၃၉၃။ သစ္စာမရှိတဲ့ မိန်းမ
လင်းချင်းသည် အုပ်ချုပ်ရေးရုံးဘေးက အိုဟောင်းနေသည့် အဆောက်အဦးသို့ ဝင်လိုက်သည်။ သုံးထပ်တိုက်အဟောင်းလေးတစ်ခုဖြစ်ကာ တံခါးများကို သော့ပိတ်မထားပေ။ လင်းချင်းသည် သုံးထပ်သို့တပ်သည့် လှေကားကနေ တက်လိုက်သည်။ လှေကား၏ဘေးတွင် အခန်းနှစ်ခုစီ ရှိတာဖြစ်သည်။
လင်းချင်းသည် လှေကားကနေ တက်လာသည့်အခါ ခနရပ်လိုက်သည်။ လူတစ်ယောက်သည် အခန်းတစ်ခု၏ အရှေ့တွင် ကျယ်လောင်စွာ တံခါးကိုခေါက်နေသောကြောင့် ဖြစ်သည်။
‘ဒီမှာတစ်ခုခုဖြစ်နေတယ်!’ သူမတွေးလိုက်သည်။
သူမသည် ထိုယောက်ျား၏အနားသို့သွားကာ သေချာစူးစမ်းကြည့်လိုက်သည်။ ကျော့မော့နေသည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် အဆင့်၄ စွမ်းအားရှင် ဖြစ်သည်။ ထိုဝတ်စုံသည် ရိုးရှင်းနေ၍ ကြည့်ကောင်းကာ ဒီယောက်ျား၏ အရပ်ရှည်ကာ ပိန်သွယ်သည့်ကိုယ်အား ထင်ရှားနေစေသည်။ သို့သော်လည်း ဝတ်စုံကတော့ ဟောင်းနေပုံရသည်။
သူနှင့် ၂မီတာလောက် ဝေးသည့်နေရာကနေ လင်းချင်းသည် ဆိုးဝါးသည့် အနံ့ကို ရလိုက်သည်။ သူမသည် ဇွန်ဘီဖြစ်ခဲ့သောကြောင့် အနံ့ခံကောင်းနေခြင်းလည်း ဖြစ်နိုင်ပါသည်။
ဒီလူသည် အသက်၃၀ကျော်ဖြစ်ကာ ရုပ်မဆိုးသလို ရုပ်လည်းမချောပေ။ သာမန်ရုပ်ရည်ရှိသူ တစ်ယောက်ပင် ဖြစ်သည်။ တံခါးကို အကြိမ်ကြိမ်ထုသည့်တိုင် ဘာမှမတုန့်ပြန်လာသဖြင့် သူသည် အိတ်ကပ်ထဲကနေ သော့ကိုထုတ်လိုက်သည်။ ထို့နောက် သော့ကိုထိုးထည့်ကာ လှည့်ဖွင့်လိုက်သည်။ ထိုအခါ တံခါးသည် ပွင့်သွားသည်။
“ဟွမ်ရှောင်ချင်း! အိမ်မှာရှိနေမှန်းသိတယ်။ တံခါးဖွင့်မပေးလို့ ကိုယ့်ဟာကိုယ် ဝင်လာလိုက်ပြီ။ ငါအခု ဝင်လာပြီ! ဆက်ပုန်းနေဦးမှာလား?” ထိုလူသည် တံခါးဖွင့်လိုက်သော်လည်း ချက်ချင်းမဝင်ဘဲ တံခါးကိုဖွင့်ထားကာ ဂုဏ်ယူကာ တောက်ပနေသည့် မျက်လုံးများဖြင့် အော်ပြောလိုက်တာ ဖြစ်သည်။
သို့သော်လည်း အိမ်ခန်းထဲသို့ ဝင်လိုက်သည်နှင့် သူ့အပြုံးသည် တောင့်ခဲသွားသည်။ လင်းချင်းသည် သူ့အနောက်တွင်ရှိနေလေရာ သူ့စိတ်အပြောင်းလဲကို ခံစားမိသဖြင့် သူမလည်း စပ်စုစွာဖြင့် အခန်းထဲကို ကြည့်လိုက်သည်။ ထိုအခါ သူမသည် နားလည်သလို အကြည့်များဖြစ်သွားသည်။
ဒီယောက်ျားက တောင့်ခဲသွားသည်မှာ အံ့သြစရာမရှိပေ။ အခန်းထဲက ဆိုဖာပေါ်တွင် အမျိုးသမီးတစ်ယောက်သည် တခြားယောက်ျားတစ်ယောက်ဖြင့် ဖက်၍ထိုင်နေကာ တံခါးဖွင့်လာသည့် ယောက်ျားအား နှစ်ယောက်သားက အထင်သေးသလို ကြည့်နေတာ ဖြစ်သည်။
သို့သော်လည်း လင်းချင်းသည် ဒီလူများကို စိတ်မဝင်စားဘဲ အခန်းထောင့်တွင် ကြိုးတုပ်ထားခံရသူကိုသာ ကြည့်လိုက်သည်။
ထိုယောက်ျားသည် ခေါင်းကိုငုံ၍ ထိုင်နေသည်မှာ ငြိမ်လွန်း၍ မရှိသည့်လူ တစ်ယောက်လိုပင်။ ထို့ကြောင့် တံခါးဝက ယောက်ျားသည်လည်း သူ့အားသတိမထားမိတာ ဖြစ်သည်။
ဆိုဖာပေါ်က အမျိုးသမီးသည် တံခါးဝက ယောက်ျားအား မကျေနပ်စွာဖြင့် ပြောသည်။
“ဒီမှာဘာလုပ်နေတာလဲ? ဒီကိုထပ်မလာဖို့ ငါပြောထားတယ်မလား။ ဒါတောင် နင်ကငါ့အိမ်သော့ကို ပွားယူထားလိုက်သေးတယ်။ မကောင်းတာ တစ်ခုခု လုပ်မလို့လား?”
တံခါးက လူ၏မျက်နှာသည် ချက်ချင်းပြောင်းသွားသည်။ သူသည် စိတ်တိုစွာဖြင့် ဝင်လာကာ ထိုမိန်းမဘေးတွင် ထိုင်နေသည့် ယောက်ျာအား လက်ညိုးထိုးပြ၍ “ဒါဘယ်သူလဲ? မင်းက ကစားဖို့လူရှာတွေ့တာ ဒီလောက်မြန်တယ်လား? မင်းပဲကောင်းတယ်!” သူသည် အထင်သေးစွာ ပြောသည်။
အမျိုးသမီး၏ မျက်နှာသည် ချက်ချင်းရဲတွတ်သွားကာ အမျိုးသားအား ပြန်အော်သည်။ “ဘာတွေပြောနေတာလဲ! ကစားစရာလူမဟုတ်ဘူး! ငါကနင့်လိုကောင်မျိုးနဲ့ အတူနေဖို့ သဘောတူမယ်လို့ နင်ထင်နေတာလား? အိပ်မက် ဆက်မက်နေလိုက်! စခန်းမှာ နင့်ထက် အများကြီးလုပ်ရည်ကိုင်ရည်ရှိတဲ့ ယောက်ျားတွေဆိုတာ တပုံကြီး”
လင်းချင်းသည် ထိုယောက်ျားနောက်ကနေ အခန်းထဲသို့ လိုက်ဝင်လာကာ အမျိုးသမီးကို ကြည့်လိုက်သည်။ ဒီအမျိုးသမီးသည် သာမန်လူဖြစ်သော်လည်း သူမ၏ အဝတ်များသည် အသစ်နီးပါးဖြစ်နေကာ အရည်အသွေးလည်း ကောင်းသည်။ သူမသည် အခန်းကို တစ်ချက်ကြည့်လိုက်သည်။ အခန်းသည်လည်း သေချာကို ပြင်ဆင်ထားကာ ပရိဘောဂများသည်လည်း အသစ်နီးနီးဖြစ်သည်။ ဟောင်းနေတာများကို မြင်ရခဲသည့် အနေအထားပင်။
သေချာသည်က ဒီမိန်းမကလွဲ၍ ဒီနေရာမှာ တခြားလုပ်ရည်ကိုင်ရည်ရှိသည့်သူ တစ်ယောက်နေပုံ ဖြစ်သည်။ မဟုတ်လျှင် သာမန်လူက ဘယ်လိုလုပ်၍ ဒီလိုအဆောက်အဦးမျိုးက ပရိဘောဂများစွာရှိသည့် အခန်းတွင် နေနိုင်မည်နည်း။ ဒါသည် ကမ္ဘာပျက်ခေတ်တွင် အတော်လေးကို နေလို့ကောင်းသည့်နေရာ ဖြစ်သည်။
ဆံပင်ရှည်ဖြင့် အမျိုးသမီးသည် အတော်လှသည်။ ရင်သက်ရှုမောလောက်သည့် အလှလေး မဟုတ်သော်လည်း ငယ်ရွယ်ကာ လှပသေးသည်။ သို့သော်လည်း လင်းချင်းကတော့ သူမထံက အရှိန်အဝါကို မကြိုက်ပေ။
သူမသည် ၂၇နှစ် ၂၈နှစ်လောက်ပဲ ရှိလောက်သေးကာ ရင်ဘတ်ဟိုက်သည့် တီရှပ်နှင့် စကပ်ကျပ်ကျပ်တို့ကို ဝတ်ထားကာ ၇စင်တီမီတာမြင့်သည့် ဒေါက်ဖိနပ်ကို စီးထား၍ သူမ၏အနည်းငယ်တုတ်သည့် ခြေထောက်များကို ထင်းနေအောင် ပြထားသည်။
အရင်ခေတ်မျိုးတွင် ဒီလိုမျိုးသာ ဝတ်ဆင်နေပါက မိန်းမပျက်ဟု ပတ်ဝန်းကျင်မှာ ထင်ရနိုင်သည်။ လင်းချင်းသည် ဒီလိုဆွဲဆောင်မှုအား ပြင်းလွန်းသည့် အဝတ်များကို မကြိုက်ပေ။ ဒီလိုအဝတ်မျိုးက ယောက်ျားတို့အား ဆွဲဆောင်ဖျားယောင်းလွန်းသည်ဟု သူမထင်သည်။ လက်ရှိအခြေအနေအရ ဒီအမျိုးသမီးနှင့် ဒီယောက်ျားတို့ကြားက ဆက်ဆံရေးသည် အနည်းငယ် ရှုပ်ထွေးနေပုံရသည်။
ဆိုဖာတွင်ထိုင်နေသည့်သူသည် အဆင့်၅စွမ်းအားရှင် ဖြစ်သည်။ သူကလည်း ချောတာမဟုတ်ပင်မယ့် အခုတံခါးကနေ ဝင်လာသည့်သူထက်တော့ အနည်းငယ် ငယ်ပုံရသည်။ သူသည် ဂျင်းဘောင်းဘီနှင့် တီရှပ်ကို သန့်ပြန့်စွာ ဝတ်ထားကာ ဆိုဖာပေါ်တွင် ပျင်းရိစွာဖြင့် နောက်ကိုမှီထိုင်နေသည်။
“ဟေ့! အပြောအဆိုကို သတိထား။ အခုအချိန်မှာ ဟွမ်ရှောင်ချင်းက ငါ့မိန်းမ။ သူ့အရင်ဘဲက ငါ့ကိုပေးထားတယ်။ မင်းက ဘယ်သူလဲ?”
ဒီလိုပြောကာ အခန်းထောင့်ကလူအား လက်ညိုးထိုး၍ ပြောသည်။ ထိုလူသည် တစ်ချိန်လုံး ခေါင်းကိုငုံထိုင်နေသဖြင့် အခန်းထဲတွင် တတိယမြောက် ယောက်ျားရှိနေသည်ကို သတိမထားမိပေ။
အံ့သြမှုနှင့် သံသယတို့နှင့်အတူ ထောင့်ကလူအား သူတို့ကိုကြည့်ပြီး “မင်းက. . .ရှဲ့တုန်း?”
ထောင့်ကလူသည် ပြန်လည်းမဖြေသလို ဘာမှလည်း မလှုပ်ပေ။ သူသည် ထိုနေရာတွင်သာ ငြိမ်သက်စွာ ထိုင်နေသည်။
ဝတ်စုံအဟောင်းကို ဝတ်ထားသည့်သူသည် သူ့အားအကြာကြီး စိုက်ကြည့်နေပြီးနောက် ဆိုဖာပေါ်က ယောက်ျားနှင့် မိန်းမကို တစ်ချက်ကြည်ကာ နောက်ဆုံးတော့ လှည့်ထွက်သည်။
“ခနလေး! ငါ့အခန်းသော့ကို ထားခဲ့!”
ဟွမ်ရှောင်ချင်းသည် သူ့အား အော်ပြောသည်။
ထိုလူသည် သော့အားကြမ်းပြင်ပေါ်သို့ ပစ်ချခဲ့ကာ အမြန်ထွက်သွားပြီး တံခါးကိုတောင် ပြန်မပိတ်ခဲ့တော့ပေ။
“ငါ့သော့ကို ခိုးပြီးတော့ ပွားထားသေးတယ်! တော်သေးတာက နေ့ပိုင်းရောက်လာလို့ ညသာပေါ်လာလို့ကတော့ ငါဒုက္ခများပြီ” ဟွမ်ရှောင်းချင်းသည် စိတ်တိုစွာဖြင့် တံခါးကို သွားပိတ်ကာ ပြောသည်။
သူမသည် ဆိုဖာသို့ ပြန်လာသည့်အခါ ကြမ်းပြင်တွင် ပစ်ချခဲ့သည့်သော့အား ကုန်း၍ကောက်ယူသည်။ ဒီလိုကောက်စဉ်တွင် သူမ၏ တင်ပါးလုံးလုံးဝိုင်းဝိုင်းကို ဆိုဖာကလူမြင်အောင် တမင်မြင့်မြင့်မြှောက်ထား၍ သွေးများဆူပွက်အောင် တမင်ကောက်ပြတာ ဖြစ်သည်။
ထိုလူသည် သူမ၏တင်ပါးကို ကြည့်၍ သွားရည်များကို မြိုချနေသည်။ အမျိုးသမီးက သူ့အနားကို ပြန်လာသည့်အခါ ခါးကိုဖက်၍ သူ့၏ပေါင်ပေါ်တွင် ထိုင်စေသည်။ သူ့လက်များသည် သူမ၏တစ်ကိုယ်လုံးကို လျှောက်သွားနေသည်။
“အဟင်း ဒီလိုမလုပ်ပါနဲ့။ အခန်းထဲမှာ တခြားသူရှိသေးတယ်လို့”
အမျိုးသမီးသည် ရယ်ကာ ပြောသည်။ သို့သော်လည်း သူမ၏လေသံသည် ငြင်းဆိုနေသည့် အသံမျိုးကို လုံးဝကို ပေါက်မနေပေ။
ထိုလူသည် အခန်းထောင့်တွင်ထိုင်နေသည့် ရှဲ့တုန်းအားကြည့်ကာ အထင်သေးစွာဖြင့် “ဒါဘာဖြစ်လို့လဲ? ငါတို့သူ့ကို အလကားကြည့်ခိုင်းလို့ မရဘူးလား? ဟမ်? လာစမ်းပါ။ ငါနမ်းချင်လို့” ဒီလိုပြောကာ အမျိုးသမီး၏ လည်တိုင်ကို စတင်၍ နမ်းတော့သည်။
အမျိုးသမီးသည် ရှောင်ဖို့လုပ်ရင်း ရယ်ကာ ပြောသည်။ “အခု ငါတို့ ဘယ်လိုလုပ်ကြမလဲ? ငါတို့သူ့ကို ကန်ထုတ်လိုက်ရမလား? ဒါပင်မယ့် ဒီအဆောက်အဦးက သူ့နာမည်ပေါက်ကြီး။ သူက ငါ့နာမည်ကို ဖျက်ပစ်လိုက်လို့ကတော့ ငါဒီမှာဆက်နေလို့ မရလောက်တော့ဘူး”
အမျိုးသားသည် အမျိုးသမီး၏ကိုယ်အား ထိနေရင်းက ဂရုမစိုက်စွာဖြင့် “မင်းဆန္ဒရှိရင် ငါသူ့ကို လုံခြုံရေးဌာနကို ပို့ပြီးတော့ ယန်းချောင်းရဲ့လူလို့ ပြောလိုက်မယ်။ ဒါဆိုရင် သူအသက်ရှင်လျှက် ထွက်လာနိုင်မှာ မဟုတ်ဘူး”