May Honey Logo May Honey
Previous Next

၃၀၉။ စခန်းထဲကိုဝင်

ယွမ်ထန်ရှင်းတို့ ပြန်ရောက်တာ သေချာမှ လင်းချင်းသည် ခေါင်းငြိမ့်ကာ    “ကောင်းတယ်။ ငါနင့်ကို နယ်မြေထဲကို ပို့ပေးမယ်။ လာ”

သူမသည် ချူးလီလီကို နယ်မြေထဲသို့ ပို့လိုက်ပြီးနောက် ကိုယ်ဖျောက်၍ ထွက်လာသည်။ ထို့နောက် မုံမုံနားသို့ သွားလိုက်ကာ သူမကိုချောင်းဖမ်းလိုက်၍ သူမကိုလည်း နယ်မြေထဲသို့ ထည့်လိုက်သည်။

နယ်မြေထဲသို့ နှစ်ယောက်လုံးကို ထည့်ပြီးသည်နှင့် သူမသည် စခန်းဆီသို့လာသည်။ မကြာခင်တွင် လင်းချင်းသည် စခန်းအပေါက်ဝကနေ ဘယ်သူမှမသိအောင် ခိုးဝင်လာသည်။ 

စခန်းတံခါးများသည် အမြဲတမ်း မပိတ်ထားပေ။ နေ့အချိန်တွင် အပေါက်လေးကို ဖွင့်ထားပေးကာ ညမှသာ တံခါးတိုင်းကို ပိတ်တာဖြစ်သည်။ တံခါးတိုင်းတွင် တပ်သားများစွာနှင့် အဆင့်ငါးစွမ်းအားရှင် သုံးယောက်လောက်ဖြင့် စောင့်ကြပ်ထားသည်။ စခန်းဝင်ပေါက်တွင် အရှေ့၊ အနောက်၊ တောင်၊ မြောက် ဟူ၍ သုံးခုရှိသည်။

တံခါးတစ်ခုစီတွင် စောင့်သည် အရာရှိများသည် အဆင့်လေးအစွမ်းရောင်စွမ်းအားရှင်များ ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် အစွမ်းရောင်စွမ်းအားရှင်များသည် အာရုံခံစွမ်းမြင့်မားသဖြင့် စခန်းပတ်ဝန်းကျင်တွင် ပုံမှန်မဟုတ်တာ ဖြစ်ပါကာ တန်းသိနိုင်သည်။ 

အဆင့်ငါးနှင့် အထက်မဟုတ်လျှင် ဘယ်ဇွန်ဘီကမှ သူတို့မျက်စိအောက်နေ မပုန်းနိုင်ပေ။ အဆင့်ငါးဇွန်ဘီများသည်လည်း လူကလေးလောက်နီးပါး ဉာဏ်ရှိကြသဖြင့် လူသားစခန်းများအနားတွင် ဘယ်တုန်းကမှ ပေါ်မလာပေ။ စခန်းထဲတွင် အဆင့်၇စွမ်းအားရှင်များ ရှိသောကြောင့် ဖြစ်သည်။

ထို့ကြောင့် တံခါးလေးကို နေ့ပိုင်းတွင် ဖွင့်ထားကာ အဆင့်မြင့်ဇွန်ဘီတို့ကလည်း သဘာဝလွန်စွမ်းအားရှင်များ စောင့်ကြပ်နေသဖြင့် မလာရဲကြပေ။ စခန်းကို စဆောက်တုန်းကတော့ ပတ်ဝန်းကျင်က သာမန်ဇွန်ဘီတိုင်းကို ရှင်းပစ်သော်လည်း တချို့အဆင့်မြင့်ဇွန်ဘီများသည် စခန်းကို စွန့်စား၍ လာတိုက်ကြသည်။ သို့သော်လည်း လာတိုက်သမျှဇွန်ဘီတိုင်းသည် အမြူတေထုတ်ခံရခြင်းပင်။ ထို့နောက် အဆင့်မြင့်ဇွန်ဘီများသည် ဘယ်လူသားစခန်းများအနားသို့ သွားဖို့မသင့်တော်ကြောင်း သင်ယူတက်မြောက်သွားကြတော့သည်။

စခန်းထဲသို့ ရောက်သည့်အခါ လင်းချင်းသည် လင်းဖန်တို့အနံ့ကိုခံ၍ သူတို့ကိုရှာဖို့ လိုက်သွားသည်။ သူမရောက်သည့်အခါ လင်းဖန်တို့သည် Dအပိုင်းတွင် နေတာဖြစ်သည်။ အဆောက်အဦးအား တပ်သားအုပ်ကြီးဖြင့်ကာထားသည်။ သို့သော်လည်း သာမန်လူနေရာကို ဘာဖြစ်လို့ တပ်သားအုပ်က ဝိုင်းထားသနည်း?

လင်းချင်းသည် ဒီလိုတွေးကာ တပ်သားများကိုဖြတ်၍ အပေါ်ထပ်သို့ တက်သွားသည်။ လင်းဖန်တို့အထပ်သို့ရောက်သည့်အခါ တပ်သားများသည် လင်းဖန်တို့အတွက် ရောက်နေကြောင်း သိတော့သည်။

ဒီအထပ်တွင်နှစ်ခန်းရှိကာ လင်းဖန်တို့က နှစ်ခန်းလုံးတွင်နေသည်။ တပ်သားအချို့သည် သေနတ်များကိုလွယ်၍ နှစ်ခန်းလုံးအရှေ့တွင် ကင်းစောင့်နေကြသည်။

လင်းချင်းသည် အခြေအနေကို နားမလည်ပေ။
‘ဘာဖြစ်နေတာလဲ? ဘာဖြစ်လို့ စစ်သားတွေ လာနေတာလဲ? ဘာဖြစ်လို့ ဒီမှာစောင့်နေတာလဲ?’

တံခါးပိတ်ထားသဖြင့် လင်းချင်းသည် ဝင်မရလေရာ တံခါးကိုနားကပ်၍ အထဲကပြောသမျှကို နားထောင်ရတော့သည်။

“ရှောင်လု. . .ရေတစ်ခွက်လောက်သွားသောက်”   ချန်ဝမ်ရှု၏အသံကို ကြားလိုက်ရသည်။

“ဟုတ်!”   ရှောင်လုက ပြန်ဖြေသည်။

“စားလို့ပြင်ပြီးပြီ။ ပန်ကိတ်ဖုတ်ထားတယ်။ လင်းဟောင် ဘေးခန်းကို သွားပေးလိုက်”   အမျိုးသမီးလင်း၏အသံက ထွက်လာသည်။

“အပြင်မှာ စောင့်နေကြတုန်းလား?”   လင်းဟောင်က မေးသည်။

“ထင်တာပဲ။  ဘာဖြစ်လို့ အဲ့လူက သူ့သမီးကို ငါတို့ခိုးတယ် ထင်ရတာလဲ? ငါ့အထင် လုမိန်းကလေးကို သူရှာနေပုံပဲ”   လင်းဝမ်ဝမ်က ပြောသည်။

“ဘယ်သိမလဲ။ လုမိန်းကလေးက ပြန်မလာသေးတော့ ကလေးကို ခိုးမခိုး ဘယ်သူက သိမှာလဲ?”   အမျိုးသမီးလင်းက ဖြေသည်။

“ဒါကသူ့စခန်းဆိုတော့ သူဘုရင်ပဲ။ ဘာပဲဖြစ်ဖြစ် ဆုံးဖြတ်ရတာပဲ. . .ဒါပင်မယ့် သူပြောတဲ့ ‘လင်း’ဆိုတာက ဘယ်သူလဲ?”   လင်းဟောင်က ပြောသည်။

“ခေါင်းဆောင်ဝူပြောပုံအရဆိုရင် လုမိန်းကလေးပဲ။ နယ်မြေရှိပြီးတော့ ကိုယ်ဖျောက်နိုင်တယ်။ ဒါပင်မယ့် သူကလည်း အရေးကြီးကိစ္စရှိလို့ ထွက်သွားတာမလား?”   လင်းဖန်က ပြောသည်။

“ယွမ်ထန်ရှင်းတို့က ပြန်လာပင်မယ့် လုမိန်းကလေးတို့ကရော?”

ဒါကိုကြားမှ ဒီတပ်သားများသည် ဝူချန်းယွဲ့၏ အမိန့်ကြောင့် စောင့်နေတာဖြစ်ကြောင်း သိလိုက်သည်။ သူမသည် နောက်တစ်ခန်းကို နားကပ်၍ နားထောင်ကြည့်သည့်အခါ ယွမ်ထန်ရှင်း၊ တူယွမ်ရှင်းနှင့် လုကျွင်းကျားတို့၏ အသံများကို ကြားရသည်။

ထိုအချိန်တွင် လင်းမိသားစု၏ အခန်းတံခါးက ပွင့်လာသဖြင့် လင်းချင်းသည် ဘေးကိုဖယ်ပေးလိုက်သည်။ လင်းဟောင်က ထွက်လာသည့်အခါ သူ့ကိုတပ်သားများက ကြည့်သော်လည်း ဘာမှမလုပ်ပေ။ လင်းဟောင်ကလည်း သူတို့ကို တစ်ချက်ကြည့်ကာ တံခါးကိုခေါက်လိုက်သည်။

တံခါးပွင့်လာသည့်အခါ လင်းယုက ဖွင့်ပေးတာ ဖြစ်သည်။ 

“ဝိုး! အစားအသောက်ပဲ!”   လင်းယု၏ မျက်လုံးသည် လင်းဟောင်လက်ထဲက ပန်းကန်ပေါ်သို့ ရောက်သွားသည်။

လင်းဟောင်က ပန်းကန်ကို ထိုးပေးကာ   “ယူလိုက်။ အမေလုပ်ပေးတာ”

လင်းယုသည် ပျော်ရွှင်စွာ ယူလိုက်ကာ   “အမျိုးသမီးလင်းကို ကျွန်တော်တို့က ကျေးဇူးတင်ကြောင်း ပြောပေးပါ။ ဟင်းချက်လက်ရာက အမြဲကောင်းနေတာပဲဗျာ။ မွှေးနေတာပဲ”

လင်းဟောင်သည် လက်ကာပြကာ လင်းယုကို ပန်ကန်းကိုယူ၍ ဝင်သွားကာ တံခါးပိတ်သည်။ လင်းချင်းသည် လင်းဟောင်ကို တစ်ချက်ကြည့်ကာ လင်းမိသားစုအခန်းထဲသို့ ဝင်သွားသည်ကို ကြည့်နေလိုက်သည်။

ဝူချန်းယွဲ့သည် ဘာဖြစ်လို့ တပ်သားများကို ဒီတွင်လာစောင့်ခိုင်းမှန်း နားမလည်ပေ။ တပ်သားများသည် လင်းဖန်တို့၏ လွတ်လပ်ခွင့်ကို ပိတ်ပင်ပုံမရပေ။ နေရာသည်လည်း သာမန်အဆောက်အဦးထက် ပိုကောင်းသည်။ ဒီအဆောက်အဦးတွင် ဓာတ်လှေကားများရှိသော်လည်း လျှပ်စစ်မရသဖြင့် အလုပ်မလုပ်ခြင်းကြောင့်သာ လှေကားဖြင့်တက်ရတာ ဖြစ်သည်။

လင်းချင်းသည် ခနတွေးပြီးနောက် ဝူချန်းယွဲ့မှာ လူစာရင်းကိုကြည့်၍ လင်းဖန်တို့ကို တွေ့တာဖြစ်ကြောင်း သိလိုက်သည်။ သူတို့ကို သံသယဝင်နေတာ ဖြစ်မည်။

ဝူချန်းယွဲ့၏အထင်သည်လည်း မှန်သလောက်နီးပါးပင်။ လင်းချင်းမှာ နွယ်လေးထံတွင် ဝူယွဲ့လျန်ကို ကူရသည်က သုံးရက်တောင်ကြာမည်ဟု မမျှော်လင့်တာ ဖြစ်သည်။ သုံးရက်ကြာသွားသဖြင့် ဝူချန်းယွဲ့သည် ရူးနေလောက်ပြီ။

ထိုအချိန်တွင် အပေါ်ထပ်သို့ တစ်ယောက်တက်လာသည်။ လင်းချင်းသည် အနံ့အရ ဒီလူသည် ဝူချန်းယွဲ့၏ ညာလက်ရုံးဖြစ်ကြောင်း သိလိုက်သည်။ မကြာခင်တွင် ရှောင်ယွင့်လုံသည် လက်အောက်ငယ်သားအချို့နှင့် လင်းဖန်တို့ဆီသို့ လျှောက်လာသည်။

“ဒုခေါင်းဆောင်!”   ရှောင်ယွင့်လုံ လာသည့်အခါ တပ်သားများသည် ချက်ချင်းသတိဆွဲ၍ နှုတ်ဆက်ကြသည်။ ရှောင်ယွင့်လုံသည် သူတို့ကို ခေါင်းငြိမ့်ပြကာ တံခါးခေါက်လိုက်သည်။

လင်းဟောင်သည် ချက်ချင်းတံခါးဖွင့်ပေးသည်။ တစ်ဖက်တွင် ပန်ကိတ်တစ်ပိုင်းကိုကိုင်ကာ တစ်ပိုင်းက ပါးစပ်ထဲတွင် စားလက်စကြီးဖြစ်သည်။ ရှောင်ယွင့်လုံကို မြင်သည့်အခါ သူအံ့သြသွားသည်။

“မဂ်လာပါ! ငါတို့ခေါင်းဆောင်က လင်းဖန်ကို ခေါ်လိုက်လို့ပါ။ လာဖို့အဆင်ပြေမလား”   ရှောင်ယွင့်လုံသည် တံခါးဝတွင်ရပ်ကာ လင်းဟောင်ကို  ပြုံး၍ပြောသည်။

ထိုအခါ လင်းဟောင်သည် လှည့်၍အော်ပြောသည်။   “အကိုကြီး ခေါင်းဆောင်ဝူက သူ့နေရာကို လာတွေ့စေချင်လို့တဲ့!”

အခန်းထဲတွင် စားဖို့လုပ်နေသည့်သူများက တံခါးကိုလှည့်ကြည့်ကြသည်။ လင်းဖန်သည် ဆိုဖာမှထကာ တခြားသူများအား   “အမေတို့ အရင်စားနှင့်။ ကျွန်တော် ခေါင်းဆောင်ဝူဆီကို သွားလိုက်ဦးမယ်”   ဒီလိုပြောကာ တံခါးဆီသို့ လျှောက်သွားသည်။

“ခနလေး!”   လင်းဖန်သည် ထွက်လာသည့်အခါ ရှောင်ယွင့်လုံက ပြောသည်။ ထို့နောက် ယွမ်ထန်ရှင်းတို့ အခန်းသို့ တံခါးခေါက်သည်။  
  
လင်းဖန်သည် တံခါးပွင့်လာသည်ကို ငြိမ်ကြည့်နေသည်။ ထို့နောက် ယွမ်ထန်ရှင်းလည်း ဖိတ်ခံရတာ ဖြစ်သည်။ သူတို့နှစ်ယောက်လုံးအား အောက်သို့ ခေါ်သွားသည်။  
Previous Chapter 309 of 410 Next