၂၅၇။ စိတ်ကူးယဉ်တက်လိုက်တာ
ထောင့်တစ်ခုမှ ကိုယ်ပျောက်နေသည့် လင်းချင်းသည် သက်ပြင်းမချဘဲ မနေနိုင်ပေ။ သူမ၏တိုက်ခိုက်မှုများသည် ယန်ကျင်းဟွာက အရမ်းအာရုံသိကောင်းနေသဖြင့် မထိရောက်ပေ။ ထို့ကြောင့် သူမတွင် စောင့်ကြည့်ဖို့ကလွဲ၍ ရွေးချယ်ခွင့်မရှိပေ။
ထိုအချိန်တွင် ယန်ကျင်းဟွာသည် ဖြည်းဖြည်းချင်းပျော်နေသည့် ရေခဲမည်းများကို ကြည့်နေသည်။ ထူးဆန်းသည့် ထိုမြူခိုးများသည် သူ့ရေခဲများကို အရည်ပျော်နိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ထိုမြူခိုးများသည် ဒီလောက်ဖျက်စီးနိုင်စွမ်းရှိနေသည်။ ‘ဇွန်ဘီမျက်လုံးနဲ့မိန်းမက အဆိပ်မြူခိုးပိုင်တဲ့သူလား?’
ဒီလိုစွမ်းအားမျိုးဖြင့်သူကို တိုက်ဖို့က လွယ်သည့်ကိစ္စမဟုတ်ပေ။ သို့သော်လည်း ယန်ကျင်းဟွာအတွက်က သိပ်မခက်ခဲပေ။ သူသည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ အေးစက်သည့်အသံဖြင့် “နင်ဘယ်သူလဲ ငါမသိပင်မယ့် လင်းဖန်ရဲ့ဘက်တော်သား ဖြစ်နိုင်တယ်။ တိုက်စစ်အနေနဲ့ နင့်ကိုလွှတ်ထားတယ်ဆိုတည်းက ငါတို့ကို တွေ့သွားပြီပဲ။ လင်းဖန်တို့က ဟိုတယ်ကနေ ခွာမှာမဟုတ်ဘူးမလား?”
လင်းချင်းသည် ကိုယ်ပြန်မဖော်ဘဲ သူ့ဘေးတွင် ငြိမ်ငြိမ်လေးရပ်နေကာ သူ့ကိုကြည့်နေသည်။ ယန်ကျင်းဟွာသည် ခနငြိမ်သွားသည်။ လင်းချင်းက ပေါ်မလာသဖြင့် သူကဆက်ပြောသည်။ “နင်ဒီမှာဆိုတာ ငါသိတယ်။ အဆင့်၆ဇွန်ဘီဆီမှာ အဖမ်းမခံရဘူးလား? နင်တို့ဟိုတယ်နားက မီတာငါးရာလောက်မှာ ဇွန်ဘီအုပ်ကြီးရှိနေတော့ နင်ထွက်ချင်သလို ထွက်ရမှာ မဟုတ်ဘူး။ ပြီးတော့လည်း နင်တို့လူတချို့က မရှိတော့တာကို ငါသတိထားမိတယ်။ တစ်ယောက်ပြီးတစ်ယောက် အစားခံရတော့မှာပဲမလား?”
‘ဟင်? ဒီလူက တကယ်စိတ်ကူးယဉ်တက်တာပဲ! ဒါမျိုးတွေးချလိုက်တယ်!’ လင်းချင်းသည် သူ့ကိုကြည့်ကာ ရယ်ချင်သွားသည်။ ယန်ကျင်းဟွာ၏ စကားအရဆိုလျှင်
သူတို့သည် ဒီကိုလွန်ခဲ့သည့် နှစ်ရက်တည်းက ရောက်နေသည်ဟု လင်းချင်းက ခန့်မှန်းမိသည်။ လင်းဖန်တို့ကို စောင့်ကြည့်နေကာ တူယွမ်ရှင်း၊ ယွမ်ထန်ရှင်းတို့နှင့်တခြားသူများက ဟိုတယ်မှာ မရှိကြောင်းကို သိထားသည်။ ချူးလီလီထံမှ အတိုက်ခံရထားသဖြင့် မရှိသည့်သူတို့ကို ချူးလီလီက စားပစ်သည်ဟု သူထင်လိုက်တာ ဖြစ်မည်။ ဟိုတယ်အပေါက်ဝတွင် ပိတ်ထားသည့် ဇွန်ဘီအုပ်ကို ယန်ကျင်းဟွာက လင်းဖန်တို့အား ဟိုတယ်ကထွက်မရအောင် တားထားခြင်းဟု ထင်နေသည်။
‘အတော်စိတ်ကူးယဉ်တက်တာပဲ!’
လင်းချင်းက တွေးလိုက်သည်။ သို့သော်လည်း နောက်မှ အဖြစ်မှန်ကို မသိသည့်သူများသည် ဒီလိုပဲတွေးသည်က ကျိုးကြောင်းသင့်တာဖြစ်ကြောင်းကို တွေးမိသွားသည်။ ချူးလီလီသည် အမိုးပေါ်တွင် လမ်းလျှောက်နေတက်ကာ ခနခနပျောက်နေတက်သဖြင့် သူမသည် နွားအုပ်ကို မျက်စိဒေါက်ထောက်ကာ စောင့်ကြည့်နေတက်သည့် နွားကျောင်းသားလေးလိုပင်။
‘ဒါကသူနှစ်ရက်လောက် စောင့်ကြည့်နေတာ၍ ရလဒ်လား?’
လင်းချင်းသည် အုတ်ဘောင်တန်းပေါ်တွင် ထိုင်နေကာ လေထဲကို စကားပြောနေသည့် ယန်ကျင်းဟွာကို ကြည့်နေသည်။
“ဘာလဲ? ထွက်မလာရဲဘူးလား? နင်ဒီမှာရှိမှန်းကို ငါသိတယ်။ ခုနကတောင် ပေါ်လာပြီးတော့ အခုဘာဖြစ်သွားတာလဲ?”
ထိုအချိန်တွင် ဒဏ်ရာများပြည့်နေသည့် စစ်သားတစ်ယောက်သည် အပေါ်ထပ်သို့ တရွတ်ဆွဲ၍ တက်လာသည်။ လှေကားတွင် ရပ်နေသည့် တပ်ဖွဲ့ခေါင်းဆောင်များကို စကားအချို့ပြောလိုက်သည့်အခါ သူတို့မျက်နှာများသည် ချက်ချင်းပြောင်းသွားကြသည်။
“ခေါင်းဆောင် ကျွန်တော်တို့ယာဉ်တွေ ပျောက်ကုန်ပြီ” တပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်သည် လှမ်းအော်ပြောသည်။ ယန်ကျင်းဟွာသည် ချက်ချင်းပဲ သူ့ကိုအေးစက်သည့် မျက်နှာထားဖြင့် ခေါင်းငုံကြည့်လိုက်သည်။ မျက်လုံးများက မှေးကျဉ်းသွားကာ သူတို့နားသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။
“ဘာပြောလိုက်တယ်?”
တပ်ဖွဲ့ခေါင်းဆောင်သည် နောက်သို့ဆုတ်ကာ သတင်းလာပို့သည် စစ်သားကိုသာ ယန်ကျင်းဟွာနှင့် မျက်နှာချင်းဆိုင်တွေ့စေသည်။ လက်သည်းနှင့်သွားရာများကြောင့် သွေးများရွှဲကာထွက်နေသည့် စစ်သားသည် “ကျွန်တော်တို့. . .ကျွန်တော်တို့ ရုတ်တရပ် အရိုက်ခံလိုက်ရတယ်။ နိုးလာတော့ ယာဉ်တွေက တစ်စီးမှ မရှိတော့ဘူး။ ပတ်ပတ်လည်မှာလည်း ဇွန်ဘီတွေ အပြည့်ပဲ”
သူ့စကားများကြားပြီး ဒဏ်ရာနှင့် ဖြူဖပ်နေသည့် မျက်နှာကို မြင်သည့်အခါ အခြားသူများသည် ဒီစစ်သားမှာ မကြာခင်တွင် သေတော့မှာဖြစ်ကြောင်းကို သိလိုက်သည်။ ယန်ကျင်းဟွာက “မင်းဇွန်ဘီအကိုက်ခံထားရတယ်”
အခြားသူများက သူ့အဓိပ္ပါယ်ကို မသိခင် စစ်သားသည် ရေခဲရုပ်လို တောင့်ခဲသွားသည်။ ယန်ကျင်းဟွာသည် ဘာမှမရှိသည့် အမိုးကို လှည့်ကြည့်ကာ “ဒါကမှ နင့်ရဲ့ရည်ရွယ်ချက်ပေါ့!”
လင်းချင်းသည် မျက်ခုံးပင့်လိုက်ကာ အမိုးပေါ်ကနေ အမြန်ဆင်းထွက်သွားတော့သည်။ ဟိုတယ်သို့ ပြန်ရောက်သည့်အခါ လင်းဖန်တို့က အခန်းထဲတွင် စောင့်နေကြသည်။ သူမကို မြင်သည့်အခါ ချက်ချင်းခုံပေါ်မှ ထလာကြသည်။ “ဘယ်လိုလဲ? တကယ် ယန်ကျင်းဟွာလား?”
လင်းချင်းသည် သူတို့ကို တစ်ချက်ကြည့်ကာ “သူမကြာခင် ဒီကိုလာတော့မယ်။ နယ်မြေထဲကို ဝင်ပုန်းဖို့ ခေါ်သွားပြီးတော့ လူတချို့နဲ့တွေ့ပေးမယ်”
ပြောနေရင်း သူမသည် လင်းဖန်နှင့် လင်းဟောင်တို့ကို နယ်မြေထဲသို့ ခေါ်လိုက်သည်။ နယ်မြေထဲကို ရောက်သည့်နှင့် ဆိုဖာပေါ်တွင် လူအချို့ထိုင်နေကာ စကားပြောနေကြသည်ကို မြင်လိုက်ရသည်။ လင်းချင်းသည် သူတို့ကို နယ်မြေထဲတွင် ထားခဲ့ပြီးနောက် လုံချင်းယင်နှင့် ရှဲ့တုန်းကို ခေါ်လိုက်သည်။
ထို့နောက် လင်းဖန်နှင့် လီကျန်းတို့သည် အချင်းချင်းကြည့်နေကြသည်။ “လီကျန်း! မင်း. . .ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ?” လီကျန်း၊ ဖန်ယုမင်း၊ လဲ့ယောင်နှင့် ဖေးချန်းလင်းတို့ကို မြင်ရသည့်အခါ လင်းဖန်သည် သူ့မျက်လုံးကိုသူ မယုံနိုင်ပေ။
“ကပ္ပတိန်ကြီး! ဘုရားမလို့ အဆင်ပြေနေတာပဲ!!!” လီကျန်းတို့သည် လင်းဖန်အား စိတ်လှုပ်ရှားစွာ ကြည့်ကြသည်။
အမျိုးသမီးလင်းက ရယ်၍ “ငါတို့အဆင်ပြေပါတယ်လို့ ပြောသားပဲ။ ဒါပင်မယ့် နင်တို့မှ ကျန်ခဲ့တဲ့သူတွေ”
လင်းချင်းသည် ဘေးကိုလှည့်ပတ်ကြည့်သော်လည်း လျူကျွင်းတို့ သားအမိကို မတွေ့ပေ။ သူမ၏အာရုံသိကိုသုံးလိုက်မှ နယ်မြေလေးထဲတွင် ပုန်းနေကြကြောင်းကို သိလိုက်သည်။ သူတို့သည် တချိန်လုံးပုန်းနေကြသဖြင့် အမျိုးသမီးလင်းတို့တောင်မှ သူတို့ဒီမှာမှန်း မသိသလို နယ်မြေလေးကိုလည်း သတိမထားမိပေ။
“အမေ သူတို့က ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ?” လင်းဖန်က အံ့သြစွာမေးသည်။
“ဘာဖြစ်လို့ ငါ့ကိုမေးနေတာလဲ?” အမျိုးသမီးလင်းက ပြုံးကာ “လုမိန်းကလေးကို ဒီအကြောင်း ငါတို့မေးသင့်တာမလား?”
ထိုအခါမှ လင်းဖန်သည် လင်းချင်းကို လှည့်မေးဖို့ သတိရသည်။ သို့သော်လည်း လင်းချင်းက မရှိတော့ပေ။ လုံချင်းယင်သာ သူ့အနားကို လာနေသည်ကို တွေ့ရပြီး ရှဲ့တုန်းကတော့ ရေကန်နားသို့ ထွက်သွားသည်။
“ဟမ်? သူဘယ်သွားတာလဲ?” သူ့ဟာသူ ရေရွတ်မိသည်။
“ကပ္ပတိန်ကြီး!” လီကျန်းက ပြောသည်။ “ဒီကိုလာထိုင်ပါ။ ဘာဖြစ်တာလဲကို ကျွန်တော်ပြောပြမယ်” ထို့နောက် ဟွမ်မင်းကို လက်ညိုးထိုးပြကာ “ဒါက ပင်လယ်မြို့တော်စခန်းက ဒုခေါင်းဆောင်ရှောင်ရဲ့ လက်အောက်က ကပ္ပတိန်ဟွမ်မင်းတဲ့”
လင်းဖန်သည် ပင်လယ်မြို့တော်စခန်းကလူ တစ်ယောက်က ဒီမှာရှိနေမှန်းကို မသိခဲ့သဖြင့် ဟွမ်မင်းကို အံ့သြစွာ ကြည့်သည်။ ဟွမ်မင်းက လက်ကာပြကာ ခပ်ရှက်ရှက်ဖြင့် “အာ ဟွမ်မင်းလို့ပဲ ခေါ်ပါဗျာ။ ကပ္ပတိန်ဆိုတာကြီးကို မပြောပါနဲ့တော့”
လင်းဖန်သည် ခေါင်းငြိမ့်ကာ သူ့မျက်နှာထားသေနေခြင်းက လျော့သွားသည်။ အပြုံးဖွဖွဖြင့် “မင်းနဲ့ လီကျန်းတို့က အဆင့်ငါးပဲ။ စခန်းမှာ ကပ္ပတိန်ဖြစ်တာက ပုံမှန်ပါပဲ။ နှိမ့်ချနေစရာ မလိုပါဘူးကွာ”
ထို့နောက် အချို့က ဆိုဖာတွင်ထိုင်ကျကာ အချို့ကတော့ ရပ်နေကြသည်။
“ယန်ကျင်းဟွာကို လွန်ခဲ့တဲ့၂ရက်က တွေ့ခဲ့တယ်” လီကျန်းက ပြောသည်။ “ဘာမှမပြောဘဲ ဖမ်းပြီးတော့ခေါ်သွားတယ်။ သူက ကျွန်တော်တို့စခန်းရဲ့ ခေါင်းဆောင်ဖြစ်နေပြီလို့ ကြွားသွားတယ်”
ဒီလိုပြောနေစဉ်တွင် လီကျန်းတို့ မျက်နှာထားသည် မကောင်းသဖြင့် လင်းဖန်သည် ယန်ကျင်းဟွာက သူတို့မကြားချင်သည့် စကားများကို ပြောလိုက်တာ ဖြစ်ကြောင်းကို အကြမ်းဖျင်း ခန့်မှန်းမိသွားသည်။
“ကျွန်တော်တို့ကို ကြိုးတုပ်ပြီးတော့ ဒီဘက်ကို ခေါ်လာတယ်။ အစက လူနေအဆောက်ဦးတစ်ခုရဲ့ အပေါ်ဆုံးထပ်မှာ နံရံကိုမှီထိုင်နေရပြီးတော့ စောင့်ကြည့်ခံနေရတာ။ ဒါပင်မယ့် ကျွန်တော်တို့ကို တစ်ယောက်က ဆွဲခေါ်သွားပြီးတော့ ရုတ်တရပ်ကြီး ဒီကိုရောက်နေတော့တာပါပဲ”