့နောက် သူမသည် အမြူတေကို ရေဖြင့်ဆေးကြောလိုက်ကာ ကြည့်သည်။ ပင်စည်က အမြူတေသည် လင်းချင်း၏ လက်သီးဆုပ်ထပ်တောင်သေးသည့် သစ်စေ့လိုမျိုးပုံစံ ဖြစ်သည်။ လက်ကနေတစ်ဆင့် လင်းချင်းသည် အထဲမှ ထူးဆန်းသည့် စွမ်းအားကို ခံစားမိသည်။

သူမသည် နယ်မြေထဲသို့ဝင်ကာ နွယ်လေးအား ဒီအမြူတေကို လိုချင်သလားဟု မေးရန်ဝင်တော့မည့် အချိန်တွင် ဇွန်ဘီခွေးကြီးသည် မြေပြင်ကို ဗိုက်ဖြင့်ဖိကပ်ထားရင်းက လိပ်တစ်ကောင်လိုမျိုး ခြေကိုရွေ့ကာ တောထဲသို့ နောက်ကိုဆုတ်၍ လစ်ထွက်ဖို့ လုပ်နေသည်ကို မြင်လိုက်ရသည်။

“ဘယ်ကိုပြေးမလို့လဲ?”
လင်းချင်းသည် ခွေးကိုကြည့်ကာ မေးလိုက်သည်။ လင်းချင်း၏အသံကြောင့် ဇွန်ဘီခွေးကြီးမှာ တောင့်ခဲသွားသည်။

“အာဝူး. . .”   ခွေးကြီးသည် လင်းချင်းအား သနားဖို့ကောင်းအောင် အော်ပြသည်။

လင်းချင်းသည် အနားသို့သွားကာ သူ့၏ညစ်ပတ်၍ ကပ်စေနေသည့် အမွေးများကို ကိုင်လိုက်ပြီး နယ်မြေထဲသို့ ဝင်လိုက်သည်။ နယ်မြေထဲသို့ ရောက်သည့်အခါ ခွေးကြီးအား ဘေးသို့ပစ်လိုက်သည်။

“မလှုပ်နဲ့!”   ဇွန်ဘီခွေးသည် မြေပြင်ပေါ်သို့ ခြေချသည်နှင့် ထွက်ပြေးဖို့ လုပ်သည်ကို မြင်သည့်အခါ လင်းချင်းက ထပ်အော်ရပြန်သည်။ ထိုအခါ ဇွန်ဘီခွေးသည် ချက်ချင်း မလှုပ်ရှားရဲတော့ပေ။

လင်းချင်းက နွယ်လေး၏အမည်ကို လှည့်၍မခေါ်ရသေးခင် ကန်ထဲကနေ ကျောက်စိမ်းဖြူများက ထွက်လာသည်။ တိတိကျကျပြောရလျှင် ဒီနွယ်များက လက်ထဲက သစ်စေ့အမြူတေထံသို့ ရောက်လာတာ ဖြစ်သည်။

လင်းချင်းသည် လက်ကိုမြှောက်ကာ နွယ်ထံသို့ သစ်စေ့ကို ပစ်လိုက်သည်။ နွယ်လေးသည် သစ်စေ့ကိုဖမ်းလိုက်ကာ ကန်ထဲသို့ယူသွားပြီးနောက် လင်းချင်းထံသို့ နောက်ထပ်နွယ်ရှည်ရှည်တစ်ခုက လာရစ်ပတ်သည်။   ‘မေမေ မေမေ. . .ဒါကကောင်းတယ်! ဒါကကောင်းတယ်. . .စွမ်းအားအနံ့က အရမ်းမိုက်တာပဲ’

အပြင်က အရိုးပိုင်းများနှင့် ကပ်စေးစေးအရည်များနှင့်အတူ အော့အန်ချင်စရာ အနံ့ဆိုးကြီးကို  ပြန်တွေးမိသည့် လင်းချင်းကတော့ ဒီအစေ့၏ ဘယ်နေရာကများ မိုက်တဲ့အနံ့ထွက်နေသလဲကို မသိတော့ပေ။

“ဒီအပင်အမြူတေက ဘယ်အဆင့်လဲဆိုတာ သိလား?”   သူမမေးသည်။

‘လေး’   နွယ်လေးက ဖြေသည်။

လင်းချင်းက ခေါင်းငြိမ့်ကာ သူမ၏ဘေးတွင် ငြိမ်ငြိမ်လေးဝပ်နေသည့် ဇွန်ဘီခွေးကြီးကို လက်ညိုးထိုးပြကာ   “ဒီအဆင့်ငါးကောင်က အပင်ကို မနိုင်တာ ထူးဆန်းလိုက်တာ!”

သန္ဓေပြောင်းအပင်များနှင့် အကောင်များသည် အဆင့်တူသည့် ဇွန်ဘီနှင့် စွမ်းအားရှင်များထက် ပိုသန်မာသည်က ပုံမှန်ပင်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အစွမ်းမှာ ခန့်မှန်း၍မရလေရာ သူတို့က ဘယ်လောက်သန်မာသလဲနှင့် အစွမ်းဘယ်လောက်ကျန်သေးသလဲဆိုသည်ကို ခန့်မှန်းဖို့က ခက်ခဲလှသည်။ သူတို့သည် အရမ်းသန်မာနိုင်သလို အရမ်းပျော့နေနိုင်သည်။

သို့သော်လည်း ကျိုးကြောင်းကျစာ ပြောရလျှင် ဇွန်ဘီခွေးများက တခြားဇွန်ဘီများထက် ပိုရန်လိုတက်ကြသည်။ အဆင့်ငါးဇွန်ဘီခွေးတစ်ကောင်သည် ဇွန်ဘီဘုရင်များလို တိုက်ခိုက်ရာနှင့် အမြန်နှုတ်းတို့သည် အတူတူသာ ဖြစ်သင့်သည်။ သို့သော်လည်း ဒီခွေးကတော့ အဆင့်လေးအပင်တစ်ပင်ကိုတောင် မသတ်နိုင်ပေ။ 

‘ဘာဖြစ်လို့ ဒီလောက်အားပျော့နေတာလဲ?’
လင်းချင်းသည် ဒီလိုတွေးမိသဖြင့် ဇွန်ဘီခွေးအား သိချင်စွာဖြင့် စိုက်ကြည့်လိုက်သည်။

လင်းချင်း၏ လက်ကိုရစ်ပတ်ထားသဖြင့် အတွေးများကို သိနေသည့် နွယ်လေးက ဖြေပေးသည်။   ‘မေမေ မေမေ ဒီဇွန်ဘီခွေးက ဒီလိုသန္ဓေပြောင်းအပင်ကို လက်သည်းတွေနဲ့ပဲ ထိခိုက်အောင် လုပ်လို့ရတာ။ ဒီခွေးရဲ့မီးအစွမ်းက သန္ဓေပြောင်းအပင်အပေါ်ကို မထိရောက်ဘူး။ အပင်ကတောင် ဒီအစွမ်းတွေကို ပြန်စုပ်ယူနိုင်သေးတယ်’

လင်းချင်းသည် နွယ်လေးအား အံ့သြစွာကြည့်၍ မေးသည်။   “ဒီခွေးမှာ မီးအစွမ်းရှိမှန်း ဘယ်လိုလုပ် သိတာလဲ? ပြီးတော့ အပင်က ဘာလုပ်နိုင်တာလဲ ဆိုတာကိုရော ဘယ်လိုသိတာလဲ?”

နွယ်လေးက ဂုဏ်ဆာနေသည့် လေသံဖြင့်   ‘နွယ်လေးက ဒီနယ်မြေထဲကိုဝင်လာတဲ့ ဘယ်လိုသတ္တဝါပဲဖြစ်ဖြစ် ဘာအစွမ်းရှိလဲကို ပြောနိုင်တယ်’

“ဪ ငါသိပြီ”   လင်းချင်းက ပြောသည်။

‘မေမေ ဒီတစ်ခေါက်တော့ အစွမ်းကိုစုပ်ဖို့က ကြာလိမ့်မယ်’   နွယ်လေးက ပြောသည်။   ‘မေမေ အဆင့်သင့်ပြင်ထားနော်။ အစွမ်းတွေ အကုန်စုပ်ပြီးသွားရင် မေမေ့ရဲ့ဗိုက်ကို ပြင်ပေးလို့ရပြီ!’

လင်းချင်းသည် သူမ၏ဗိုက်ကို အလိုလိုထိလိုက်သည်။ သူမ၏ဗိုက်ထဲတွင် ဘာရှိနေမလဲကို သိချင်သော်လည်း ဖွင့်ကြည့်ဖို့တော့ မရဲပေ။ မတော်တဆ သူမက နွယ်လေးပြင်ပေးမည့်အလုပ်ကို သွားရှုပ်မိသလို ဖြစ်သွားရင်ရော?

“ဟုတ်ပြီ ငါနင့်ကိုစောင့်နေမယ်”   လင်းချင်းက ခေါင်းငြိမ့်ကာ ပြောသည်။

‘ဒီသန္ဓေပြောင်းအပင်ရဲ့ အမြူတေနဲ့ဆိုရင် မေမေနဲ့ နွယ်လေးက ကွာသွားတော့မယ်’   နွယ်လေးက ပျှော်ရွှင်စွာဖြင့် ပြောသည်။   ‘နွယ်လေးရဲ့ သတင်းကောင်ကို စောင့်နေနော်”

နွယ်လေးသည် ဒီစွမ်းအားများကို စုပ်ယူပြီးသည်နှင့် အပြောင်းလဲကြီး ဖြစ်တော့မည့်ပုံပင်။ လင်းချင်းက   “ကောင်းတာပေါ့! နင့်သတင်းကောင်းကို ငါစောင့်နေပါ့မယ်”

နွယ်လေးသည် လင်းချင်း၏လက်ကိုဖြေလိုက်ကာ ကန်ထဲသို့ ဆင်းသွားသည်။ နွယ်လေးက ကန်ထဲကို ပျောက်သွားသည်ကို ကြည့်ပြီးနောက် လင်းချင်းသည် ဇွန်ဘီခွေးကို လှည့်ကြည့်လိုက်သည်။ ဒီခွေးသည် နွယ်လေးပေါ်လာတည်းက တစ်ကိုယ်လုံးတုန်နေ၍ မြေကြီးပေါ်တါင် ဝပ်နေတာ ဖြစ်သည်။ လင်းချင်းသည် ခေါင်းအစခြေအဆုံး ခွေးကို ကြည့်လိုက်သည်။   ‘ရုပ်ဆိုးလိုက်တာ! ရွံ့ဖို့လည်း ကောင်းသေးတယ်!’
Previous Chapter 337 of 410 Next