May Honey Logo May Honey
Previous Next

၂၉၃။ ကလေးဆိုး မုံမုံ

နာရီအချို့မောင်းပြီးသည့်နောက် ကားနှစ်စီးသည် ဆီဆိုင်တွင် ရပ်ကြသည်။

လင်းဖန်တို့သည် သန့်သည့်နေရာတစ်ခုတွင် မြေပုံဖြန့်ချသည်။ လင်းဖန်သည် မြေပုံက နေရာတစ်ခုကို ထောက်ပြ၍ လင်းချငး်အား   “ငါတို့ မမှောင်ခင် ဒီမြို့ကို ရောက်ဖို့လိုတယ်။ ဒီမှာ တစ်ညနားပြီးမှ နက်ဖြန်မနက် ဆက်ထွက်မယ်။ မနက်ဖြန်နေ့လည်လောက်ဆိုရင် ပင်လယ်မြို့တော်ကို ရောက်ပြီ”

လင်းချင်းသည် ခေါင်းငြိမ့်ကာ   “ဒါဆိုရင် ဒီညတည်းဖို့နေရာကို ငါတို့လုပ်လိုက်မယ်”

တစ်ဖက်တွင် လီကျန်းတိုသည် မီးဖိုဖို့ ကျောက်တုံးအချို့ရှာကြသည်။ ထို့နောက် သူတို့သည် ဆီဆိုင်တွင် အပိုင်းပိုင်းဖြစ်နေသည့် သစ်သားပရိဘောဂများကို ထင်းစိုက်ဖို့ ခုတ်ကြသည်။

ချန်ယုတင်းတို့သည် လီကျန်းတို့ဖြင့် မရင်းနှီးကြသေးပေ။ ထို့ကြောင့် သွားနှောင့်ယှက်ဖို့ မကောင်းပေ။ ထို့ကြောင့် သူတို့သည် အနေရခက်စွာဖြင့် ဇွန်ဘီများတိုက်ခိုက်မည်ကို ကာကွယ်ရန် ကင်းစောင့်ပေးနေကြသည်။

“မီးအစွမ်းဘယ်သူရှိလဲ? ငါတို့ကို မီးလာဖိုပေး!”   လီကျန်းသည် သူတို့ကို လှမ်းအော်ပြောသည်။

“ရှု သွားကူချေ!”   ချန်ယုတင်းသည် သူ့အသင်းသားတစ်ယောက်ကို ချက်ချင်းပို့သည်။

ကိုမာဝင်ကာ ဒဏ်ရာရနေသည့် နှစ်ယောက်ကလွဲလျှင် သူတို့အဖွဲ့တွင် ၂၁ယောက်ရှိနေခဲ့တာ ဖြစ်သည်။ လင်းချင်းငှားသည့် ကားသည် မကြီးသော်လည်း သူတို့သည် ကျပ်ညှပ်စွာဖြင့် ထိုင်ရသေးသည်။ မဟုတ်လျှင် အမိုးပေါ်တက်ထိုင်ရသည့်သူများ ရှိမှာအမှန်ပင်။

လင်းချင်းသည် လီကျန်းတို့မီးဖိုကာ အစာပြင်ကြသည်ကို တစ်ချက်ကြည့်သည်။ ထို့နောက် ဆီဆိုင်နောက်က တောင်ကုန်းသို့ သွားလိုက်သည်။ ဒီနေရာသည် အနည်းငယ်ခေါင်ခဲ့သည်။ ဆီဆိုင်နှင့်မုန့်ဆိုင်ကလွဲလျှင် ဆီဆိုင်မှ အလုပ်သမားတို့၏ အိပ်ဆောင်က အနားတွင် ရှိနေနိုင်သည်။

ဒီနေရာသည် တောင်အချို့ကြားတွင် ရှိနေတာ ဖြစ်သည်။ ဆီဆိုင်၏အနောက်က တောင်ကုန်းဆိုလျှင် သစ်တောလေးလိုပင်။ လင်းချင်းသည် သစ်တောထဲကို လျှောက်သွားနေရင် မကြာခင်တွင် အဖြူသဏ္ဍာန် က သစ်ပင်ထိပ်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ 

လင်းချင်းလာသည်ကိုမြင်မှ ချူးလီလီသည် နှုတ်ခမ်းဆူကာ မကျေမနပ်ဖြင့်   “နယ်မြေထဲမှာပဲ နေချင်တယ်။ ဒီနေရာက ဖုံထူတယ်!”

အဆောက်အဦးအမြင့်များ မရှိသဖြင့် ချူးလီလီသည် သစ်ပင်ထိပ်တွင် တက်နေတာ ဖြစ်သည်။ သို့သော်လည်း လေထဲတွင် သူမသည် ဖုန်အနံ့များကို ရနေသေးသည်။

လင်းချင်းသည် ကျောက်တုံးတစ်ခုပေါ်သို့ တက်လိုက်ကာ
“ဒါဆိုရင်လည်း ဒီကိုလာ”

ချူးလီလီသည် ကျောက်တုံးပေါ်သို့ ဆင်းလာကာ လင်းချင်းကို လက်ပေးသည်။ လင်းချင်းသည် သူမ၏လက်ကိုကိုင်ကာ နယ်မြေထဲသို့ ဝင်သွားလိုက်သည်။ 

သူတို့နှစ်ယောက်ကို မြင်သည့်အခါ လျူကျွင်းသည် အံ့သြစွာဖြင့်   “ဘာဖြစ်လို့ ဝင်လာကြတာလဲ?”

ချူးလီလီသည် သူမ၏ဆိုဖာထံသို့ အမြန်သွားကာ ပျင်းရိစွာ လှဲချလိုက်သည်။

“အာ. . .လမ်းမှာ ဖုန်တွေက အရမ်းထူလို့ သူကမကြိုက်တာနဲ့ ငါ့ကိုအထဲကို ထည့်ပေးခိုင်းတာ”
လင်းချင်းက ပြောသည်။

“အခုဘယ်ရောက်နေကြပြီလဲ?”   လျူကျွင်းက မေးသည်။

“ငါတို့အခု ဖူယန်မြို့ကို ဝင်လာပြီ။ ဆီဆိုင်မှာ နားနေကြတာ။ ငါတို့နှစ်နာရီလောက် နားပြီးရင် နေ့လည်အထိ ဆက်မောင်းမယ်။ ညနေကျရင် ယုဟန်ခရိုင်ထဲက မြို့လေးတစ်ခုမှာ တစ်ညတည်းမယ်။ ပြီးရင် မနက်ကျတော့ ပင်လယ်မြို့တော်ဆီသွားမှာ”   လင်းချင်းက ပြောသည်။

“သိပြီ”   လျူကျွင်းက ခေါင်းငြိမ့်ကာ ပြောသည်။

. . .

ထိုအချိ်န်တွင် မုံမုံသည် တောအုပ်၏ တစ်ဖက်တွင် ငှက်များကို လိုက်ဖမ်းနေသည်။ ချူးလီလီ၏ အရှိန်အဝါက ပျောက်သွားသည်ကို ခံစားမိသည့်အခါ သူမသည် ရပ်သွားကာ ချူးလီလီပျောက်သည့်ဘက်ကို ကြည့်သည်။ သို့သော်လည်း သူမ၏အနံ့ကိုသာ ရတော့သည်။ ထို့နောက် လင်းချင်းဆီသို့ အမြန်ပြေးလာတော့သည်။

လင်းချင်းသည် ဆီဆိုင်သို့ ပြန်ဖို့လုပ်နေတာ ဖြစ်သည်။ ရုတ်တရပ် လေပြင်းက သူမ၏မျက်နှာသို့ ဖြတ်တိုက်သည်။ သူမသည် တည်ငြိမ်စွာဖြင့် အမြန်ရှောင်ကာ လှည့်ကြည့်သည့်အခါ ခုနက သူမရပ်ခဲ့သည့် ကျောက်တုံးကို မျက်နှာအပ်၍ အနံ့ခံနေသည့် မုံမုံကို တွေ့လိုက်ရသည်။

“ဘာလဲ?”

“ဂါး”   ‘လီလီဘယ်မှာလဲ? လီလီ?’

မုံမုံသည် ကျောက်တုံးပေါ်တွင်လှဲကာ လင်းချင်းကို သွားဖြဲ၍ မေးနေသဖြင့် လင်းချင်းက စလိုက်သည်။   “ငါစားပစ်လိုက်ပြီ!”

မုံမုံနှင့် ရက်အချို့အတူနေပြီးသည့်အခါ လင်းချင်းသည် သူမက အာရုံနောက်စရာ ကလေးနှင့် တကယ့်ကိုတူကြောင်း ခံစားမိသည်။ သူမသည် ဒေါသအရမ်းကြီးတာ အချိန်တိုင်း တဇွတ်ထိုးနိုင်၍ ကစားရသည်ကို တကယ်နှစ်သက်သည့်သူပင်။

သူမသည် ချူးလီလီအနားတွင် အမြဲနေတက်သည်။ လီလီကို ကြောက်ရသော်လည်း အရမ်းကို သဘောကျနေပုံရသည်။ တုံတုံနှင့် ရှောင်လုတို့သည် သူမ၏ အရုပ်လေးများ ဖြစ်မည်ဆိုလျှင် လီလီက သူမ၏ အရုပ်ကြီးပင်။ ထို့အတူ လီလီသည် သူမအတွက် သူငယ်ချင်းဟု ဝန်ခံလို့ရလောက်မည်။

လင်းချင်းသည် မုံမုံက ဘာဖြစ်လို့ ဒေါသထွက်သွားသလဲ မသိသောလည်း သူမကို စနောက်ချင်နေသည်။   “ဂါး!”   ‘လိမ်နေတာ!’   မုံမုံသည် အော်ကာ လင်းချင်းကို ခုန်အုပ်ဖို့လုပ်သည်။

“ငါလိမ်မှန်း နင်သိရင်လည်း ဘာဖြစ်လို့ စိုးရိမ်နေတာလဲ?”   လင်းချင်းသည် နောက်သို့ဆုတ်လိုက်ကာ သစ်ပင်ပေါ်သို့ လေထဲတွင် လှိမ့်တက်သွားကာ ပျင်းရိစွာဖြင့် ဖြေသည်။

“ဂါး!”   ‘ဂရုမစိုက်ဘူးဟာ! လီလီကို ထုတ်ပေး!’   မုံမုံသည် သူမ၏စကားများကို လျစ်လျူရှုကာ သူမကို ထပ်တိုက်ဖို့ လုပ်သည်။

“ငါသူ့ကို ပြန်ပေးဆွဲတာ မဟုတ်ဘူး!”   လင်းချင်းက ကူကယ်ရာမဲ့စွာဖြေသည်။   “သူဝင်သွားချင်တာ”   သစ်ပင်ပေါ်က ခုန်ချကာ ပြောသည်။

လင်းချင်းက မြေပြင်ပေါ်သို့ မကျခင် ခုန်တက်နေသည့် မုံမုံသည် လေထဲတွင် ကိုယ်ကိုလှည့်လိုက်ကာ သစ်ပင်ပေါ်သို့ နင်းလိုက်ပြီး လင်းချင်းကို ခုန်အုပ်ဖို့ လုပ်ပြန်သည်။

လင်းချင်းသည် သူမနှင့် ဆော့နေတာ ဖြစ်သဖြင့် သူမ၏တိုက်ခိုက်မှုများကို အတည်ရှောင်ဖို့ မလုပ်ပေ။ ထို့ကြောင့် သူမ၏ကျောကို မုံမုံက ဖမ်းလိုက်ခြင်း ခံရသည်။

မုံမုံသည် ကျောပေါ်တက်၍ ခြေနှစ်ဖက်က သူမ၏ခါးကိုသိုင်းကာ လက်က လည်ပင်းကို အတင်းဖက်ထားသည်။   “ဂါး!”   ‘မသိဘူး! လီလီကို ထုတ်ပေး!’

လင်းချင်းသည် သူမကိုသူမ မတ်အောင်ရပ်ကာ မုံမုံကို ဘာပြောရမယ်မှန်း မသိတော့ပေ။   “နင်ဘာလုပ်နေတာလဲ? လီလီက အပြင်မှာ နေရတာ မကြိုက်ဘူး။ တစ်လမ်းလုံး ဖုန်ထူနေလို့။ အပြင်မှာ မနေချင်တဲ့သူကို ငါကဘာလုပ်ပေးရမှာလဲ? ဆင်း!”

“ဂါး! ဂါး!”   ‘မရဘူး! မရဘူး!’   မုံမုံသည် လင်းချင်း၏ ကျောပေါ်တွင်တွယ်ထားရင်းဖြင့် ခေါင်းကို အသေခါသည်။

လင်းချင်းသည် အမြန်ခေါင်းမော့ကာ မုံမုံအား တားသည်။   “ရပ်! တော်တော့ ဆင်းစမ်း!”

သို့သော်လည်း မုံမုံသည် ခေါင်းကိုပိုမြန်အောင် ခါပြသည်။ လင်းချင်းသည် သူမကို ဆွဲချဖို့လုပ်သော်လည်း မရဘဲ လင်းချင်း၏ခေါင်းကို လက်သည်းများဖြင့် ကိုင်တော့သည်။

လင်းချင်းသည် တစ်ချိန်တည်းတွင် ရယ်ချင်လာကာ စိတ်လည်းရှုပ်နေမိသည်။ မုံမုံ၏လက်များကို အတင်းဆွဲချဖို့လုပ်သည်။   “ငါ့ကိုကုတ်နေလည်း မရဘူး။ လီလီက ထွက်မလာချင်ဘူး။ ငါကဘာလုပ်ရမှာလဲ?”

မုံမုံသည် သူမကို လွှတ်ကိုမပေးပေ။ တစ်ယောက်က ကုတ်တွယ်နေကာ တစ်ယောက် ဆွဲချနေသဖြင့် လင်းချင်း၏ ဦးထုပ်သည် ကျွတ်ကျတော့သည်။ 

မုံမုံသည် မကျေနပ်စွာဖြင့် လင်းချင်း၏ ကတုံးပြောင်ကို လက်ဝါးဖြန့်ကာ ချလေသည်။

သူမသည် ဆင်းဖို့ငြင်းနေမှတော့ လင်းချင်းက ခြိမ်းခြောက်ရသည်။   “နင်ဒီလိုလုပ်နေမယ်ဆိုရင် လီလီကို နင့်ကိုဖျောက်ဖို့ ခိုင်းလိုက်မှာနော် ငါ့စကားနားထောင်မှာလား? နားမထောင်ဘူးလား?”

သူမစကားက မုံမုံကို စိတ်ဆိုးသွားစေသည်။ ထို့ကြောင့် သူမသည် လင်းချင်း၏ ကတုံးပြောင်ကို ကိုက်တော့သည်။

“အား! ချီး! မိစ္ဆာမလေး! ငါ့ခေါင်းကို နင့်သွားရည်တွေနဲ့!”   လင်းချင်းသည် ထအော်တော့သည်။ မုံမုံကိုက်သည်က မနာသော်လည်း သူမ၏ ခေါင်းသည် ချွဲကျိကျိဖြင့် ယားနေသလို ခံစားရတာတော့ အမှန်ပင်။ သူမသည် ထပ်ပြီးတော့ မတည်ငြိမ်နိုင်တော့သဖြင့် လက်တွင်အားထည့်ကာ မုံမုံကို ပစ်ပေါက်လိုက်တော့သည်။

“ဂါး!”   လင်းချင်းထံမှ ကိုင်ပေါက်ခံရသည့် မုံမုံသည် ကြောင်တစ်ကောင်လို လျှင်မြန်စွာ ကျသွားကာ လင်းချင်းကို သွားဖြဲ၍ အော်ပြန်သည်။

လင်းချင်းသည် ဆွံ့အနေသည်။   ‘ချီးပဲ! ငါဒီ​ောက်ကလေးကို ဘယ်လိုမှ အလိုမလိုက်နိုင်ဘူးဟေ့!’  
Previous Chapter 293 of 410 Next